တိလောကဂုရုဆရာတော် လောင်းလျာပဉ္ဇင်းပျိုက အင်းဝမှာ ပရိယတ္တိပညာဆည်းပူးနေသူပါ။ ဒါပေမယ့်
တစ်နေ့တော့ စာပေသင်ရတာကလည်း ခက်ခဲ၊ ပြင်ပအာရုံတွေကလည်း စွဲကပ်လာတော့ လူထွက်လိုစိတ် ဖြစ်လာတယ်။
ဘယ်သွားသွား ဘာလုပ်လုပ် လူထွက်လိုစိတ်ပဲ လွှမ်းနေတယ်။
တစ်နေ့တော့ လူမထွက်ခင် ရွှေစည်းခုံဘုရားကို ရဟန်းဘ၀နဲ့ နောက်ဆုံးကန်တော့မယ်ဆိုပြီး သိက္ခာချပေးဖို့
သီတင်းသုံးဖေါ်ဦးဇင်းအချို့နဲ့အတူ ရွှေစည်းခုံဘုရားရင်ပြင်တော်ဘက်ဆီ ထွက်ခဲ့ကြတယ်။ ဘုရားနားရောက်တော့
သီတင်းသုံးဖေါ်တွေကို သူနဲ့မလှမ်းမကမ်းမှာ ထားခဲ့ပြီး သူကတော့ ဘုရားကို ဦးချနေပါတယ်။ အဲဒီအချိန်မှာပဲ မိန်းမပျိုလေး
တစ်ယောက် ရောက်လာကာ လျှပ်တစ်ပြက် ဘုရားကန်တော့ပြီး ဆုတောင်းသံကို ကြားလိုက်ရတယ်။
" မြတ်စွာဘုရားအား ဖူးမျှော်ပါရ ဤပုညမျိုးမှန် ကောင်းမှုကံကြောင့် ဖြစ်လေရာဘ၀ သံသရာစခန်းမှာ ရဟန်း
လူထွက်မယား တစ်ရံတစ်ခါမျှ မဖြစ်ပါစေသား " တဲ့။
ကြုံပလေ ဘုံဗွေပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်လောင်းလျာကလည်း လူထွက်ဖို့ သန္နိဋ္ဌာန်ချအလာ
မိန်းမပျိုလေးကလည်း ရဟန်းလူထွက်မယား မဖြစ်အောင်ဆုတောင်းနေတယ်။ ဒီတော့ ဆရာတော်လောင်းလျာ
ပဉ္ဇင်းပျိုလေးက အကြောင်းသိအောင် မေးကြည့်ဦးမှ ဆိုပြီး " ဟေး.. ဟေး.. ဒကာမလေး နင်က ဘာကြောင့် ရဟန်း
လူထွက်မယား မဖြစ်အောင် ဆုတောင်းရတာလဲ ? " လို့မေးလိုက်ပါရော.. အဲဒီအခါ မိန့်မပျိုလေးက..
" အရှင်ဘုရား... သူများလှူဒါန်းတဲ့ ပစ္စည်းလေးပါးနဲ့ ချမ်းသာစွာနေလျက် သူ့ကျွန်ခံဦးမယ်။ မယားကျွန်ခံဦးမယ်။
တဏှာကျွန်ခံဦးမယ်ဆိုရင် ရဟန်းလူထွက်ထက် မိုက်သူရှိပါဦးမလားဘုရား " လို့ဖြေသတဲ့။
အဲဒီစကားကြားရပြီးနောက် အမြင်မှန်ရပြီး လူမထွက်တော့ဘဲ ရဟန်းဘ၀နဲ့ မြဲသွားပါတယ်။ နောက်တော့
စစ်ကိုင်းမှာ စာချကထိက အကျော်အမော်တစ်ပါး ဖြစ်လာတယ်။ ဘယ်လောက်ထိကျော်သလဲဆိုရင် စာဝါလာလိုက်ကြတဲ့
ရဟန်းသာမဏေတွေ ကျောင်းနဲ့မဆန့်လို့ တဲထိုးပြီးတောင် မြေပြင်မှာ စာလိုက်ကြတဲ့အထိ ဖြစ်လာတယ်။ ဒါကို စစ်ကိုင်း
တောင်ဆွမ်းဦးပုညရှင်ဘုရားလာဖူးတဲ့ နရာဝရဘုရင်တွေ့တဲ့အခါ သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်နဲ့ ကျောင်းဆောင်တွေ
ဆောက်လုပ်လှူဒါန်းတယ်။ ပြီးတော့ သူ့ခေတ်သူ့အခါက ဘုရင်ဆက်ကပ်တဲ့ဘွဲ့မှာ အမြင့်ဆုံးဖြစ်တဲ့ ' တိလောကဂုရု '
ဆိုတဲ့ ဘွဲ့တံဆိပ်ပါ ဆက်ကပ်တယ်။
{ မဟာဝိဟာရကျောင်းတိုက် ဆယ့်ခြောက်နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရစာစောင်(၀ီရနွယ်၏ အဆိပ်လူးသော
မျှားနှစ်စင်း ဆောင်းပါး)မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment