အခါတစ်ပါး၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူစဉ် တောရွာကျောင်းကြီး
တစ်ကျောင်း၌ ရဟန်းများစွာ နေထိုင်ကြ၏။ ရဟန်းတို့သည် ဘုရားဖူးရန်အလို့ငှာ သာဝတ္ထိမြို့သို့ ထွက်လာခဲ့ကြ၏။ ခရီးလမ်းက
ဝေးလွန်းသောကြောင့် သပိတ်တို့ကို ကိုယ်စီယူကြရ၏။ သင်္ကန်း၊ သင်းပိုင်တို့ကို အ၀န်းညီစွာ ၀တ်ရုံ၍ ဒေသနာတော်နှင့်အညီ
လက်အတောင်အားဖြင့် လေးတောင်ခန့်မျှကြည့်လျက် မျက်လွှာကို အောက်သို့အနည်းငယ်ချကာ မနှေးလွန်း၊ မမြန်လွန်း
ခရီးကြွလာခဲ့ကြ၏။
ထိုပုံရိပ်ကိုတွေ့မြင်သော ရွာသူမငယ်တစ်ယောက်၏သန္တာန်၌ မမြင်စဖူး အမြင်ထူးသောကြောင့် အတုနှိုင်းစရာ
မရှိသောသဒ္ဓါမျိုးစေ့တို့သည် ပေါက်ဖွားလာလေ၏။ မကြည်ညိုပဲမနေနိုင်၍ လက်အုပ်ကလေးကို ဦးထိပ်ပေါ်သို့ချီလျှက်
ထိခြင်းငါးပါးနှင့် ရှိခိုးလေ၏။ ထိုကောင်းမှုကြောင့် အမျိုးသမီးသည် တာဝတိံသာနတ်ပြည်၌ တစ်ပါးသောနတ်တကာတို့ထက်
သာလွန်တင့်တယ်၍ နတ်စည်းစိမ်တို့ကို ခံစား၍နေရလေတော့၏။
ထိုအချိန်တွင် ရှင်မောဂ္ဂလာန် မထေရ်မြတ်သည် တာဝတိံသာနတ်ပြည်သို့ကြွလာ၍ နတ်သမီးနှင့်တွေ့လေ၏။
နတ်သမီးအား အကြောင်းအကျိုးမေးမြန်းလာရာ နတ်သမီးက " ၀ိနည်းဆောင်၍ ခရီးသွားနေသော မြတ်သောအကျင့်ကို
ကျင့်လေ့ရှိသော၊ သီလရှိသောရဟန်းတို့ကို ဖူးမြင်ရသည့်အတွက် သူမတူ တမူထူးခြား၍ နတ်စည်းစိမ်တို့ကို ခံစား၍
နေရပါ၏ " ဟု ရဟန်းတို့၏ဂုဏ်နှင့် မိမိဂုဏ်တို့ကို ထုတ်ဖော်လျှောက်ထား၏။
ဤ၀တ္ထုကဲ့သို့ ရဟန်းတော်တို့ ၀ိနည်းသိက္ခာကို လိုက်နာစောင့်ထိန်းကြမည်ဆိုလျှင် ဖူးမြင်ရသူ ဒကာ၊ ဒကာမအဖို့
" ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ " ဆိုသလို ရဟန်းတို့ကို အမှီပြု၍ မဖြစ်ပေါ်သေးသော ကြည်ညိုသဒ္ဓါတရားများ ဖြစ်ပေါ်လာနိုင်၏။
ဖြစ်ပေါ်ပြီးသော သဒ္ဓါတရားများ ဆထက်မက တိုးပွားသွားနိုင်၏။ ။
{ မဟာဝိဟာရကျောင်းတိုက် ဆယ့်ခြောက်နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရစာစောင် ( အရှင်မဟိန္ဒ၏ ၀ိနည်းဆောင်ပြီး
ခရီးသွားခြင်း ) မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment