Sunday, September 22, 2013

ဘာကြောင့်တရားအားထုတ်တာလဲ

                                                       ဘာကြောင့် တရားအားထုတ်ကြတာလဲ။ တရားအားထုတ်တယ်ဆိုတာက အသိဥာဏ်ပညာအတွက် အားထုတ်ကြတာ။ ၀ိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်က ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို ရည်မှန်းထားတာပဲ။
ဒါဖြင့်ရင် ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို လိုချင်တဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ်၊ နှုတ်အပြစ်ကင်းတဲ့ သီလကို အရင်ထိန်းရမယ်။ ကာယကံအပြစ်ကင်းအောင် လုပ်ရမယ်။ ၀စီကံအပြစ်ကင်းအောင် လုပ်ရမယ်။
ဒီလိုမဟုတ်ဘဲ တရားအားထုတ်ချင်တဲ့အခါ သွားအားထုတ်လိုက်၊ နောက်ပြီး ဖယ်ချချင်တဲ့အခါ ထွက်ချလိုက်၊ ဓားပြတိုက်ချင်တဲ့အခါ ထွက်တိုက်လိုက်နဲ့ အဲဒါလို လုပ်နေလို့တော့ ဘယ်တော့မှ ဒီလူမျိုး တရားရမယ်မဟုတ်ဘူး။ အခြေခံ သီလကိုမှ သူက မဖြည့်ဘဲ။ ကုသိုလ်ရရုံ၊ ပါရမီရရုံပဲ ရှိတယ်။ အားမထုတ် ကောင်းဘူးလို့တော့ တို့က မဆိုလိုပါဘူး။ တရား အထမမြောက်နိုင်တာ ပြောတာပါ။
အတွက်တွက်မယ့် ပုဂ္ဂိုလ်က ၁၊၂၊၃၊၄ တွေ မေ့မေ့ကုန်ရင် ဘယ့်နှယ်တွက်လို့ရမလဲ။ မြန်မာစာတတ်တဲ့ ပုဂ္ဂိုလ်က မေ့ကုန်လို့ ကကြီးမှန်း ခကွေးမှန်း မသိရင် ဘာနဲ့သွားဖတ်မလဲ။ အင်္ဂလိပ်စာဖတ်ရင်လည်း အေ၊ ဘီ၊ စီ၊ ဒီ မျှမသိဘဲ ဘာနဲ့သွားဖတ်မလဲ။ အဲဒီလိုအခြေခံကစပြီး ပျက်စီးနေရင် ရှေ့တက်လို့ မရတော့ဘူး။ ကိုယ့်အဖို့တော့ ဒီလိုပဲ ဆုံးဖြတ်ပါ။ သူများအဖို့တော့ သူတို့ကြိုက်သလို အားထုတ်ကြပါစေ။ သူများအပြစ်မရှုနဲ့။ သူများအပြစ်ရှုရင် ကိုယ့်အတွက် အကျိုးယုတ်လိမ့်မယ်။ ကိုယ်အကျိုးရှိဖို့က အရေးကြီးတယ်။
အထက်တရား အားထုတ်လို့အထမြောက်ချင်ရင်
သီလမပြည့်စုံရင် အထက်တရားအားထုတ်လို့ အထမမြောက်ဘူး။ ဒါကြောင့် သီလကို မြေကြီးနဲ့တူတယ်လို့ ဆိုတယ်။ အဆောက်အအုံ တိုက်တာတွေ ဆောက်တဲ့အခါမှာလည်း မြေကြီးမရှိရင် ဘယ်အပေါ် သွားဆောက်မလဲ။ ဘယ်အဆောက်အအုံမှ မြေကြီးမရှိဘဲ ဆောက်လို့မရဘူး။ လေထဲသွားဆောက်လို့လည်း မရဘူး။ ကောင်းကင်တက်ဆောက်လို့လည်း မရဘူး။ မီးတွေ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်ကြီးထဲလည်း သွားဆောက်လို့မရဘူး။ အမာခံကောင်းတဲ့ မြေပေါ်မှာသာ ဆောက်မှရတယ်။ အဲဒီတော့ သီလပထ၀ီယံ ဌတွာ၊ သီလတည်းဟူသော မြေပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်ပြီးတော့မှ ကိလေသာ အရှုပ်အထွေးတွေကို ခုတ်ထွင်လို့ရတာ။ ဒါကြောင့် သီလဟာ အရေးကြီးဆုံး။
ဆရာတော်ဦးဓမ္မိက (မြောင်းမြ၊ ဟေမ၀န်ကျောင်း)
2012 စက်တင်ဘာလထုတ် အပ္ပာမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ကူးယူဖော်ပြ မျှဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment