Saturday, February 23, 2019

လူတိုင်းအတွက် ကမ္မဌာန်းကျင့်စဉ်။

    အချို့က ကမ္မဋ္ဌာန်းထိုင်တယ် ဆိုတဲ့အခါမှာ posture ကိုယ်ဟန်အနေအထား အတိုင်း
မထိုင်နိုင်ကြပါ။ အဲဒီလို အကြာကြီးထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာ ကြောက်
နေကြပါတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကိုလုပ်တဲ့ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေ၊

ခန္ဓာ ကိုယ်ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရား ညွှန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင်၊
ခါးကို မတ်မတ်ထား၊ အာရုံအပေါ် စိတ်ကို စူးစိုက်ပြီးထား ဆိုတာ အာနပါနကျင့်စဉ်တစ်ခုနဲ့ပတ်
သက်ပြီး မြတ်စွာဘုရားက  posture ကိုယ်ဟန်အနေအထား  ကို ဟောတာပါ၊ ကမ္မဋ္ဌာန်းထိုင်
တယ်လို့ ပြောပေမယ့်လို့ ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာ ဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့၊ ဆင်ခြင်ဉာဏ်ဖြစ်ပေါ်ဖို့ အဓိက
ထားရပါမယ်။ အဲဒီတော့ မထိုင်နိုင်လို့လည်း စိတ်ပူစရာမလိုပါ။
         မြတ်စွာဘုရားက ဝေဒနာသုတ္တန် တစ်ခုမှာ ဟောထားတာရှိပါတယ်။ ခန္ဓာကိုယ်ကြီး
နာကျင်ကိုက်ခဲတာကို အကြောင်းပြုပြီးတော့ စိတ်ကပါလိုက်ပြီး နာလို့ရှိရင် အဲဒါ ဒုက္ခနှစ်မျိုး
ခံရတာပဲတဲ့၊ မြားတံနှစ်ချက် အစူးခံရတာနဲ့တူတယ်လို့ ဟောထားပါတယ်။ ခန္ဓာကိုယ်မှာ 
နာကျင်ကိုက်ခဲမှု ရတာ ဒုက္ခဖြစ်တာက ဘုရားတောင်မှ မလွတ်ဘူး၊ လူတိုင်း လူတိုင်းမှာ ဖြစ်
နိုင်တဲ့ အရာတစ်ခုပါ။ ရှောင်လို့ မရတဲ့ အရာပါ။ ဆေးဝါးဓာတ်စာ စားလို့ရှိရင် ပျောက်ကင်းနိုင်ပါ
သေးတယ်။  ခန္ဓာကိုယ်ရဲ့နာကျင်မှုက ဒီလောက်ကြီး အရေးကြီးတာ မဟုတ်ပါ။ အရေးကြီးတာ
ကတော့ စိတ်နာတာက ပိုအရေးကြီးပါတယ်။
         အဲဒါကြောင့် မြတ်စွာဘုရားက စိတ်နဲ့ ပတ်သက်လာတဲ့အခါ ဖြူစင်အောင်လုပ်ဖို့ဆိုပြီး
 “ဇာဂရိယာ-နုယောဂ” ဆိုတဲ့ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုနဲ့ နိုးနိုးကြားကြား အားထုတ်ဖို့ ဟော
ထားတာရှိပါတယ်။ နေ့အခါမှာ လမ်းလျှောက်လိုက် ထိုင်လိုက်၊ ဘယ်လို ထိုင်ရမယ်၊ ဘယ်လို
လမ်းလျှောက်ရမယ်ဆိုတာတောင် ဟောမထားပါ၊ မြတ်စွာဘုရားက ဒီနေရာမှာတော့
သာမန်ပဲ ဟောထားပါတယ်။ နေ့အချိန်မှာ လမ်းလျှောက်ရင်း ထိုင်ရင်းနဲ့ ကုသိုလ်မဖြစ်အောင်
ဆို့ပိတ်တတ်တဲ့ နီဝရဏတရားတွေကို သုတ်သင်ရပါမယ်၊ စင်ကြယ်စေရပါတယ်။  လောဘနဲ့
ပတ်သက်တဲ့ အတွေးတွေ - မပေါ်အောင် ထိန်းချုပ်
စောင့်ရှောက်ရပါမယ်။
         ညမှာလည်းပဲ အိပ်မပျော်သေးတဲ့ အချိန်တွေမှာ ဒီလိုပဲ လုပ်ရပါမယ်၊ မနက်စောစောမှာ
လည်း ဒီလိုပဲ လုပ်ရပါမယ်၊ အဲဒါ ကမ္မဋ္ဌာန်းတရား အားထုတ်တာနဲ့ ပတ်သက်လာလို့ အချိန်များ
များ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက နေ့အခါမှာ နီဝရဏလို့ ခေါ်တဲ့
လောဘနဲ့တွေးတဲ့ အတွေးတွေ၊ ဒေါသနဲ့ တွေးတဲ့ အတွေးတွေ၊ ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်ထိုင်းမှိုင်းမှု
တွေ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ ခေါ်တဲ့ စိတ်ပျံ့လွင့်မှုတွေ၊ စိတ်ပူပန်မှုတွေ။ ၀ိစိကိစ္ဆာ ခေါ်တဲ့ ဟိုတွေးဒီတွေး
တွေးပြီး စိတ်သောကဖြစ်ပွားနေမှုတွေ၊ စိတ်ရဲ့ အညစ်အကြေးတွေကို မဖြစ်ပေါ်လာအောင်
ကောင်းမြတ်တဲ့ အာရုံတစ်ခုအပေါ်မှာ သတိနဲ့ ဆင်ခြင်တုံတရားနဲ့ နေသွားတာဟာ ကမ္မဋ္ဌာန်း
အားထုတ်တယ်လို့ ခေါ်ပါတယ်။ ဒါဟာ လူ့ဘ၀ရလာတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ရဲ့ အကျိုးစီးပွားကို
လိုလားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်း မလွဲမသွေ လုပ်ကြ
ရမယ့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
          ဒါကြောင့်မို့လို့ နှလုံးသွင်းဆင်ခြင်မှုဟာ အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ကျန်း
မာသူပဲဖြစ်စေ၊ မကျန်းမာသူပဲဖြစ်စေ စိတ်အလုပ် သက်သက်ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်က
လေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင်
ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်
မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။
 { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
  လာဘိဝံသ ဟောကြားသော "ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား " - တရား ဒေသနာတော်မှ ကောက်
  နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment