ဖွားဖက်တော် အရှင်အာနန္ဒာလောင်းအား ဖွားမြင်ပြီး၊ မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့်ကျော် (၃) ရက်
တနင်္လာနေ့တွင် မိထွေးတော်ဂေါတမီက ညီတော်နန္ဒမင်းသားအား ဖွားမြင်ပါတယ်။ မယ်တော်မာယာက
ဘုရားလောင်းမွေးဖွားပြီး (၇) ရက်မြောက်နေ့မှာ ကံကုန်သွားပါတယ်။ မိထွေးတော်ဂေါတမီက သူရဲ့သားအရင်း
နန္ဒမင်းသားကို နို့ထိန်းတွေလက်အပ်ပြီး သိဒ္ဓတ္ထမင်းသားကို သူကိုယ်တိုင် နို့ချိုတိုက်ပြီးပြုစုကျွေးမွေးကာ
သိဒ္ဓတ္ထမင်းသား တောထွက်သည့် မဟာသက္ကရာဇ်(၉၇)ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့ သက်တော် (၂၉) နှစ်
နှင့် (၂) လ တိုင်အောင် ချက်ပြုတ်ကျွေးမွေးစောင့်ရှောက်ပါတယ်။ ဘုရားဖြစ်ပြီး (၁) နှစ်အကြာ နေပြည်တော်သို့
ပြန်ရောက်တဲ့အချိန် မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဝတ်ဖို့ ကိုယ်တိုင်ချည်ငင်ပြီး ကိုယ်တိုင်ရက်ပါတယ်။
ဘုရားကိုလှူဖို့ သင်္ကန်းကို အဲဒီလို မြတ်မြတ်နိုးနိုး ရက်လုပ်ပြီးတဲ့အခါမှာ သင်္ကန်းတစ်စုံကို ယူလာပြီး
မြတ်စွာဘုရားကို လျှောက်ပါတယ်။ " အရှင်ဘုရား၊ ဒီသင်္ကန်းဟာ တပည့်တော်ကိုယ်တိုင် ချည်ငင်ပြီး ကိုယ်တိုင်
ရက်လုပ်တာပါ။ အရှင်ဘုရားကို ကပ် လှူချင်လွန်းလို့ ကိုယ်တိုင်ရက်လုပ်ထားတဲ့ ဒီ သင်္ကန်းလျာအ၀တ်ကို
တပည့်တော်မအား ကရုဏာထားသောအားဖြင့် အလှူခံတော်မူပါ " လို့ လျှောက်ပါတယ်။ မြတ်စွာဘုရားက
" သံဃေဂေါတမီ ဒေဟိ " လို့ မိန့်တော်မူပါတယ်။ မိထွေးတော်ဂေါတမီ သံဃာကို လှူလိုက်ပါ။ သံဃာကို
လှူလိုက်မယ်ဆိုရင် ငါ့ကိုရည်မှန်းထားတာမို့ ငါ့ကိုလည်း လှူပြီးသားဖြစ်တယ်။ သံဃာကိုလည်း လှူပြီးသား
ဖြစ်တယ်။ " မြတ်စွာဘုရားက သူကိုယ်တိုင် လက်မခံဘဲနဲ့ သံဃာကို လှူခိုင်းပါတယ်။ "
မိထွေးတော် ဂေါတမီက ဇွဲမလျော့ဘူး။ ဒုတိယအကြိမ် " တပည့်တော်မကို သနားသဖြင့် အရှင်ဘုရား
ကိုယ်တိုင် ၀တ်ရုံပါ " လို့ မြတ်စွာဘုရားကို လျှောက်ပါတယ်။ မြတ်စွာဘုရားက လက်ကာပြီး
" သံဃေဂေါတမီ ဒေဟိ " လို့ မိန့်တော်မူပြန်ပါတယ်။ မိထွေးတော်ဂေါတမီ သံဃာကိုလှူလိုက်ပါ။ (၉၂) နှစ်အရွယ်
မိထွေးတော် ဂေါတမီက တတိယအကြိမ် " သားတော်မြတ်စွာဘုရား၊ သားတော်မြတ်စွာဘုရားနဲ့ ခွဲခွာရတာ
(၇) နှစ် ကြာပါပြီ၊ (၇) နှစ်တာခွဲခွာရတဲ့ကာလမှာ တပည့်တော်မရဲ့စိတ်ထဲသားတော်ကို သံယောဇဉ်ကြီးမားစွာနဲ့
စောင့်မျှော်နေပါတယ်ဘုရား၊ တပည့်တော်မအား သနားသဖြင့် လက်ခံတော်မူပါဘုရား " လို့ မြတ်စွာဘုရားကို
လျှောက်ပါတယ်။ မြတ်စွာဘုရားက " သံဃေဂေါတမီ ဒေဟိ " လို့ တတိယအကြိမ်မိန့်တော်မူပြန်ပါတယ်။
မိထွေးတော်ဂေါတမီက သင်္ကန်းလှူလိုက်၊ ဘုရားရှင်က သံဃာကိုလှူခိုင်းလိုက် ဖြစ်နေတဲ့အချိန်...
အနားမှာရှိတဲ့ ညီတော်အာနန္ဒာက " နောင်တော်ကြီး မြတ်စွာဘုရား၊ မယ်တော်ကံကုန်ပြီးနောက် မြတ်စွာဘုရား
အပေါ် သက်တော် (၂၉) နှစ်၊ (၂) လ၊ တောမထွက်မှီကာလအထိ၊ နို့ချိုတိုက် ကျွေးမွေးပြုစုစောင့်ရှောက်လာတဲ့
မိခင်ကြီးဖြစ်ပါတယ်ဘုရား၊ ဒီကျေးဇူးတရားကိုတော့ ထောက်ထားပြီး လက်ခံသင့်ပါတယ်ဘုရား " လို့ လျှောက်
တော့.. ဘုရားရှင်က.. လေးသင်္ချီနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး သာသနာတော်ကို ငါထူထောင်ခဲ့သော်လည်း
ငါရဲ့ တရားဓမ္မတွေကို မကွယ်ပျောက်ရလေအောင် ငါက ငါပရိနိဗ္ဗာန်မစံမှီစပ်ကြားသာစောင့်ရှောက်နိုင်မယ်။ ငါ
ပရိနိဗ္ဗာန်စံဝင်ပြီးနောက်မှာ သာသနာတည်တံ့ပြီး နောင်လာနောင်သားတွေ သာသနာနဲ့တွေ့ကြုံဖို့ဆိုတာ ငါဘုရား
ပရိနိဗ္ဗာန်မစံမှီဟောကြားတော်မူထားတဲ့ တရားဓမ္မတွေကို ကိုယ်တိုင်လည်းတတ်အောင်သင်၊ သူတစ်ပါးကိုလည်း
တတ်အောင်သင်ပေးကြသော စာချ၊ စာသင်ဟုဆိုအပ်သော သာသနာ့ဝန်ဆောင် ဓမ္မဓရ သံဃာတော်တွေရှိပါမှ
ဟောဒီ သာသနာ တည်တံ့ပါလိမ့်မည်။
{ မိထွေးတော်ဂေါတမီ ရက်လုပ်လှူဒါန်းသော သင်္ကန်းကို လက်မခံခြင်း ဟာ.. သာသနာတော်
အဓွန့်ရှည်တည်တံ့ရန်အတွက် မြတ်ဘုရားထက် (အမြင်ချင်း၊ ကိုယ်ကျင့်တရားချင်းတူတဲ့ ပုဂ္ဂိုလ်တွေရဲ့
အစုအစည်း) " သံဃာ " ထုဟာ နောက်ပိုင်းမှာ အဓိကပဓါနကျတယ်ဆိုတာ အရှင်အာနန္ဒာက
သိရှိနားလည်ပြီး ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မတွေကို မသွယ်မတိမ်း ရွတ်ဖတ်ကျက်မှတ်ကာ
နောင်လာမည့် "သံဃာ" ထုအား လက်ဆင့်ကမ်းသင်ကြားပို့ချမှာသာ နောင်တော်ဘုရားတည်ထောင်ခဲ့သော
သာသနာတော်မြတ် အဓွန့်ရှည်တည်တံ့ပြီး နောင်တော်ဘုရားရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးမည်ဟု
အရှင်အာနန္ဒာ၏ နှလုံးသားထဲ စွဲမြဲစေခဲ့ပါတယ်။ }
{ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်း၌ အလိုတော်ပြည့်
ဓမ္မစရိယတက္ကသိုလ်များ၏ နာယကချုပ်ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသ၏ " နိုင်ရာတာဝန်ယူကြစို့ "
တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment