Thursday, February 14, 2019

ကိုယ်ရ, ထားတဲ့ ဘ၀လေးတစ်ခု တန်ဖိုးရှိအောင် ။

    ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက်  စုတ်ပြတ်နေတဲ့ 
ပုဆိုးကလေးကို ၀တ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက သူ
တောင်းစားဘ၀ ရောက်နေတယ်၊ အဲဒီလို အ၀တ်ကလည်း စုတ်ပြတ်ပြီး ခွက်လေးဆွဲပြီး တောင်း

စားနေတဲ့ ကလေးလေးကို ရှင်အာနန္ဒ တွေ့တဲ့အခါကျတော့ သနားလို့ အရှင်အာနန္ဒက ခေါ်ပြီး
တော့ အဲဒီကလေးကို ““မင်း သင်္ကန်းမ၀တ်ချင်ဘူးလား”” လို့မေးတယ်။ ကလေးလေးက 
“ တပည့်တော်လို အခြေအနေမဲ့ကို ဘယ်သူက သင်္ကန်းဝတ်ပေးမှာလဲဘုရား၊ ၀တ်ချင်လဲ တပည့်
တော်ကို ဘယ်သူမှဝတ်ပေးမှာ မဟုတ်ဘူး ” ဆိုပြီး ပြန်လျှောက်တယ်။ “ အဲဒါဆို မင်း ငါနဲ့လိုက်ခဲ့၊
ဝတ်ချင်တယ်ဆို ငါဝတ်ပေးမယ် ” လို့ ရှင်အာနန္ဒက   ကျောင်းခေါ်သွားပြီးတော့ သူ့ကို သင်္ကန်း
ဝတ်ပေးလိုက်တယ်။
         သင်္ကန်းကျတော့ ရှင်အာနန္ဒကပေးတာဖြစ်တော့ သင်္ကန်းဝတ် လိုက်တဲ့အခါမှာ သူ့ရဲ့
အ၀တ်စုတ်ရယ်၊ ခွက်စုတ် ကလေးရယ်ကို မပစ်နိုင်ဘူး၊ မပစ်နိုင်တော့ သစ်ပင် ခွကြားလေးတစ်ခု
မှာ သွားတင်ထားတယ်။ သံယောဇဉ် ဆိုတာကောင်းမှ သံယောဇဉ်တွယ်တာ မဟုတ်ဘူး၊
ကိုယ့်ပစ္စည်းကို ကိုယ်သံယောဇဉ်တွယ်တာတတ်ကြပါတယ်။
         အဲဒီလို သွားထားပြီးတော့ ရှင်အာနန္ဒဆီ သင်္ကန်းဝတ်၊ တရားဓမ္မတွေသင်လို့   စိတ်ချမ်း
သာ ကိုယ်ချမ်းသာ စားစရာ သောက်စရာကလည်း ဆွမ်းခံပြီး စားရတာဆိုတော့ ခါတိုင်းလို မ၀ရေ
စာ စားရတာ မဟုတ်ဘူး၊ အကောင်း စားလာရတဲ့အခါဆိုတော့ အသားအရေလေး စိုပြေလာတယ်၊
လူက အသားအရေလေး စိုပြေပြီး စိတ် ကျန်းမာလာတဲ့အခါကျတော့ အကောင်းဘက်ကို သိပ်
မစဉ်းစားဘူး၊  သူ့စိတ်ထဲမှာ ဒီဘုန်းကြီးဝတ်နဲ့နေရတာ၊ သင်္ကန်းဝတ်နဲ့နေရတာ မလွတ်လပ်ဘူးလို့
ထင်ကာ လူထွက်ချင်စိတ်ပေါက်တယ်။
         မနေချင်တော့ သူ့ကိုယ်သူ ဆုံးမတဲ့အနေနဲ့   ““ကဲ ငါဒီသင်္ကန်း မ၀တ်ချင်ဘူးဆိုရင် ငါဝတ်ရ
မှာက အစုတ်အပြဲနဲ့ ခွက်နဲ့ပဲ၊ ငါပိုင်တဲ့ပစ္စည်းက ဒါပဲရှိတယ်”” ဆိုပြီး အဲဒီခွက်ကလေးနဲ့ အ၀တ်စုတ်
ကလေး သိမ်းထားတဲ့နေရာကို သူသွားလိုက်တယ်။
          အဲဒီ အ၀တ်စုတ်ကလေးရယ်၊ ခွက်စုတ်ကလေးရယ်ကို ကြည့်ပြီးတော့ သူ   ခုနကမပျော်
တဲ့စိတ်ကို သူက ဆုံးမတယ်။ “ မင်းက ဒီလို ချမ်းချမ်းသာသာနေရတဲ့ ဘ၀ကို မနေဘဲနဲ့ ဒီ အ၀တ်
စုတ် ၀တ်ပြီးတော့ ခွက်စုတ်နဲ့လဲ တောင်းချင်သေးတာလား၊ ကိုယ်ရ,ထားတဲ့ ဘ၀လေးတစ်ခု မင်း
တန်ဖိုးရှိအောင် မလုပ်နိုင်ပါလား၊ သံသရာဝဋ်ကထွက်ဖို့ မင်း မကြိုးစားဘဲနဲ့ လူထွက်ဖို့ ကြိုးစားနေ
တယ်၊ မင်း သင့်တော်ပါ့မလား ” လို့ အဲဒီအ၀တ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ပြီးတော့ သူ့ကိုယ်သူ
ဆုံးမတာ။
         ဆုံးမတဲ့အခါ ကျတော့ စိတ်ကလေး ပြန်လည်သွားတယ်။ ဒါနဲ့ ကျောင်းပြန်သွား၊ ဒါက တစ်ခါ
ဖြစ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ဖြစ်တာ၊ အဲဒီလို ဖြစ်တိုင်းဖြစ်တိုင်း သူ အဲဒီကိုသွားတာ၊ ကြာတော့
 “ ဒီကိုရင် ဘယ်သွားတာလဲ ” ဆိုပြီးတော့ ကိုယ်တော်တွေက သူ့ကိုမေးကြတယ်၊ “ အဲဒီ သစ်ပင်နား
လေးကို သွားသွားပြီးတော့နေတာ ဘာသွားလုပ်တာလဲ ” ဆို မေးတော့ သူကပြောတယ်၊ “ ဆရာ့ဆီ
သွားတာပါ၊ အဆုံးအမ သွားခံတာ၊ “ မင်း လူ့ဘ၀ရောက်ရင် ဒါပဲပြန်သုံးရမယ် ” ဆိုပြီးတော့ အဲဒါ
ကို သူက ““ဆရာ”” ဆိုပြီးတော့ ရဟန်းတွေကိုပြောတာ။
         အဲဒီလို သွားလိုက်ပြန်လိုက် နေရင်းကနေ နောက် သူ့စိတ်တွေ တည်ငြိမ်မှုရလာတယ်။
ရှင်အာနန္ဒမထေရ်မြတ် နည်းပေးတဲ့အတိုင်း တရားကျင့်လိုက်တော့ နောက်ဆုံးမှာ သူ ရဟန္တာဖြစ်သွား
တယ်။ သာသနာတော်မှာ လုံးဝပျော်တဲ့အပျော်၊ ထာဝရပျော်တဲ့အပျော် တစ်ခုကို သူ ရသွားပါတယ်။
         အဲဒီလိုပျော်တဲ့အခါ အဲဒီ ဘက်ကို သူဘယ်တော့မှမသွားတော့ဘူး၊ မသွားတော့ ကိုယ်တော်
တွေကမေးတယ်၊ “ မင်းဆရာ့ဆီ မသွားဘူးလား ” လို့ဆိုတော့ “ အရှင်ဘုရား၊ ဆရာနဲ့ အဆက်
အသွယ်ရှိတုန်းကသာ သွားတာပါ၊ အခု တပည့်တော်မှာ အဆက်အသွယ်ပြတ်သွားပါပြီ ” လို့
ဆိုတဲ့အခါကျတော့မှ မြတ်စွာဘုရားကို ရဟန်းတွေက “ ဒီကိုယ်တော် တရားထူးရတဲ့ စကားမျိုး
ပြောတယ်ပေါ့ ” ဆိုတော့ မြတ်စွာဘုရားက ““ဟုတ်တယ်”” တဲ့။ “ သူက အရှက် တရားနဲ့ သူ့
ကိုယ်သူ ဆုံးမပြီးတော့ အဲဒီ အ၀တ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ကြည့်ပြီးတော့ သူ့ကိုယ်သူ တရား
ချပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လို့ အခု တရားထူး တရားမြတ် ရသွားပြီ” လို့ မိန့်ကြားပါတယ်။
         ဘာကိုပဲဖြစ်ဖြစ် “ လောကံ ယေ၀ အဓိပတိံ ကတွာ ” ကိုယ့်ရဲ့ပတ်ဝန်းကျင် ဘာပဲဖြစ်ဖြစ်
ကိုယ်သုံးတဲ့ပစ္စည်းနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဲဒါကို အလေးထားပြီးတော့ ဆရာအရာထားလို့
စဉ်းစားဆင်ခြင်ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်သွားကြရမှာဖြစ်တယ်လို့ နားလည်သဘောပေါက်ကြပြီး
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
  {သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌  အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment