၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို
ရိုသေကြစေ၊ သာမဏေက
သူငယ်စ,သား၊ တပည့်များကို
မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်
ဆုံးမသင်သည်၊ ၀မ်းတွင်းအမြဲသွတ်။
၂။ ဂယောက်ဂယက်၊ ကျက်ကျက်ပျောက်ပျောက်
စားသောက်အိပ်နေ၊ မရှိစေနှင့်
သေသေသပ်သပ်၊ စိတ်ယူစွဲ၍၊ အမြဲမှတ်။
၃။ ဆရာသမား၊ မိဘအားကို
နိုးကြားမပျက်၊ မျက်သစ်ဒန်ပူ
လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။
၎။ ဘုရားခြေရင်း၊ ကျောင်းတလင်းတွင်
မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်
မတင့်တယ်သော်၊ လှည်းဖယ်မပြတ်၊ တံမြက်ခတ်။
၅။ သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်
ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်၊ သွား၍ခပ်။
၆။ ရေခပ်သွားလည်း၊ ကစား၍သာ မနေနှင့်
ကစား၍သာ၊ ရေမှာကြာသော်
သဲဒဏ်ရေဒဏ်၊ ပေးရမှန်သည်
ခံမည်သာကြံတော့၊ မင်းတို့ကျော။
၇။ နေ့ညဥ့်နံနက်၊ ကိန်းစက်မွေ့ရာ
သင်ဖြူးဖျာကို၊ ခင်းကာယူငြား၊ ခေါက်သွင်းထား။
၈။ သင်္ကန်းသပိတ်၊ ပရိက္ခရာ
ကြွသွားခါသော်၊ ယူရာသည်များ၊ ပြင်၍ထား။
၉။ ခရီးပန်းပင်၊ လာသည်မြင်သော်
အလျင်လှမ်းယူ၊ ၀တ်သင်္ကန်းကို
ချွေးစွန်းမူကား၊ နေပူဖြန့်လွှား၊ သွင်းခေါက်ထား။
၁၀။ ရေချမ်းကပ်လျက်၊ ခြေလက်ဆုပ်နယ်
မှုကြီးငယ်ကို၊ လွှဲဖယ်မသွား
ယပ်လေခတ်၍၊ နေထံပါး။
၁၁။ ကိုယ်လက်ဖိန်း၍၊ ကိန်းစက်သောခါ
တစာစာနှင့်၊ ပြာပြာလောင်လောင်
တဖောင်ဖောင်သည်၊ ခေါင်ခေါင်ကြမ်းကို မနင်းနှင့်။
{၁၉၈၃ ခု-နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သင်ခန်းစာမှ
မှတ်ယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment