ဘုရားရှင်သက်တော်ထင်ရှားရှိခဲ့စဉ်က ဗြဟ္မဏအဘိုးအိုဘ၀ကနေ ရဟန်းဖြစ်လာတဲ့ " ရာဓ " ရဟန်းကြီးကို သတိရမိပါရဲ့။
လူ့ဘောင်အဖွဲ့အစည်းရဲ့ အပယ်ခံဖြစ်နေပြီး စားရမဲ့၊ သောက်ရမဲ့ဖြစ်နေတဲ့ ရာဓ အဘိုးအိုကြီးဟာ သာသနာ့ဘောင်ထဲ ၀င်ချင်ပေမယ့်
ခရမ်းသီးပိန်ပိန် ဓားတုံးတုံး ဥပမာလို ဘယ်နေရာမှာမှ သုံးလို့မရတော့လို့ အဲဒီလူအိုကြီးကို ဘယ်သူကမျှ ရဟန်းမပြုပေးချင်ကြပါဘူး။
ဘုရားရှင်က ရာဓ အဘိုးအိုကြီးရဲ့ အနာဂတ်ကို ကြိုမြင်သမို့ သူ့ကို ဘယ်သူရဟန်းခံပေးမလဲလို့ သံဃာ့ပရိသတ်ကို မေးတဲ့အခါ
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သူ့ကို ရာဓ အဘိုးအိုကြီးက ဆွမ်းတစ်ဇွန်း လောင်းလှူခဲ့ဖူးတဲ့ ကျေးဇူးရှိခဲ့ဖူးလို့ သူက
ရဟန်းခံပေးမယ့်အကြောင်း လျှောက်ထားခဲ့ပြီး သူကိုယ်တိုင် ဥပဇ္ဈာယ်ယူကာ ရာဓ အဘိုးအိုကြီးကို ရဟန်းခံပေးခဲ့ပါတယ်။
အရှင်သာရိပုတ္တရာရဲ့ မွန်မြတ်တဲ့နှလုံးသား၊ ကျေးဇူးရှိဖူးသူကို မမေ့တဲ့စိတ်ထား၊ ကျေးဇူးဆပ်ခွင့်ကြုံခိုက် လိုလိုလားလား
ပြန်ဆပ်တတ်တဲ့ လက်တွေ့လုပ်ရပ်တွေဟာ ရဟန်းလောကရော၊ လူ့လောက အတွက်ပါ တကယ် အတုယူထိုက်တဲ့ စံပြပုံရိပ်တွေပါ။
သက်တော်ကြီးပြီး ၀ါတော်ငယ်တဲ့ ရာဓ ရဟန်းကြီးဟာ နေရာတကာ သူများနောက်ကချည်းဖြစ်နေလေတော့ အညံ့ဆုံးပစ္စည်းတွေပဲ
အမြဲရ၊ သက်ကြီးရွယ်အိုအတွက် ခံတွင်းတွေ့မယ့် အစားအသောက်နဲ့ သင့်လျော်မယ့် အိပ်ရာနေရာတွေ မရလေတော့ အရှင်သာရိပုတ္တရာကပဲ
သူ့ဝေစုကို မျှဝေပေးခဲ့ရပါတယ်။
ဒါပေမယ့် အိုမင်းမစွမ်းဖြစ်လာခါမှ ရဟန်းပြုလာခဲ့တဲ့ ရာဓ ရဟန်းကြီးဟာ နူးညံ့သိမ်မွေ့ပြီး ခက်ခဲနက်နဲလှတဲ့
တရားသဘောတွေကို ဘုရားရှင်ထံ တစ်ဆင့်ပြီးတစ်ဆင့် မေးမြန်းတဲ့အခါ ဘုရားရှင်ကလည်း မေးသမျှဖြေတော်မူရင်း ဘုရားရှင်ရဲ့
ဒေသနာဉာဏ်တော်တွေကိုလည်း ပိုမိုပွင့်လင်းလာခဲ့ရပါတော့တယ်။
နောက်ဆုံးတော့ ရာဓ ရဟန်းကြီးကို ဘုရားရှင်ကိုယ်တော်တိုင် " ပဋိဘာနေယျကဧတဒဂ် " ဂုဏ်ထူးကြီးနဲ့ ချီးမြှောက်
ခဲ့ပါတော့တယ်။ အသက်အရွယ်ရမှ ရဟန်းပြုလာသူတွေအတွက်တော့ ရာဓ ရဟန်းကြီးဟာ ရှေ့ဆောင်လမ်းပြ ခွန်အားသစ်ပါ။ ။
{ မဟာဝိဟာရကျောင်းတိုက် ဆယ့်ခြောက်နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရစာစောင် ( မြသန်းစံ၏ ကိုယ်တိုင်ရေးပုံတူ ) မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment