သို့သော်လည်း ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်၏ ကျေးဇူးအထူးကိုလည်း ပွားများ ပူဇော်လိုပါသည်။ နိဗ္ဗာန်ကို တစ်ခါမျှ မျက်မှောက် မပြုဖူးသေးသည့် ပုထုဇဉ် တစ်ယောက်အား ဥပသမာနုဿတိ ပွားများရန် နားလည်လွယ်လောက်သည့် နည်းလမ်းများ ညွှန်ပြ ပေးတော်မူကြပါရန်။
ဦးကောင်းစိန် (ရန္ထပို)
ဖြေ။ ။ အာရုံတစ်ခုကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ ဆင်ခြင်မှုကို အနုဿတိ ဟု ခေါ်၏။ ထိုအနုဿတိ သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ - စသည်ဖြင့် ဆယ်ပါးအပြားရှိ၏။ ထိုဆယ်ပါးတို့တွင် ခုနစ်ပါးမြောက် အနုဿတိမှာ ဥပသမာနုဿတိ ဟူ၍ ဖြစ်၏။ နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခ ရှိပုံကို အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်းကို ဥပသမာနုဿတိ ဟု ခေါ်၏။
ထိုနိဗ္ဗာန်သည် “စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ - ဟူသည်နှင့်အညီ မဂ်ဉာဏ်ရသော အရိယာပုဂ္ဂိုလ်များ မျက်မှောက်ပြုအပ်သော (တိုက်ရိုက်မြင်အပ်သော) တရားဖြစ်၏။ မဂ္ဂဖလာနမာရမ္မဏဘူတံ = ဟူသော ပါဌ်အရ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်” ဟု ပြသဖြင့် မဂ်ဖိုလ်မရသော ပုထုဇဉ်များ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံမပြုနိုင်၊ နိဗ္ဗာန်ကို ရည်မှန်း၍ ဆုတောင်းရာ ကမ္မဋ္ဌာန်း စီးဖြန်းရာစသည်တို့၌ အနုမာနဉာဏ်ဖြင့် ရော်ရမ်းမှန်းဆလျက် နိဗ္ဗာန်၏ အေးငြိမ်းပုံ အခြင်းအရာ အာကာရ ပညတ်လောက်ကိုသာ အာရုံပြုနိုင်ပါသည်။
ပုထုဇဉ် ပုဂ္ဂိုလ်များ အနေဖြင့် တိုက်ရိုက်အာရုံမပြုနိုင်သော်လည်း ပုထုဇဉ်များ ပွားများသင့်ကြောင်း ၀ိသုဒ္ဓိမဂ် (၀ိသုဒ္ဓိ-ဋ္ဌ၊၁၊၂၈၆)တွင် ဆိုထားပါသည်။ မှန်ပါသည်၊ ဗုဒ္ဓါနုဿတိ -စသော ရှေးအနုဿတိ ခြောက်ပါးသည်ပင် “အ၀စ္စပ္ပသာဒေန သမန္နာဂတေန” ဟု ဆိုထားသောကြောင့် အရိယာပုဂ္ဂိုလ်တို့အားသာ လွယ်ကူစွာ ပြည့်စုံနိုင်ပါသည်။ သို့သော်လည်း စင်ကြယ်သော သီလအစရှိသော ဂုဏ်နှင့်ပြည့်စုံသော ပုထုဇဉ်ပုဂ္ဂိုလ်များလည်း ပွားများအားထုတ် သင့်သည်ဟု ဆိုထားပါသည်။
(၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၂၀၊၂၂၁။ မဟာဋီ၊၁၊ ၂၆၇)
ဝိသုဒ္ဓိမဂ်တွင် ဥပသမာနုဿတိကို ဆယ်ပါးမြောက် နောက်ဆုံးမှ ထားကာ ဤသို့စတင် ဖော်ပြထား၏။
အာနာပါနဿတိ၏ အခြားမဲ့၌ ညွှန်ပြအပ်သော ဥပသမာနုဿတိကို ပွားများလိုသော ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက် တစ်ယောက်တည်းကိန်းအောင်းကာ ---
“ ရဟန်းတို့ အပြုပြင်ခံ “သင်္ခတ”တရား၊ အပြုပြင်ကင်း “အသင်္ခတ”တရား ရှိသမျှတို့ထက် ရာဂဟူသော ယစ်ခြင်းကင်းရာ ရာဂဟူသော မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အတွယ်အတာကို ပယ်ခွါရာ ၀ဋ် (မြစ်) ပြတ်ရာ တဏှာကုန်ရာ ကင်းပြတ်ရာ ချုပ်ရာ ငြိမ်းအေးရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။” ဤသို့ ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်၏ ဂုဏ်ပုဒ်တို့ကို အဖန်ဖန် အထပ်ထပ် အောက်မေ့ ဆင်ခြင်အပ်ကုန်၏။
(၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊ ၂၈၄)
ဝိသုဒ္ဓိမဂ်တွင် အထက်ပါအတိုင်း အဂုင်္တ္တိုရ်၊စတုက္ကနိပါတ်၊ အဂ္ဂပသာဒသုတ်၌ လာရှိသော နိဗ္ဗာန်ဂုဏ်ရည်ပြ ဒေသနာကို ထုတ်ပြပြီးနောက် သဠာယတန၀ဂ္ဂသံယုတ်၊ အသင်္ခတသံယုတ်လာ နိဗ္ဗာန်၏ ဂုဏ်ပုဒ်တို့ကို ထုတ်ပြကာ ထိုဂုဏ်ပုဒ်တို့၏ အစွမ်းဖြင့်လည်း ဆင်ခြင်အပ်ကုန်၏- ဖော်ပြထား၏။
ထိုဂုဏ်ပုဒ်များကို မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက ဂါထာစီထားပါသည်။ ထိုဂါထာ+အနက်ကို ရွတ်ဆို ပွားများပါလျှင် ဥပသမာနုဿတိ ဖြစ်နိုင်ပါသဖြင့် ဖော်ပြပါမည်။ ကြိုးစားကျက်မှတ်ကာ ရွတ်ဆိုပွားများနိုင် ကြပါသည်။
ဓုဝါ ဇရံ နိပ္ပပဉ္စံ ၊ သစ္စံ ပါရံ သုဒ္ဒုဒ္ဒသံ။
သိဝါမတံ ခေမဗ္ဘုတံ ၊ အဗျာဗဇ္ဈ မနီတကံ။
တာဏံ လေဏဉ္စ ဒီပဉ္စ၊ ၀ိသုဒ္ဓိတျာဒိ နေကဓာ။
နိဗ္ဗာနံ - နိဗ္ဗာန်သည်၊ ဓုဝံ - ခိုင်ခံ့၏၊ အဇရံ - အိုခြင်းမရှိ၊ နိပ္ပပဉ္စံ - ၀ဋ်သံသရာ၊ ချဲ့တတ်စွာသည့် တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စ တရားမရှိ၊ သစ္စံ - သန္တိဧကန်၊ မဖောက်ပြန်၍ မှန်ကန်၏၊ ပါရံ - သံသရာ၏ ဟိုမှာဘက်ကမ်းတည်း၊ သုဒုဒ္ဒသံ- အလွန်အကဲ သိမ်မွေ့နက်နဲသည်ဖြစ်၍ ညဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲ၏၊ သိဝံ - ပူပန်စေသည့် ကိလေကင်းဝေး ချမ်းအေး၏၊ အမတံ - မသေရာတည်း၊ ခေမံ - ယောဂလေးချက် မနှိပ်စက်၍ ငြိမ်သက်ငြိမ်းချမ်း၏၊ အဗ္ဘုတံ - သင်္ခါရကင်းကွယ် အံ့ဘွယ်သရဲ မဖြစ်ဖူးမြဲဖြစ်၏၊ အဗျာဗဇ္ဈံ - ဆင်းရဲမရှိ၊ အနီတိကံ - ကျိုးမဲ့ဟူဘိ ဤတိမရှိ၊ တာဏံ - ၀ဋ်ဆင်းရဲမှ စောင့်ရှောက်တတ်၏၊ လေဏံ - ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာတည်း၊ ဒီပံ - သြဃမလွှမ်း သော ကျွန်းတည်း၊ ၀ိသုဒ္ဓိ - ကိလေကြေးညစ် စင်စစ် စင်ကြယ်၏၊ ဣတျာဒိနေကဓာ - ဤသို့စသား နိဗ္ဗာန်၏ဂုဏ် များလှ၏။
သီလက္ခန်ပါဠိတော်၊ ကေ၀ဋ္ဋသုတ်လာ နိဗ္ဗာန်၏ သဘောသဘာဝ ပေါ်လွင်သော ဂါထာတစ်ပုဒ်ကိုလည်း ရွတ်ဆိုပွားများနိုင်ရန် ဖော်ပြပါဦးမည်။
ဝိညာဏံ အနိဒဿနံ ၊ အနန္တံ သဗ္ဗတော ပဘံ။
ဧတ္ထ အာပေါ စ ပထ၀ီ ၊ တေဇော ၀ါယော န ဂါဓတိ။
ဝိညာဏဉ္စ နိရောဓေန ၊ ဧတ္ထေတံ ဥပရုဇ္ဈတိ ။
ဝိညာဏံ - အရိယာမွန် ပုဂ္ဂိုလ်ချွန်တို့ ဉာဏ်လွန် ဉာဏ်မြတ် ဉာဏ်ထူးဓာတ်ဖြင့် သိအပ်သိပိုင် သိနိုင်ကောင်းထသော၊ အနိဒဿနံ - အရာဝတ္ထု မဟုတ်မှုကြောင့် စက္ခုဖြင့်ဆိုင် မမြင်အပ် မမြင်နိုင်ထသော၊ အနိဒဿနံ - ငြိမ်သက်အေးမြ မွန်မြတ်လှသဖြင့် လောကဥပမာ ပြစရာလည်း မရှိထသော၊ အနန္တံ - ဖြစ်ခြင်း ရင့်ခြင်း ပျက်ကွက်ခြင်းဟု အခြင်းသုံးပါး ပိုင်းအခြားဖြင့် ကွဲပြားမထင် အမြဲသစ်လွင်၍ တည်ထသော၊ သဗ္ဗတော ပဘံ - သမုဒြာ ဆိတ်ကမ်းသာသို့ ၀င်ရာဖုံဖုံ အားလုံးစုံအောင် ဖုံဖုံ ကမ္မဋ္ဌာန်း ဆိတ်ကမ်း အ၀င်ဝလည်း ရှိထသော၊ သဗ္ဗတော ပဘံ - ကိလေသာညစ် မမြှေးရစ်သဖြင့် ၀င်းသစ်သည့်ပုံ အလုံးစုံ အရောင်ရှိထသော၊ ယံ နိဗ္ဗာနံ - ဒုက္ခပြတ်ကိန်း ၀ဋ်ဇာတ်သိမ်း၍ ငြိမ်းရာအမှန် အကြင်နိဗ္ဗာန်သည်၊ အတ္ထိ- ပရမတ်တရား မြတ်တစ်ပါးဖြင့် ထင်ရှားမသွေ ရှိပါပေ၏။
ဧတ္ထ နိဗ္ဗာနေ - ဒုက္ခပြတ်ကိန်း ၀ဋ်ဇာတ်သိမ်း၍ ငြိမ်းရာအမှန် ဤနိဗ္ဗာန်ကြောင့်၊ အာပေါ စ - စိမ့်ဝင်သောအား မလွင့်ပါးအောင် ရုပ်များပေါင်းစပ် ဖွဲ့စည်းသော အာပေါဓာတ်သည်လည်းကောင်း၊ ပထ၀ီ စ - အတူဖြစ်ငြား ရုပ်အများကို ခံထားနိုင်စွာ ခိုင်မာသော ပထ၀ီဓာတ်သည်လည်းကောင်း၊ တေဇော စ - မီးကြောင့် ဖယောင်း ပျော့၍ ပျောင်းသို့ ပျော့ပျောင်း ပြကတေ့ ရုပ်တိုင်းတွေ့အောင် အငွေ့သဘော တေဇောဓာတ်သည် လည်းကောင်း၊ ၀ါယော စ - အတူဖြစ်လာ ရုပ်များစွာကို တောင့်မာစေမှု ရွေ့အောင်ပြုသော ၀ါယောဓာတ်သည် လည်းကောင်း၊ န ဂါဓတိ - မထောက် မမှီ မတည်မခိုင် မဖြစ်နိုင်တော့ချေ။
ဝိညာဏဿ - ဘ၀တစ်ဖန် ပြုစီမံမည့် ကံဟုခေါ်တွင် ရှေးဝိညာဏ်၏၊ နိရောဓေန - အရဟတ္တမဂ် ဉာဏ်ဖြင့် ဖျက်၍ ကွယ်ပျက်ချုပ်ငြိမ်း ရုပ်သိမ်းသည့်အတွက်၊ ၀ိညာဏဿ - ရဟန္တာအရှင် နိဗ္ဗာန်ဝင်ဖို့ ၀ိညာဏ်ဟုခေါ် စုတိစိတ်တော်၏၊ နိရောဓေန - ဥပါဒ်-ဌီ-ဘင် အစဉ်စေ့ရောက် ချုပ်ပျောက်သည့်အတွက်၊ ဧတ္ထ နိဗ္ဗာနေ - ဒုက္ခပြတ်ကိန်း ၀ဋ်ဇာတ်သိမ်း၍ ငြိမ်းရာအမှန် ဤနိဗ္ဗာန်ကြောင့်၊ ဧတံ နာမရူပံ - အိုနာသေရေး ဒုက္ခဘေးနှင့် ရောထွေးပိုက်ထုပ် ဤနာမ်နှင့်ရုပ်သည်၊ ဥပရုဇ္ဈတိ - မီးတောက်မီးလျှံ ချုပ်ငြိမ်းဟန်သို့ ဧကန်မသွေ ချုပ်ငြိမ်းရပေ သတည်း။ (အနက်= သင်္ဂြိုဟ်ဘာသာ- ၆၄၃)
အထက်ပါ ဂါထာများကို ကျက်မှတ်ကာ ရွတ်ဆိုပွားများပါလျှင် ရာဂ-ဒေါသ-မောဟတရားများ ထကြွသောင်းကျန်းမှု မဖြစ်ပဲ စိတ်ဓာတ်တည်ကြည်ငြိမ်သက်ကာ နိဗ္ဗာန်၏ ငြိမ်းချမ်းအေးမြမှုကို အာရုံပြု၍ ဥပစာရ ဈာန်များ ဖြစ်ပွားလာနိုင်ပါသည်။ နိဗ္ဗာန်၏ သဘောသဘာဝကိုလည်း မှန်းဆကြည်ညိုနိုင်ကာ နိဗ္ဗာန်ကို ပိုမို၍ လိုခြင်စိတ် ဖြစ်ပေါ်လာနိုင်ပါသည်။
မှန်ပါသည်၊ နိဗ္ဗာန်ကို ပုထုဇဉ်များ အနုမာနဉာဏ်ဖြင့် မှန်းဆ၍ အာရုံပြုနိုင်သည်ဟု ဆိုသော်လည်း နိဗ္ဗာန်အကြောင်းကို ကျကျနန မလေ့လာဘူးပဲ အာရုံပြုကြည့်မည် ဆိုပါလျှင် မိမိတို့ ထင်ရာမြင်ရာ တနည်းအားဖြင့် မိမိတဏှာ၏ အကြိုက်သို့လိုက်၍ မှန်းဆပုံဖော်မိဖို့သာ များပါသည်။ ထိုသို့ မှန်းဆကြကာ နိဗ္ဗာန်ဟူသည် ဘုံတစ်မျိုး ဟုလည်းကောင်း၊ ရုပ်အထူးတစ်မျိုးဟုလည်းကောင်း၊ နာမ်အထူးတစ်မျိုးဟုလည်းကောင်း၊ ခန္ဓာကိုယ်အတွင်း၌ အနှစ် အမတေအလား မြဲခိုင်သော တရားသည် ရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမတေသာ အဖတ်တင် ကျန်ရစ်၏၊ ထိုအနှစ်အမတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကောင်း၊ နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့် မရှိလျှင် အဘယ်မှာ ချမ်းသာ ဆိုနိုင်ပါအံ့နည်း- ဟုလည်းကောင်း၊ မိမိတို့ ထင်ရာမြင်ရာ ပြောဆိုရေးသားကြကုန်၏။
အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်တို့ ဤနိဗ္ဗာန်သည် ချမ်းသာ၏၊ ငါ့သျှင်တို့ ဤနိဗ္ဗာန်သည် ချမ်းသာ၏” ဟု မိန့်ဆို၏။ ဤသို့ မိန့်ဆိုလတ်သော် အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား -“ငါ့သျှင် သာရိပုတြာ ခံစားမှု မရှိသော နိဗ္ဗာန်၌ ချမ်းသာကား အဘယ်ပါနည်း” ဟု မေး၏။ ငါ့သျှင် ခံစားမှု မရှိသော ဤနိဗ္ဗာန်၌ ဤခံစားမှု မရှိခြင်းသည်ပင် ချမ်းသာမည်၏-(ဟု မိန့်ဆိုလေ၏။) (အင်္ဂုတ္တိုရ်၊ န၀ကနိပါတ်၊ နိဗ္ဗာနသုခသုတ်)
ဤသို့လျှင် ပုထုဇဉ်တို့၏ အထင်နှင့် အရိယာတို့၏ အမြင်မှာ ပြဒါးတစ်လမ်း သံတစ်လမ်းစီ ဖြစ်ရကား သံယုတ် ပါဠိတော်တွင် အောက်ပါဂါထာတို့ကို ဟောတော်မူ၏။
သဒေ၀ကဿ လောကဿ ၊ ဧတေ ဝေါ သုခသမ္မတာ ။
ယတ္ထ စေတေ နိရုဇ္ဈန္တိ ၊ တံ တေသံ ဒုက္ခသမ္မတံ ။
သဒေ၀ကဿ - ဗြဟ္မာ သိကြား နတ်အများနှင့် တကွဖြစ်သော၊ လောကဿ - ပုထုဇဉ်ဟု ဉာဏ်မြင်ပေတုံး တစ်လောကလုံးသည်၊ ဧတေ - ရူပ-သဒ္ဒ စသည့်အာရုံ ဤကာမဂုဏ်တို့ကို၊ သုခသမ္မတာ - ချမ်းသာဖွယ်တောင်း အကောင်းဟု သမုတ်အပ်ကုန်ပြီ၊ ယတ္ထ - အရိယာအများ လွန်လေးစားသည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌၊ ဧတေ - ရူပ-သဒ္ဒ စသည့်အာရုံ ဤကာမဂုဏ်တို့သည်၊ နိရုဇ္ဈန္တိ - ကွယ်ပျောက်ချုပ်သိမ်း ရုပ်သိမ်းကြရ လေကုန်၏၊ တံ စ - ကာမဂုဏ်အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးမရာအမှန် ထိုနိဗ္ဗာန်ကိုကား၊ တေသံ - ထို ဉာဏ်မြင်ပေတုံး ပုထုဇဉ်အားလုံးတို့သည်၊ ဒုက္ခသမ္မတံ - ခံစားဖွယ်အချက် ကင်းသည့်တွက်ကြောင့် သက်သက် ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။
သုခံ ဒိဋ္ဌမရိယေဘိ ၊ သက္ကာယဿ နိရောဓနံ ။
ပစ္စနီကမိဒံ ဟောတိ ၊ သဗ္ဗလောကေန ပဿတံ ။
သက္ကာယဿ - ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း ခန္ဓာငါးပါးအပေါင်း၏၊ နိရောဓနံ - ကင်းပျောက် ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော၊ သုခံ - နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို၊ အရိယေဘိ - အရိယာအရှင် သူတော်စဉ်တို့သည်၊ ဒိဋ္ဌံ - ဉာဏ်စက္ခုဖြင့် စေ့ငုထင်ထင် သိမြင်အပ်ပေပြီ၊ ဣဒံ - များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို၊ ပဿတံ - တပ်အပ်ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ၊ သဗ္ဗလောကေန - အ၀ိဇာဖုံး တဏှာတုံးဟု အားလုံးလောက ဟူသမျှနှင့်၊ ပစ္စနီကံ - ကျောချင်းကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ ဖြစ်ရလေတော့သတည်း။ (သဠာယတနသံယုတ်၊ ဒေ၀ဒဟ၀ဂ်၊ ပထမ ရူပါရာမသုတ်)
ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ထူထောင်ရ၏။ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးးယူကာ မတရား ခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ၀မ်းနည်းစရာကြီးပေတည်း။ ထိုကဲ့သို့ ခံစားမှုသုခနှင့် မရောသော သန္တိသုခသဘောသည်ကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောပေတည်း။ ထိုအေးမြငြိမ်းချမ်းခြင်း သဘောကို မှန်းဆကြည်ညိုကာ အဖန်ဖန် ပွားများအားထုတ်နိုင်ပါလျှင် အောက်ပါအကျိုးတရားတို့ကို ရရှိနိုင်ကြောင်း ၀ိသုဒ္ဓိမဂ်တွင် ဖော်ပြပါရှိပါသည်။
၁။ ချမ်းသာစွာ အိပ်ရ၏။
၂။ ချမ်းသာစွာ နိုးရ၏။
၃။ ငြိမ်သက်သော ဣနြေ္ဒရှိ၏။
၎။ ငြိမ်သက်သော စိတ်ရှိ၏။
၅။ မကောင်းမှုမှ ရှက်ကြောက်ခြင်း ရှိ၏။
၆။ ကြည်ညိုဖွယ် ရှိ၏။
၇။ မြတ်သော နိဗ္ဗာန်သို့ ကိုင်းညွတ်၏။
၈။ သီတင်းသုံးဖော်တို့ ကော်ရော်လေးမြတ် ချီးမွမ်းအပ်၏။
၉။ သစ္စာလေးချက် အထက်တရားတို့ကို စုတိအတွင်း မထွင်းမဖောက် မရောက်သေးသည်ရှိသော် လူဘုံ နတ်ရပ် မြတ်သော သုဂတိဘ၀သို့ လားရောက်ရ၏။ (၀ိသုဒ္ဓိ၊ ၁၊၂၈၆)
ထို့ကြောင့် အထက်ပါ အကျိုးတရားများနှင့် “ ရဟန်းတို့ နိဗ္ဗာန်တရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။” ဟူသော အဂ္ဂပသာဒသုတ်လာ ဘုရားရှင်၏ ဒေသနာတော်တို့ကို ယုံကြည်လေးစားကာ ကြိုးကြိုးစားစား ပွားများအားထုတ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.comမှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment