လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိပါတယ် (သို့မ
ဟုတ်) ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိပါတယ်။
နံပါတ် (၁) “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊
လူ့ဘ၀ရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုပါတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင်
လုပ်ရပါမယ်၊ ကံမကောင်း အကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီး ပင်ကိုယ်က ကျန်းမာလျက်
သားနဲ့ အနေအထိုင် အစားအသောက် မတတ်လို့ ကျန်းမာရေး ချို့တဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း
အများကြီး ရှိပါတယ်၊ မကျန်းမမာဖြစ်သွားရင် အားလုံး နစ်နာဆုံးရှုံးသွားပါတယ်။ တချို့က
ပိုက်ဆံရှိရင် ဆေးကုလို့ ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ကုမရတဲ့ အနေအထားမျိုးတွေ
ရှိပါတယ်၊ အဲဒါကြောင့် နံပါတ်(၁) အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမှာပါ၊
ကိုယ် ကျန်းမာစိတ်ကျန်းမာ ရပါမယ်။
နံပါတ် (၂)“ကိုယ်ကျင့်တရား ကောင်းဖို့” လိုပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း
သည် ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ နောက်ဘ၀ဆက်တိုင်းမှာလည်း
ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။ နှစ်ဖက်စလုံး အကျိုးရှိပါ
တယ်။ ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကို မလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့ - ဒါ
ကိုယ်ကျင့်တရားပါပဲ၊
စာရိတ္တသီလနဲ့ ၀ါရိတ္တသီလ လို့ နှစ်မျိုးရှိတယ်။ “၀ါရိတ္တသီလ” ဆိုတာ မလုပ်ရဘူးလို့
သတ်မှတ်ထားတာတွေပါ။ မလုပ်ရဘူးလို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ပါ။ ဒါလုပ်ရင်
တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာမျိုးပါ။ ငါးပါးသီလဆိုတာ မြတ်စွာဘုရားရဲ့ပညတ်ချက်
မဟုတ်ပါ။ လုပ်ရင် ဒီလိုအပြစ်တွေကို ဖြစ်လာနိုင်လို့ သတိပေးတာပဲဖြစ်ပါတယ်။
စာရိတ္တသီလဆိုတာကျတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရပါမယ်။ လောကမှာ
လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်ရမယ်၊ ဆွေမျိုးသားချင်းတွေကို
စောင့်ရှောက်ရမယ်၊ မိတ်ဆွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်
တဲ့ အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။ ဒါကြောင့် ၀ါရိတ္တသီလလည်း ရှိရပါမယ်။ စာ
ရိတ္တ သီလလည်း ရှိရပါမယ်။ အဲဒီလို ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစား
အားထုတ်ရပါမယ်။
နံပါတ် (၃) “ဆုံးမသြ၀ါဒ” - ကြီးပွားတိုးတက်ရေးအတွက် လောက လူ့အသိုင်းအ၀ိုင်း
ထဲမှာ ဦးဆောင်တဲ့ပညာရှိတွေဆိုတာ ရှိပါတယ်၊ လူကြီးသူမတွေ ရှိပါတယ်။ မိသားစုထဲမှာဆိုရင်
အတွေ့အကြုံရင့်ကျက်တဲ့ အမေတို့၊ အဖေတို့၊ အဖိုးတို့၊ အဖွားတို့ဆိုတာတွေ ရှိကြပါတယ်၊ သူတို့ရဲ့
အတွေ့အကြုံတွေ၊ အဆုံးအမတွေကို မှတ်သား နာယူသင့်ပါတယ်၊ ကိုယ်မြင်တဲ့အပေါ်မှာ သင်ခန်း
စာ ယူရပါမယ်၊ ကြားတဲ့အပေါ်မှာ သင်ခန်းစာ ယူရပါမယ်၊ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက်
အဲဒီလို ဆုံးမသြ၀ါဒတွေကလည်း လိုအပ်ပါတယ်။
နံပါတ် (၄) “ သုတ” ”၊ သုတဆိုတာ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို
ဆည်းပူးအားထုတ် ရပါမယ်၊ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူးအားထုတ်ရပါမယ်။
နံပါတ် (၅) “ဓမ္မကို ကျင့်သုံးရမယ်” ဓမ္မကို ကျင့်သုံးတယ်ဆိုတာ သုစရိုက်တရားတွေကို
ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပါပဲ။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လော
ဘနဲ့ အတွေးမျိုးတွေ မတွေးရပါ၊ သူများကို ပျက်စီးပါစေ၊ ဒီလူဟာ ဆုတ်ယုတ်နစ်နာသွားပါစေ၊
ဒုက္ခရောက်သွားပါစေဆိုတဲ့ ဒေါသနဲ့ အတွေးမျိုးတွေ မတွေးရပါ။ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့
အမြင်တွေ မမြင်ရပါ၊ အဲဒါ-တွေဟာ မှန်ကန်တဲ့အတွေး မနောကံဆိုင်ရာ သုစရိုက် တရားလို့ ခေါ်
ပါတယ်။
နှုတ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း လိမ်မပြောရပါ၊ မှန်တာပဲပြောရပါမယ်၊ ရိုင်းပြတဲ့စ
ကားကို မသုံးရပါ၊ ယဉ်ကျေးတဲ့ စကားအပြောမျိုးကို ပြောရပါမယ်။ နောက်တစ်ခုက အကျိုးမရှိတဲ့
စကားရပ်တွေကို ပြောပြီးတော့ အချိန်ဖြုန်းတာမျိုး မလုပ်ရပါ၊ ဒါ-နှုတ်နဲ့ ပတ်သက်တဲ့ ကောင်းတဲ့
အလုပ်တွေကိုပါ၊ အသိဉာဏ်နဲ့ ပြောတဲ့ စကားမျိုးပဲ ပြောရပါမယ်။
နောက် ကာယကံနဲ့ ပတ်သက်လာတဲ့အခါကျတော့ သူများအသက်ကိုမသတ်၊ သူ့ဥစ္စာမခိုး၊
မှားယွင်းတဲ့အလုပ်တွေကို မလုပ်ရပါ၊ လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။
နံပါတ် (၆) “စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုပါ
တယ်”။ စိတ်မပါတာမျိုး မဖြစ်စေရဘူး၊ ကိုယ့်စိတ်ကို ပြင်ပေးရပါမယ်၊ ဥပမာ- တရား နှလုံးသွင်း
ဖို့တို့၊ တရားနာဖို့တို့ တရားအသိတွေရအောင်တို့ ဆိုရင် အမြဲတမ်း စိတ်ဓာတ်ဟာ လန်းဆန်းတက်
ကြွပြီးတော့ “ဒါ လုပ်သင့် လုပ်ထိုက်တဲ့ဟာ” လို့ ဆုံးဖြတ်ပြီးတော့ လုပ်ရပါမယ်။
အဲဒီလို ကိုယ့်မှာ ကောင်းကျိုးချမ်းသာတွေရဲ့ မုခ်ဦးကြီးသဖွယ် ဒီ ၆ - ခုဟာ ရှိနေမယ်ဆို
ရင် ဒီဘ၀မှာ လည်း ကောင်းကျိုးချမ်းသာတွေ ၀င်လာမှာပါပဲ၊ နောင် ဘ၀ရောက်ရင်လည်း ဒီအ
တိုင်း ကောင်းကျိုးချမ်းသာတွေ ၀င်လာမှာပါပဲ၊ ဘ၀ဆက်တိုင်း ရေရှည်ကောင်းကျိုးပေးပါမယ်။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အမှုမဲ့အမှတ်မဲ့ မနေသင့်ဘူး၊
ရှိသင့်ရှိထိုက်တဲ့ဟာတွေ ကိုယ့်သန္တာန်မှာရှိအောင် ကြိုးစားကြရမှာလို့ နားလည်သဘောပေါက်ကြ
ကာ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment