လေးထောင့်၊ အရှည်၊ အ၀ိုင်း အစရှိသဖြင့် အကောင်အထည်အဖြစ် မျက်စိနဲ့ကြည့်လို့လည်းမမြင်ရ။ မမြင်ရတော့
ဒီ.. နိဗ္ဗာန်ဟာ ဘယ်လိုဟာလဲ ?။ ဘာဖြစ်လို့ နိဗ္ဗာန်ခေါ်သလဲ ?။ နိဗ္ဗာန်ဆိုတာ ပါဠိပျက်။ ပါဠိစာလုံး နိဗ္ဗာန
ဟူသော ပုဒ်မှ လာတယ်။ မြန်မာပြန်တော့ ငြိမ်းအေးတယ်တဲ့။ ဘာတွေငြိမ်းသလဲ ?။
အခု တရားနာနေတဲ့အချိန်မှာ ဟိုဟာလိုချင်၊ ဒီဟာလိုချင်ဆိုတဲ့ " လောဘ " တွေ ရှိသလား ?။ မရှိပါ
ဘုရား။ လောဘတွေချုပ်နေတယ်။ အခုတရားနာနေတဲ့အချိန်မှာ စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ကောက်ဆိုတဲ့ " ဒေါသ"
တွေ ရှိသလား ?။ မရှိပါ ဘုရား။ ဒေါသတွေချုပ်နေတယ်။ အခု တရားနာနေတဲ့အချိန်မှာ " မောဟ " တွေ
ရှိသလား ?။ မရှိပါ ဘုရား။ မောဟတွေချုပ်နေတယ်။ အခု တရားနာနေတဲ့အချိန်မှာ " မာန " တွေ ရှိသလား ?။
မရှိပါ ဘုရား။ မာနတွေချုပ်နေတယ်။ အခု တရားနာနေတဲ့အချိန်မှာ ဒီတရားနာလို့ ငါတို့ အပိုပါဘဲ၊ ဘုရားဟောတဲ့
တရားအစစ် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာမှကျေးဇူးရှိမှာ မဟုတ်ပါဘူးလို့ အဲဒီလို အယူတွေချော်ပြီးတော့ လွှဲနေပြီ
ဆိုရင် ဒီတရားပွဲဆီကို ရောက်လာပါ့မလား ?။ မရောက်လာနိုင်ပါ ဘုရား။
ဒါကြောင့် ဒီတရားပွဲကြီးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိဆိုတဲ့ ပပဉ္စတရားတွေချုပ်နေတယ်။ အဲဒီ
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိဆိုတဲ့ ပပဉ္စတရားတွေချုပ်နေတဲ့အတွက် တရားနာပရိတ်သတ်ကြီးတွေရဲ့
စိတ်သဏ္ဍာန်မှာ ငြိမ်းအေးသလား ?. ပူဆွေးသလား ?.၊ ငြိမ်းအေးပါတယ်ဘုရား။
ဒါကြောင့် ဒီတရားနာနေတဲ့အချိန် ငြိမ်းအေးနေသလို ( တစ်မြို့လုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး )
တစ်နေ့လုံး ဒီလောဘတွေ၊ ဒီဒေါသတွေ၊ ဒီမောဟတွေ၊ ဒီမာနတွေချုပ်နေရင် တစ်နေ့လုံး မငြိမ်းအေးဘူးလား ?.
ငြိမ်းအေးပါတယ်ဘုရား။ တစ်လလုံး ချုပ်ငြိမ်းနေရင်ကော ? တစ်လလုံး ငြိမ်းအေးပါတယ်ဘုရား။ တစ်နှစ်လုံး
ချုပ်ငြိမ်းနေရင်ကော ? တစ်နှစ်လုံး ငြိမ်းအေးပါတယ်ဘုရား။ တစ်သက်လုံး ချုပ်ငြိမ်းနေရင်ကော ?
တစ်သက်လုံး ငြိမ်းအေးပါတယ်ဘုရား။ ဒီတစ်သက်တင်မကဘဲ လောဘ၊ ဒေါသ၊ မောဟတွေ ခိုအောင်းစရာ
ဖြစ်တဲ့ ဟောဒီ ခန္ဓာဝန်ကြီး အစပျောက်ချုပ်သွားတဲ့ နိဗ္ဗာန်ဆိုတာ... ဘယ်လောက်အထိ ငြိမ်းအေးလိုက်မလဲ ?..
နိဗ္ဗာန်ကို မလိုချင်ဘူးလား ?. လိုချင်ပါတယ်ဘုရား။ တစ်နေ့လုံး စီးပွားရှာ အလုပ်လုပ်လို့ရတဲ့ ငွေကလေး
ငါးကျပ်က လက်နဲ့ကိုင်လို့ရတယ်။ တစ်ခုခု ၀ယ်ယူလို့၊ ၀ယ်စားလို့ရတယ်။ လောဘ၊ ဒေါသ၊ မောဟတွေချုပ်ငြိမ်း
သွားလို့ ငြိမ်းအေးတဲ့နိဗ္ဗာန်က မျက်စိနဲ့ ကြည့်လို့လည်းမမြင်၊ လက်နဲ့ကိုင်သုံးလို့လည်းမရတော့ ဘယ်သူမှ
ပြင်းပြင်းပြပြ မလိုချင်ကြ။
နိဗ္ဗာန်လိုချင်တဲ့သူတွေ သားစွဲ၊ မယားစွဲ၊ လင်စွဲ၊ သမီးစွဲ၊ ရွှေငွေရတနာ၊ စည်းစိမ် ဥစ္စာတွေကို စွဲလန်းတဲ့
ဥပါဒါန်၊ သံယောဇဉ်တွေကြောင့် နိဗ္ဗာန်နဲ့ ဝေးနေကြတာပါ။ ဒီ လောဘ၊ ဒေါသ၊ မောဟရှိနေလို့၊ ဒီ လောဘတွေ
ဒေါသတွေ၊ မောဟတွေ နောက်ကိုလိုက်နေလို့ မငြိမ်းအေးသေးတာပါ။ ဒီ လောဘတွေ ဒေါသတွေ၊ မောဟတွေ
ခိုအောင်းရာ ဒီခန္ဓာကြီး ချုပ်ငြိမ်းသွားမှ ဒုက္ခမှ ငြိမ်းအေးမှာပါလားလို့.. ဒီ အသိမျိုးသိလာရင် အဲဒီခန္ဓာကြီးပေါ်မှာ
တွယ်တာမှုတွေ၊ နှစ်သက်မှုတွေ၊ လှလှပပ ပြင်ဆင်ချင်တဲ့စိတ်တွေ.. ဒါတွေကို တဖြည်းဖြည်း လျော့ လျော့
သွားမယ်ဆိုရင်.. ဒီခန္ဓာကြီးပေါ်မှာ တဖြည်းဖြည်း ရွံ့မုန်းသွားမယ် ဆိုရင်ဖြင့် နိဗ္ဗာန်ရောက်ဖို့ လမ်းစပေါ်ပါပြီ။
{ ၁၃၃၉ ခုနှစ်၊ တန်ဆောင်မုန်းလဆုပ် ၅ ရက်၊ တောင်ငူမြို့၊ ရွှေဆံတော်စေတီဝင်း ဓမ္မသဘင် အခမ်းအနား၌
ကြာနီကန်ဆရာတော် ဟောကြားသော " နိဗ္ဗာန်ရဲ့သဲလွန်စ " တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment