Thursday, July 18, 2013

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

   
  ””စံနှင့် မှတ်ကျောက်””
         ==========
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။

မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ ။
      မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။
      ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ် မှားလှသည်။
      ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ် မှန်လှသည်။
      ကျင့်စဉ်မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
      ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။ ။
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေငြိမ်းမှ၊ ၀ဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေမငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းသာ မရပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။ ။
      ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
      ရှစ်မဂ္ဂင်ပွား၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
      ထို့ ကြောင့်ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။ ။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေပြီ။
ကြုံလာသော်လဲ၊ သင်ယူလွှဲ၊ သင်ပဲ ဆင်းရဲမည်။
မလွှဲစေလျှင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွားရမည်။
မဂ္ဂင်ပွားလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။ ။ ။
{ပြည်တွင်းပြည်ပ သာသနာပြု ချမ်းမြေ့ ဆရာတော် အရှင်ဥင်္င်္င်္င်္င်္င်္ီးဇနကာဘိဝံသ၏
 ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော် မှကူးယူရေးသားပါသည်။}
    ဦးသိန်းဝေ။

No comments:

Post a Comment