Friday, January 31, 2014

မြတ်စွာဘုရားက ရှင်ပုဏ္ဏကို သုနာပရ န္တ အရပ်မှာ နေခွင့်ပြုရခြင်း။

        ရှင်ပုဏ္ဏက “သုနာပရန္တ ဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ” လို့ဆိုတော့ မြတ်
စွာဘုရားက =“သုနာပရန္တ အရပ်ကလူတွေ လူဆိုးတွေ၊ လူကြမ်းတွေများတယ်။ မင်း အဲဒီနေရာ
သွားနေမယ် ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေကမြင်တော့ ၀ိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း။”

         ရှင်ပုဏ္ဏက “အရှင်ဘုရား တပည့်တော်ကို လာဆဲမယ်ဆိုရင် ဒီလူတွေ လူတော်လူကောင်း
တွေပဲ၊ ဆဲရုံပဲ ဆဲတာ၊ သူတို့ငါ့ကို ခဲနဲ့မှ မထုတာ၊ ဒီလိုနှလုံးသွင်းမှာပါဘုရား” တဲ့။
         “ဒါဖြင့် သူတို့က ခဲနဲ့ထုရင်ရော မင်းဘယ်လို လုပ်မတုန်း” ဆိုတော့“ဒီလူတွေက လူကောင်း
တွေပဲ၊ ငါ့ကို ခဲနဲ့ပဲထုတာ၊ လက်နဲ့မရိုက်သေးတာလို့ တပည့်တော်က ဒီလိုနှလုံးသွင်းမှာပါဘုရား”။
“ဒါဖြင့် လက်နဲ့ရိုက်ပြီဆိုရင် မင်းဘယ်လိုနှလုံးသွင်းမှာလဲ” ဆိုတော့ “ဒီလူတွေက လက်နဲ့သာရိုက်
တာ၊ တုတ်နဲ့မှ မရိုက်သေးပဲလို့ နှလုံးသွင်းမှာပါ ဘုရား” ။
          “ ကဲဒါဖြင့် မင်းကို တုတ်နဲ့ရိုက်ပြီဆိုရင် မင်းဘယ်လို နှလုံးသွင်းမှာလဲတဲ့၊” “ဒီလူတွေက
လူကောင်းတွေပါဘုရား၊ တုတ်နဲ့သာရိုက်တာ၊ ဓားနဲ့မှမခုတ်တာလို့ အဲဒီလို နှလုံးသွင်းပါ့မယ်ဘုရား”
“ကဲ ဒါဆို သူတို့က ဓားနဲ့ခုတ်ပြီ ဆိုရင်ရော” “ အော် ဓားနဲ့သာခုတ်တာ၊ အသေမှ မသတ်သေးတာ
ဘဲလို့၊ ဒီလူတွေက လူကောင်းတွေပဲ၊  တပည့်တော် ဒီလိုနှလုံးသွင်းထားပါ့မယ်”။
         မြတ်စွာဘုရားက စကားအကုန်မေးတယ်၊ “မင်းကို အသေသတ်ပြီဆိုတော့ မင်းဘယ်လို
နလုံးသွင်းမလဲ” ဆိုတော့ “ အရှင်ဘုရားတဲ့ မြတ်စွာဘုရားရဲ့ တပည့်သားတွေ  တချို့တရားဓမ္မ
ကျင့်တဲ့အခါကျတော့ ဟောဒီ ခန္ဓာကြီးပေါ်မှာ အပြစ်မြင်ကြတယ်။ ဥပမာ= ရှင်အဿဇိ ဆိုလို့ရှိ
ရင် ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်နှိပ်စက်နေသည့် အတွက်ကြောင့် ဘ၀ကြီးမှာ သူ မနေချင်
တော့ဘူး၊ မနေချင်တော့ သင်တုန်းဓားနဲ့ သူ့လည်ပင်းသူ လှီးဖြတ်ပြီး ဘ၀ကို အဆုံးသတ်ဖို့ ကြိုး
စားတယ်။  ရှင်အဿဇိက ဘယ်လောက် တရားရှိလဲဆိုရင် ကြောက်စိတ်လေး ၀င်လိုက်တာနဲ့ ငါ
ရဟန္တာ မဖြစ်သေးဘူး၊ ဒါ မကောင်းတဲ့စိတ်ပဲ၊ ဒီစိတ်မျိုး အရင်တုန်းက မပေါ်ဖူးဘူး၊ အခု ပေါ်လာ
တယ်ဆိုပြီး ရှုမှတ်နေတဲ့ တရားကို ဆက်ပြီးအားထုတ်လိုက်တယ်။ လည်ပင်းကို ဓားနဲ့လှီးလို့ သေ
အံ့ဆဲဆဲမှာ ၀ိပဿနာအကျင့်ကို ကျင့်လိုက်တယ်။ ကျင့်လိုက်တဲ့ အတွက်ကြောင့် မဂ်လေးပါး၊ ဖိုလ်
လေးပါး ၀ိပဿနာစွမ်းအားနဲ့ အစဉ်အတိုင်းဖြစ်လာတယ်၊ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာလည်းဖြစ်
ပြီးရော စုတိလည်း ကျသွားတယ်။
         ရှင်ပုဏ္ဏက ဆက်ပြီးလျှောက်တယ်။ “အဲဒီလို ကိုယ့်ဟာကိုယ်တောင် ဘ၀တစ်ခုကို အဆုံး
သတ်ကြသေးတာ။ တပည့်တော်ကို သူတို့ကလာပြီး ဘ၀ကို အဆုံးသတ်ပေးတယ် ဆိုရင်တော့
တပည့်တော်က ကျေးဇူးတင်ရဦးမှာပါ ” တဲ့ ။
         မြတ်စွာဘုရားက “အေး ပုဏ္ဏ မင်း ဒီလိုစိတ်သဘောထားမျိုးနဲ့ဆိုရင် သုနာပရန္တ မှာ နေလို့
ရပြီ” တဲ့။ ကြည့်  ဒါ သူတော်ကောင်းရဲ့ စိတ်နေသဘောထား လို့ခေါ်တယ်။ ဘယ်လို အခက်အခဲပဲ
တွေ့တွေ့ တရားကို ဘယ်တော့မှ မစွန့်ဘူးလို့ပြောတာ။
         ရှင်ပုဏ္ဏဟာ သုနာပရန္တကို သွားပြီးနောက် သူ့ရဲ့ဟောပြောချက်ကြောင့် ၀ါတွင်း(၃)လမှာ
ပဲ အမျိုးသား(၅၀၀)၊ အမျိုးသမီး(၅၀၀)၊ ဗုဒ္ဓဘာသာဝင်အဖြစ် သရဏဂုံ တည်သွားကြတယ်။ သူ
လည်းပဲ ၀ါတွင်း(၃)လ အတွင်းမှာ ရဟန္တာဖြစ်သွားတယ်။ အဲဒီ အရပ်မှာပဲ ရှင်ပုဏ္ဏ ပရိနိဗ္ဗာန်စံသွား
တယ်လို့ “ပုဏ္ဏောဝါဒသုတ္တန်” မှာ မှတ်တမ်းတင်ထားပါတယ်။
         တရားချစ်ခင် သူတော်စင်အပေါင်းတို့ အနေနဲ့ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ ဓမ္မကို လက်တွေ့
ကျင့်သုံးခြင်းဖြင့် သာသနာတော်နဲ့ ကြုံတွေ့ရကျိုးနပ်ပြီး ဓမ္မကိုကျင့်သုံးခြင်းကြောင့် မိမိတို့၏ စိတ်
နေသဘောထားအားလုံး အလွန်မွန်မြတ်ကာ မြတိနိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
 {၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
 သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
--------------------------------------------------------------
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
  မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
  လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
  တက်လှမ်း နိဗ္ဗာန်ပြည်။
  (ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
      

No comments:

Post a Comment