Monday, July 14, 2014

ဘုရားရှင်ရဲ့ အလုပ်အကျွေးတာဝန်။

        အရှင်ပုဏ္ဏဟောကြားသော တရားကြောင့်ရှင်အာနန္ဒဟာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ် လို့ ဆိုတဲ့ ဒီ ခန္ဓာငါးပါးအပေါ်မှာ တဏှာနဲ့ တွယ်တာ သာယာမှုဆိုတာ မလာတော့ပါ။ 
ခန္ဓာအပေါ် ငြီးငွေ့လာပါတယ်။ ငြီးငွေ့ လာတဲ့အခါ တွယ်တာမှုတွေ ကင်းပြတ်လာပါတယ်။

တွယ်တာမှု ကင်းပြတ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကလေးဟာ ကိလေသာ အတွယ်အတာတွေ
အားလုံးကနေ လွတ်မြောက်သွားပါတယ်၊
         အဲဒီတရားကိုနာရင်း ရှင်အာနန္ဒဟာ သောတာပန် ဖြစ်သွားပါတယ်။ ၃၇ နှစ်အရွယ်လောက်
မှာ သောတာပန် ဖြစ်ပြီးတော့ နောက် အသက် ၅၀ ကျော်တဲ့အရွယ်မှာ မြတ်စွာဘုရားရဲ့ အလုပ်အ
ကျွေး ရာထူးကို ရပါတယ်။ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဘ၀နဲ့  ရှင်အာနန္ဒဟာ နှစ်ပေါင်း (၂၅)နှစ်
မြတ်စွာဘုရားကို အလုပ်အကျွေး ပြုခဲ့ပါတယ်။
         မြတ်စွာဘုရားကို ၀တ်ကြီးဝတ်ငယ်ပြုတဲ့ နေရာမှာလည်းပဲ လုံ့လ၀ီရိယ အင်မတန်ကောင်းပါ
တယ်။ သာမန်- ဘုရားကို ပြုစုတာမဟုတ်ဘဲ။ ညအခါမှာ ဆိုလို့ရှိရင် မြတ်စွာဘုရားနဲ့ ဂန္ဓကုဋီကျောင်း
တော်ထဲမှာ အတူမနေ- သို့သော် ခပ်လှမ်းလှမ်းကျောင်းမှာနေပြီး မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓ
ကုဋီ ကျောင်းဆောင်ကို တစ်ညလျှင် ကိုးခါလောက် လှည့်ပတ်ပြီး ကြည့်ပါတယ်။ ဘာဖြစ်လို့ ကျောင်း
တော်နားသွားပြီး တစ်ညကိုးခါ လှည့်ကြည့်သလဲဆိုရင် မြတ်စွာဘုရားက အလိုတော်ရှိလို့ အာနန္ဒာ လို့
ခေါ်လိုက်ရင် ကြားရအောင်လို့တဲ့။ မြတ်စွာဘုရားကို အဲဒီလောက် ဂရုစိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
          ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ တာဝန်တွေ၊ ဘုရားကို ပြုစုလုပ်ကျွေးရတဲ့
တာဝန်တွေ၊ တဖန် ဓမ္မတာဝန်လို့ဆိုတဲ့ မြတ်စွာဘုရား ဟောတဲ့ တရားတော်တွေကို ထိန်းသိမ်းစောင့်
ရှောက်ရတဲ့တာဝန်တွေ၊ အဲဒီတာဝန်တွေ ဆောင်ရွက်လုပ်ကိုင် နေရသဖြင့် သောတာပန်ဘ၀နဲ့ နှစ်
ပေါင်း လေးဆယ်ကျော် နေခဲ့တယ်။ နောက်တွင်  ရဟန္တာဖြစ်ပြီး ရှင်အာနန္ဒ မထေရ်မြတ်ဟာ
ရဟန္တာအရှင်မြတ် ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို မပျောက်ပျက်
အောင်နှုတ်ဆောင်ဖြင့် ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
           ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment