Thursday, November 29, 2018
သာသနာတော်တွင်မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား တစ်ပိုင်တစ်နိုင် ပြန်လည်ဖေးမမြင့်တင်လိုသော မဟာဝိဟာရကျောင်းတိုက်ဆရာတော် အရှင်ဝိဇ္ဖာနန္ဒ၏ ထေရုပ္ပတ္တိ။
ဆရာတော် အရှင်ဝိဇ္ဖာနန္ဒသည် တောရဆောက်တည်၍ ၀ိနည်းသာသနာ ပိုမိုထွန်းကား
တိုးတက်ပြီး အရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ ဆုတ်ကပ်ကာလ၌ သာသနာတော်တွင်
မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား စွမ်းနိုင်သလောက် တစ်ပိုင်တစ်နိုင်
ပြန်လည်ဖေးမမြင့်တင်လိုသော စေတနာတို့ကြောင့်လည်းကောင်း၊ ၀ိနည်းသည် သာသနာ၏
အသက်ဖြစ်သည်ဟူသော ဘုရားရှင်၏ အဆုံးအမကို အလုပ်ဖြင့်သက်သေပြရန် အဓိဌာန်တို့ဖြင့်
လည်းကောင်း၊ သာသနာတော်၏ အဓိကမူလနှင့် အခြေခံ အသက်သွေးကြောဖြစ်သည့် ပရိယတ္တိ
သာသနာ ပြန့်ပွားရေးအတွက် စွမ်းဆောင်ရင်း ပဋိပတ္တိသာသနာ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်
ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ဖွံ့ဖြိုးပြီးသကာလ ပဋိဝေဓသာသနာတော်သို့ ဉာဏ်အမြင်
ဆိုက်ရောက်ရန်ဟူသော သာသနာတော်အပေါ်၌ ထားရှိသည့် ရည်ရွယ်ချက်၊ စေတနာ၊ သဒ္ဓါစွမ်းအား၊
ယုံကြည်ချက် အဓိဌာန်များဖြင့် မဟာဝိဟာရကျောင်းတိုက်၏ တောရ၀ိနည်း သာသနာအဓိပ္ပါယ်အား
အလေးအနက် ဖော်ဆောင်ကြိုးပမ်းနေသည့် ဆရာတော်တစ်ပါးဖြစ်ပါသည်။
ဆရာတော်လောင်းလျာကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ချောင်းရွာမှာ
ခမည်းတော်ဦးသာထွန်းဖြူနှင့် မယ်တော် မညွှန့်စိန်တို့က ၁၃၂၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၆)ရက်
နေ့မှာ မွေးဖွားပါတယ်။ မွေးချင်း (၆)ယောက်အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။ မိဘတွေက
လယ်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။
ဆရာတော်လောင်းလျာ (၁၄)နှစ်သားအရွယ်၊ ၁၃၃၈ ခုနှစ်မှာ မွေးဖွားရာရွာနဲ့ တစ်မိုင်ခွဲလောက်
ဝေးတဲ့ မဟာရာမ်တောရကျောင်းမှာ သာမဏေ၀တ်ပြီး သာသနာ့ဘောင်သို့ဝင်ခဲ့ပါတယ်။ (အဲဒီ တောရ
ကျောင်းက ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ် ပုလဲသတိပဌာန်ဆရာတော်ကြီးရဲ့ ကျောင်းဖြစ်ပါတယ်။)
တောရပျော် သာမဏေဘ၀နဲ့ ၀ိနည်းတော်နဲ့အညီ နေထိုင်ရင်း တရားအားထုတ်ပြီး (၄)နှစ်နေခဲ့ပါတယ်။
အဲဒီနောက် သထုံမြို့၊ ဟိတကာရီစာသင်တိုက်ကိုရောက်ပြီး ပရိယတ္တိစာပေသင်ယူခဲ့ကာ ပထမငယ်
အောင်ခဲ့ပါတယ်။ ထို့နောက် အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ ကျောက်ပန်းတောင်း အောင်မြေရတနာ
စာသင်တိုက်ရောက်ပြီး ပထမလတ်နဲ့ ပထမကြီးတန်းတွေ အောင်မြင်ခဲ့ပါတယ်။
ဓမ္မစရိယစာဝါတွေကိုတော့ ပဲခူးကြခတ်ဝိုင်း၊ မန္တလေးမစိုးရိမ်တိုက်သစ်နဲ့ စစ်ကိုင်းတောင်က
ဟံသာဂီရိဆရာတော်ကြီးတို့ထံမှာ ဆည်းပူးခဲ့ပါတယ်။ ဓမ္မာစရိယတစ်ကျမ်းအောင်တော့ အောင်မြေ
ရတနာစာသင်တိုက်မှာ စာချကိုယ်တော်တစ်ဖက်ကလုပ်ပြီး တစ်ဖက်က ဓမ္မစရိယစာမေးပွဲ ဖြေပါတယ်။
အသက်(၂၅)နှစ်မှာ ရေနံချောင်းရတနာဘုံစံကျောင်းမှ ၀င်ဖြေပြီး ဓမ္မစရိယအောင်မြင်ခဲ့ပါတယ်။
(အဲဒီတုန်းက ကျောက်ပန်းတောင်းမှာ ဓမ္မစရိယစာဖြေဌာန မရှိလို့ပါ။)
အဲဒီနောက် ပခုက္ကူမဟာဝိသုတာရာမအလယ်တိုက်ကြီးမှာ နိကာယ်စာဝါကြီးများ သင်ယူခဲ့ပါတယ်။
အသက်(၃၆)နှစ်အထိ ကျောက်ပန်းတောင်း အောင်မြေရတနာစာသင်တိုက်နဲ့ ပုဂံညောင်ဦး အလိုတော်ပြည့်
ကျောင်းတိုက်တို့မှာ စာချခဲ့ပြီး၊ အသက်(၃၆)နှစ်မှာ တောရဆောက်တည်ခဲ့ပါတယ်။
ပထမဆုံး ပေါင်မြို့နယ်၊ သပတ်အိုင်တောရမှာ တစ်ဝါဆောက်တည်ခဲ့ပါတယ်။ အဲဒီကမှ သံတွဲ
ပုလဲကျွန်းနဲ့ ဂျိတ်တောဘက်က အမတတောင်မှာ ဆောက်တည်ခဲ့ပြီးနောက် ရမည်းသင်း၊ နဘူးကျင်း
တောရဆရာတော်ကြီးဆီရောက်ပါတယ်။ အဲဒီကမှ အခုမဟာဝိဟာရတောရကျောင်းကို ရောက်လာပါတယ်။
ကမ္မဌာန်းနည်းနဲ့ပတ်သက်လို့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့နည်းကိုတော့ ငယ်စဉ်ကပဲ
ဆရာသမားများသင်ပြလို့ အဲဒီနည်းနဲ့ အားထုတ်ပါတယ်။ ညောင်လွန့်နည်းကိုလည်း ညောင်လွန့်တောရ
ဆရာတော်ကြီးရဲ့တပည့် ထီးလှိုင်ဆရာတော်ကြီးဆီမှာ တစ်ဝါတပည့်ခံ အားထုတ်ခဲ့ဖူးပါတယ်။ ယခုအခါ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖိုးဒေါနကုန်းကျေးရွာ မဟာဝိဟာရကျောင်းတိုက် နာယကဆရာ
တော်အဖြစ် တပည့်သံဃာ (၉၁၃ ပါး) အပါးတစ်ထောင်နီးပါးနှင့်အတူ သီတင်းသုံးနေထိုင်လျက်ရှိပါတယ်။
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် နံနက် ၅း၀၈ အချိန် မှော်ဘီမြို့မဟာဝိဟာရကျောင်းတိုက်ဝင်း
ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စအဖွဲ့ရုံးခန်း)
(မဟာဝိဟာရကျောင်းတိုက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment