Tuesday, April 23, 2019

ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့အတူ ရှိနေပါသလဲ?။

         မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်
တင့်တယ်သပ္ပာယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “၀က္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ ဒီရဟန်းက
ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီး ကြည်ညိုကိုးကွယ်နေချင်တယ်။ အဆုံးအမအတိုင်း လိုက်
နာကျင့်သုံး ပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က ==
         “ ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ ငါဘုရားရှင်ကို
မမြင်ရသော်လည်း ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူ ဖြစ်တယ်။ ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အ
တိုင်း မလိုက်နာ မကျင့်သုံးသူဟာ ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့နောက်
က တကောက်ကောက်လိုက်နေသူ ဖြစ်သော်လည်း ငါဘုရားရှင်နှင့် တွေ့နေသူလို့ မဆိုနိုင်ဘူး” လို့
မိန့်ကြားခဲ့ပါတယ်။
         ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မြတ်စွာဘုရားရှင်နှင့် ခရီးမိုင်တာ ဘယ်လောက်ပဲ ဝေးကွာ
နေနေ၊ အချိန်ကာလတွေ ဘယ်လောက်ပဲ ခြားနားနေနေ ဒီနေ့ မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်
ကို လိုက်နာကျင့်သုံး ပူဇော်နေသူတို့ ရှိတဲ့နေရာမှာ အဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ်စွာရှိနေတယ်” လို့
ဆိုရပါလိမ့်မယ်။
         “ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ ” ဆိုတာ မြတ်ဗုဒ္ဓရဲ့ အလိုတော်အရ ပြောရမယ်ဆိုရင်
ပုဂ္ဂလဓိဌာန်က အဓိကမဟုတ်ပါဘူး၊ ဓမ္မဓိဌာန်ကသာ အဓိက ဖြစ်ပါတယ်။
         လူတွေသဘောပေါက် အလွယ်ဆုံးဖြစ်မယ့် ဥပမာနဲ့  ပြောရမယ်ဆိုရင် ဘယ်အရာမဆို သိပ္ပံ
နည်းကျ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လည်း  ဒီနေ့ ရူပဗေဒသိပ္ပံပညာရပ်တွေ ဆင့်ကဲတိုးတက်
ဖွံ့ဖြိုးရေးမှာ၊ ခေတ်သစ် ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့် “ အိုင်စတိုင်း” အခု ဘယ်
မှာ ရောက်နေသလဲ ဆိုတာကို သိဖို့လိုသလား?၊ အိုင်စတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များ
က ဒီနေ့ခေတ်သစ် သိပ္ပံပညာကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ ဆိုတာကို အလေးထားဖို့ လို
သလား?၊ စဉ်းစားကြည့်ပါ။
         အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊ ဘာလူမျိုးလဲ၊
အခု ဘယ်ဘုံဘယ်ဌာန ရောက်နေသလဲဆိုတာ သိဖို့လိုသလား?။ သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို
အသုံးချတတ်ဖို့ လိုသလား? ဆိုတာလည်း စဉ်းစားကြည့်ပါ။ မြန်မာပြည်သား တစ်ဦးအနေနဲ့ ရိုးသား
စွာ ပြောရမယ်ဆိုရင် ဦးဇင်းဘ၀သက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို ဘယ်
သူက တီထွင်ခဲ့သလဲ ဆိုတာကို လုံးဝ စိတ်မ၀င်စားခဲ့ဖူးပါဘူး။ အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာ
ကို သိလာတဲ့ အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ ဘာလူမျိုးလဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ်ဆို
တာ စိတ်မ၀င်စားမိပါဘူး။ ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါ
တယ်။ သူတီထွင်ခဲ့တဲ့ လျှပ်စစ်က လက်တွေ့ အသုံးကျတယ်ဆိုတာ သိနေပြီကိုး။
         ဒီ ဥပမာအတိုင်းပဲ တကယ့်လက်တွေ့ ဗုဒ္ဓ၀ါဒကို လေ့လာတဲ့နေရာမှာလည်း “မြတ်ဗုဒ္ဓ ဘယ်
မှာလဲ” ဆိုတဲ့ ပြဿနာထက် မြတ်ဗုဒ္ဓ ဘယ်လိုဟောခဲ့သလဲ။ ဘယ်လိုအကျိုးတွေ ဖြစ်ပေါ်နိုင်သလဲ
ဆိုတာကိုသာ အလေးအနက်ထားဖို့ အရေးကြီးပါတယ်။ ဒီလောက်ဆိုရင် ပုဂ္ဂလဓိဌာန်ထက် ဓမ္မဓိဌာန်
ကသာ အရေးကြီးတယ် ဆိုတာလည်း သဘောပေါက်လောက်ပါပြီ။ ။
{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏ ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူ
   များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
 
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment