Saturday, July 20, 2013

ဟတ္တကာဠ၀က ဥပါသကာ ကို အတုယူ၍"


 ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တပည့်သာဝကတို့တွင် ရှေးဘ၀အဆက်ဆက် က ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီ ကုသိုလ်နှင့် တောင့်တ ခဲ့သော ဆုတောင်းအလျောက် ထူးကဲ သာလွန် သည့်ပုဂ္ဂိုလ်မြတ်တို့အား "ဧတဒဂ်" ဘွဲ့ထူး ပေးအပ်လေ့ရှိပါ၏။


"ဧတဒဂ်"ဟူသည်မှာ"ဧတဒဂ္ဂ(ဧတ+အဂ္ဂ)" ဟူသော ပါဠိ ကို မြန်မာမှုပြုထားခြင်းပါ။ မြန်မာပြန် အဓိပ္ပါယ်အရဆိုလျှင်-
"ဤ သူသည် ဤ နေရာ၌ အသာဆုံး၊အမြတ်ဆုံး"ဟု ဆိုလိုပါသည်။

ယခု အဓိက တင်ပြလိုသည်မှာ"ပရိတ်သတ် စည်းရုံးရေးအရာ၌ သူမတူအောင် ကျွမ်းကျင်လှ၍ ဧတဒဂ် ဘွဲ့ထူးရ" ဥပသကာ တစ်ဦး နှင့် သူ ဆောင်ရွက်ခဲ့သည့် နည်းလမ်း(၄)သွယ် ဖြစ်ပါ၏။

တစ်နေ့သောအခါ "ဟတ္ထကာဠ၀က" သည် "သင်္ဂဟတရားလေးပါး" နှင့်အညီ စည်းရုံးထားသော ဥပါသကာ(၅၀၀) နှင့်အတူ ဘုရားရှင်ထံတော်သို့ အဖူးအမြော် ရောက်ခဲ့သည်။

ဘုရားရှင် သည် အလွန်ယဉ်ကျေးသိမ်မွေ့ ငြိမ်သက်လှသည့်"ဟတ္ထကာဠ၀က" နှင့် သူ၏ပရိသတ်ကိုတွေ့သောအခါ-
"ချစ်သား - ဟတ္ထကာဠ၀က
သင် စည်းရုံးထားသော ပရိတ်သတ်ကား လွန်စွာ ယဉ်ကျေးသိမ်မွေ့လှ၏။ဤမျှသော ပရိသတ်ကို သင် မည်သို့မည်ပုံ စည်းရုံးထားသနည်း" ဟု မေးတော်မူပါ၏။

ထိုအခါ "ဟတ္ထကာဠ၀က" က-
"မြတ်စွာဘုရား- တပည့်တော် သည် ပရိတ်သတ် အား
(၁) စွန့်ကြဲပေးကမ်းမှ နှစ်သက် အားရမည့်သူကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဖြင့် ချီးမြှောက်ပါသည်။(ဒါန)

(၂) နှစ်လိုဖွယ်စကား ပြောကြားမှ နှစ်သက်အားရမည့်သူကို နှစ်လိုဖွယ်စကား ပြောကြားခြင်းဖြင့် ချီးမြှောက်ပါသည်။(ပေယျဝဇ္ဇ)

(၃) အကျိုးစီးပွားတစ်ခုခု ပြုလုပ်ပေးမှ နှစ်သက်အားရမည့်သူကို သူတို့၏အကျိုးစီးပွားဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ပါသည်။(အတ္တစရိယ)

(၄) ကိုယ်နှင့်မခြား တန်းတူထားဆက်ဆံ မှ နှစ်သက်အားရမည့်သူကို တန်းတူရည်တူ ဆက်ဆံမှုပြုခြင်းဖြင့် ချီးမြှောက်ပါသည်။(သမာနတ္တတာ)

ဤ သင်္ဂဟ၀တ္ထု(၄)ပါးကိုအမြဲလက်ကိုင်ပြု၍ ပရိတ်သတ်ကို ချီးမြှောက်စည်းရုံးခဲပပါသည် ဘုရား" ဟု ပြန်လည် လျှောက်ထားပါ၏။


"ဟတ္တကာဠ၀က" ဥပါသကာ ၏ စည်းရုံးပုံ အဆင့်ဆင့်
--------------------------------------------------------

"(၁)ပေးကမ်းစွန့်ကြဲမှု=ဒါန"

စွန့်ကြဲ ပေးကမ်းမှုသည်"ဒါနံ သဗ္ဗတ္ထ သာဓကံ" ဆိုသည့်အတိုင်း အလုံးစုံသောအကျိုးကို ပြီးစေနိုင်သည့်အပြင် ကုသိုလ်အမျိုးမျိုးကိုပါ ရရှိစေပါ၏။
စင်စစ် ပေးလှူသူဖက်မှ "လက်ခံသူ စိတ်ချမ်းမြေ့ဖွယ်ရာပစ္စည်း ကို ရက်ရောစွာပေးလိုက်ရသည်"ဟု နှစ်သက်မှု=ပီတိ ပွားခဲ့ရသည်။

မိမိပိုင် ပစ္စည်းဉ္စာများကို လက်လွှတ်စွန့်ကြဲ လိုက်ရသဖြင့် ၀န်တိုမှု=မစ္ဆရိယ နှင့် တပ်မက်မှု=လောဘ တို့လည်း အလိုလိုကင်းပျောက်သွားပါ၏။

ထိုမျှမကသေး-
အလှူခံအပေါ်ချမ်းသာစေလိုခြင်း=အဒေါသ(မေတ္တာ)ပြဋ္ဌာန်းသော ကုသိုလ်စိတ် နှင့် တပ်မက်ခြင်းကင်းမှု=အလောဘ ပြဋ္ဌာန်းသော ကုသိုလ်အကျိုးများလည်း အလိုလိုရရှိလာပါတော့၏။


"(၂)ချစ်ဖွယ်စကား ပြောဆိုခြင်း=ပေယျဝဇ္ဇ"

ပေးကမ်းခြင်း ဖြင့် စည်းရုံးမှုမအောင်မြင်သေးလျှင် တစ်ဆင့်တက်၍ နှစ်လိုဖွယ်စကားများ ပြောဆိုဆက်ဆံမှုပြု၍ စည်းရုံးပါ၏။
နှစ်လိုဖွယ်စကားပြောကြားခြင်းသည် ပြောသူ၊နာသူ နှစ်ဦးနှစ်ဖက် နှစ်သက်ရွှင်လန်းမှုကိုဖြစ်စေသည့်အပြင် ကုသိုလ်အကျိုးများစွာကိုလည်းဖြစ်ပေါ်စေနိုင်ပါ၏။
ဆိုလိုသည်က-
ပြောမည့်သူ က မပြောသေးမီ နားထောင်မည့်သူအပေါ် မေတ္တာဓာတ်အပြည့်အ၀ပို့လွှတ်၍ ပြောတော့မည် ဟု နှလုံးသွင်းမှု=မနောကံ မေတ္တာ။ ပြောဆိုနေစဉ် နှင့် ပြောပြီးကာလ များတွင် အချင်းချင်း မေတ္တာတုံ့ပြန်မှုများရှိနေခြင်းကြောင့် ကုသိုလ်များစွာ ရရှိနိုင်ပေ၏။

"(၃) အကျိုးစီးပွားဖြစ်အောင် ဆောင်ရွက် ပေးမှု=အတ္ထစရိယ"

အထက်ပါ (၂)မျိုး နှင့် စည်းရုံး၍မအောင်မြင်သေးလျှင် သူတို့ပြုလုပ်သည့် ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် နှစ်သက်စေရပါမည်။သူတို့၏ မျက်မှောက် ၊သံသရာ နှစ်ဖြာသောအကျိုးကို ရှေးရှုဆောင်ရွက်မှုပြုရသဖြင့် ကုသိုလ်များစွာ ရရှိစေနိုင်ပါ၏။

ပြုပေးသူ က အပြုခံ ပုဂ္ဂိုလ် အား"ဤအမှုမျိုးအား မပြုနှင့်၊ ဤအမှုမျိုးအား ပြုလုပ်။မကောင်းသောမိတ်ဆွေနှင့်မပေါင်းနှင့်၊ကောင်းသော ပညာရှိတို့နှင့်သာပေါင်း"ဟု မေတ္တာ၊စေတနာ အပြည့်အ၀ ထားကာအကျိုးရှိအောင်ညွှန်ပြဆောင်ရွက်နိုင်ပေးရသဖြင့် အချင်းချင်း မေတ္တာတရားတိုးပွားကာ ကုသိုလ်များစွာလည်း တိုးပွားလာတော့၏။

"(၄) ကိုယ်နှင့်တန်းတူထားခြင်း=သမာနတ္တတာ"

ဖော်ပြပါ (၃)မျိုးနှင့်တောင်မှ စည်းရုံး၍မရနိုင်ပါသေးလျှင် နောက်ဆုံးအဆင့်ဖြစ်သော ကျောသားရင်သားခွဲခြားမှုမရှိ၊တစ်သွေးတည်း၊တစ်သားတည်းအနေဖြင့်ဆက်ဆံပေါင်းသင်းနေထိုင်သွားပါ၏။
သို့မှသာ တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းခွဲခြင်းဟူသော အတ္တ-မာန များလျော့ကျပြီး မိမိအပေါ် ဆွေမျိုးရင်းချာတစ်ဦးကဲ့သို့ ထင်မြင်လာကာ မေတ္တာစိတ်များဖြင့် ကုသိုလ်စိတ်များလည်း တိုးပွားလာပါ၏။

ဤ"သမာနတ္တတာ သင်္ဂဟ၀တ္ထု=မိမိ နှင့်တန်းတူထား၍ကျင့်ခြင်း"သည်ကား သင်္ဂဟ၀တ္ထု(၄)ပါး တွင် အဓိကအကျဆုံးဟုဆိုရပါမည်။ဤသို့ကျင့်ခြင်းဖြင့် စည်းလုံးညီညွှတ်မှုနှင့် မိသားစုစိတ်ဓာတ်မျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်ပါ၏။

ထို့ကြောင့် အနာဂါတ်သာသနာပြုပုဂ္ဂိုလ် အပေါင်းတို့သည်"ဟတ္တကာဠ၀က" ဥပါသကာ ၏စည်းရုံးရေးမှု(၄)ရပ်အတိုင်းလိုက်နာကျင့်သုံးလျက် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ပြန့်ပွားစေရန် စည်းရုံးဆောင်ရွက်တော် မူနိုင်ကြပါစေရန် ရေးသားတင်ပြအပ်ပါ၏။

ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလဆန်း(၁၂)ရက်၊(၁၉-၇-၂၀၁၃)ရက်နေ့၊သောကြာနေ့- (နေ့လည်-၂း ၀၃)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

No comments:

Post a Comment