______________________________________
★"ဓမ္မ ဟူသည် နေ့တိုင်းဝတ်ရမည့် ၀တ်စုံ " ★
______________________________________
ကျွန်တော် အမြဲတမ်းသတိကြီးစွာထားလေ့ရှိသည့် အချက်တစ်ခုရှိပါသည်။ယင်းမှာ-"ဘာသာတရား၏အဆုံးအမ ကို မိမိနှင့်မမှီအောင် အမြင့်ဆုံးသို့ ပို့မထားမိစေရေး" ပင်ဖြစ်ပါ၏။ဒိထက်ရှင်းအောင်တင်ပြရမည်ဆိုပါလျှင်""ဓမ္မ"ကိုသင်ကြားရေးတွင်လည်းကောင်း၊"ဓမ္မ"ကိုကျင့်ကြံကြိုးစားရေးတွင်လည်းကောင်း၊ သာမန်လူများမလုပ်နိုင်လောက် အောင် ခက်ခဲသည်ဟု မထင်ထားစေရေး" ဟု ပြောလျှင်လည်းရမည်ထင်ပါသည်။
ဤသို့ "ဓမ္မ ဆိုသည်မှာ လူသာမန်လိုက်မမှီနိုင်"ဟု သဘောထားမျိုးဖြင့် အကြီးကြီးတွေ "ပြော"၊အကြီးကြီးတွေ "ရေး" နေလျှင်ဖြင့် ကျွန်တော်တို့သည် "ဓမ္မ" နှင့် ဝေးကွာမှန်းမသိ ဝေးကွာသွားပေလိမ့်မည်။"ဒါဆိုရင် ဓမ္မ ကို သင်ကြား၊ကျင့်ကြံရေး ကိစ္စ ဆိုတာ အလွန့်အလွန် လွယ်ကူတယ် လို့ ဆိုလို လိုက် တာလား" ဟု မေးမြန်းကောင်း မေးမြန်းပါမည်။ထိုသို့ သော ပေါ့ပေါ့တန်တန်သဘောအဓိပ္ပါယ်ကို ဆောင်ခြင်း မဟုတ်ပါကြောင်းကိုတော့ဖြင့် သဘောပေါက် စေလိုပါသည်။
ကျကျနန စဉ်းစားသုံးသပ်ရန်တစ်ခုရှိသည်မှာ "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏အဆုံးအမသည် ပညာရှင်၊ပညာတတ်လူတန်း
စားများ၊ အထက်တန်းလွှာများ သီးသန့်အတွက် သာ မဟုတ်ပါကြောင်းကိုလည်း နားလည်ပြီးဖြစ်ပါလိမ့်မည်။အလွှာအသီးသီးရှိ လူတိုင်းနှင့်တွေ့ဆုံဆွေးနွေးထားသည့် သုတ္တန်များကိုကြည့်ခြင်းဖြင့် လူတိုင်းနှင့်အံဝင်ခွင်ကျရှိသည်ဟု တင်ပြလိုခြင်းပါ။
သို့သော်- "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ ထူးခြားတော်မူသော ဂုဏ်တော် တို့တွင် "ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်"ပါဝင်ပါသဖြင့်
(သတ္တ၀ါတို့၏ "ပါရမီ"၊"အရည်အချင်း"၊"အချိန်အခါ" စသည်တို့ကို တိတိကျကျ သိတော်မူ ပါသဖြင့်)
"ကျေးတောသားတစ်ယောက်" နှင့် "အရှင်သာရိပုတ္တရာ"ကို ဟောကြားတော်မူသော တရားခြင်း မတူပါ။
ထို့ကြောင့်လည်း"သုတ္တန်ဒေသနာတော်များ"နှင့် "အဘိဓမ္မာဒေသနာတော်များ"၏ထူးခြား၊ကွာခြားချက်များက များလွန်းလှ
ပါသည်ပေါ့။
မည်သို့ပင် ဆိုစေ-
"အဘိဓမ္မာ" ကို ဉာဏ်မမှီ ကာမျှ ဖြင့်၊"သုတ္တန်ဒေသနာ"တို့ကို နားမလည် ကာမျှဖြင့်-
"ဓမ္မ တွေဟာ ငါ နဲ့ ဘာမှ မဆိုင်သေးပါကလား"ဟု အားငယ်စိတ်တို့ဖြင့် မိမိ၏စွမ်းအား ကို လျှော့ချမပစ်လိုက်ပါနှင့်။
ကျင့်သုံးမှုမပါသော အဘိဓမ္မာတတ်ပညာရှင်ပုဂ္ဂိုလ်ကြီးသည် လည်း ဘာမှမဟန်မကျလှသေးပါကြောင်း ဓမ္မမိတ်ဆွေ သိပါလိမ့်မည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော် အသီးသီးအနက်မှ"တစ်လုံး၊တစ်ပါဒ"မျှလောက်သာ နားလည် သဘောပေါက် သည် ဆိုလျှင်ပင် အင်မတန် အကျိုးများနေမည်ဖြစ်ပါကြောင်းဓမ္မမိတ်ဆွေ သိပြီးဖြစ်ပါမည်ဟု ကျွန်တော် ယုံကြည်ပါသည်။
"အရှင်သာရိပုတ္တရာ" နှင့် "အရှင်မောဂ္ဂလာန်" အလောင်းအလျာများဖြစ်သည့် "ကောလိက နှင့် ဥပတိဿ"ကိုကြည့်ပါ။
သာသနာနှင့်ရင်းနှီကျွမ်းဝင်မှု အချိန်ပိုင်းသာရှိသေးသော"အရှင်အဿဇိ မထေရ်"၏"ယောဓမ္မာ ဟေတုပ္ပဘ၀ါ"ဟူသည့်
ဂါထာတိုလေး တစ်ပုဒ် ကိုသာ ကြားနာ ခဲ့ရဖူးပါသည်။
ထို့အတူ-"သီရိဓမ္မာသောကဘုရင်"၊"ပုဂံပြည့်ရှင် အနော်ရထာမင်း"တို့ကရော တဲ့။
သူတို့သည်လည်း "အပ္ပမာဒေါ အမတံပဒံ" နှင့် "ယေဓမ္မာ ဟေတုပ္ပဘ၀ါ" ဟူသော ဂါထာကလေးနှစ်ပုဒ် ကိုသာကြားနာခွင့်
ရခဲ့ရှာသည်မဟုတ်ပါလား။ထို ဂါထာတိုကလေးကြောင့်သာလျှင် အိန္ဒိယ အင်ပါယာကြီးတစ်ခုလုံးနှင့် မြန်မာနိုင်ငံတစ်နိုင်ငံ
လုံး ကို ဓမ္မအလင်းရောင် လွှမ်းခြုံပေးနိုင်ခဲ့သည် မဟုတ်ပါလား။
ဤသည်က-"တစ်လုံးတစ်ပါဒ၊တစ်ဂါထာ"လေးမျှသာ..ဟူ၍ အထင်သေး၍မရနိုင်ကြောင်း ပြောလိုရင်းပါ။
"တစ်လုံး၊တစ်ပါဒ" ကို ကျကျနန သဘောပေါက်လျှင် သာသနာတော်သည် မိမိအတွက်ဖြစ်ပါပြီ။တော်တော် များများ သိပြီးပြီ ဆိုလျှင်သာ၍ကောင်းမွန်ပါသည်။(သို့သော် မလွယ်ကူလှပါ)"မင်းကွန်းတိပိဋက ဆရာတော်ကြီး" ဆိုခဲ့ဖူးသော နိဝါတစကားတော် ကိုဖတ်မှတ်ဖူးပါသည်။ဆရာတော်ကြီးအမိန့်ရှိတော်မူသည်မှာ-ပိဋကတ်သုံးပုံကို အောင်မြင်ပြီ ဆိုသော်လည်း ဘုရားဟောဒေသနာတော်များကိုနှံ့နှံ့စပ်စပ် သိသည်ဟု မဆိုနိုင်ကြောင်း ပင် ဖြစ်ပါ၏။
ဥပမာပြောရလျှင်"သမုဒ္ဒရာ"ကိုဖြတ်ကူးသော"သင်္ဘော"တစ်စင်းသည်သမုဒ္ဒရာရပ်ဝန်းအားလုံးကိုမရောက်နိုင်သကဲ့သို့ပင်ဟုဆိုနိုင်ပါသည်။
ဤသို့သော"တိပိဋကဆရာတော်ကြီး"ကိုယ်တိုင်ကအမိန့်ရှိသည့်စကားတော်ကိုထောက်ဆလျှင်"သာမန်ပါ့မွှား"မျှသာဖြစ်
သော ကျွန်တော့် လို လူတစ်ယောက် အတွက် ဆိုလျှင်ကား ဆိုဖွယ်မရှိတော့ပါ။"မနှံစပ်တော့ ၀မ်းနည်းရမှာလား"..တဲ့..။ ဟင့်အင်း….။လုံးဝ ၀မ်းမနည်းပါ ။ သိသမျှလေးကိုအကောင်အထည်ဖော် လိုက်မည်ဆိုပါလျှင်ပင် ကျေးဇူးက မနည်းလှပါ ဟု သိထားသောကြောင့်ဖြစ်ပါ၏။
"ဓမ္မ" သည် "သမုဒ္ဒရာ" ကဲ့သို့ ကျယ်ပြန့်လှပါ၏။ အနှံအပြား ကို ကျွန်တော် အရောက်သွားနိုင်လိမ့်မည် မဟုတ်ပါ။
ရောက်သမျှ ၌ ကျင့်ဖို့သာ ရှိပါတော့သည်။ဤသည်က "ဓမ္မ-သင်ကြားတတ်မြောက်မှုအပိုင်း"နှင့်ပတ်သက်၍ကျွန်တော် လက်ခံထားသည့် သဘောတရားသာ ဖြစ်ပါသည်။
"ကျင့်သုံးမှု အပိုင်း" အနေဖြင့်ကရော တဲ့…။ဤတွင်လည်း တင်ပြစရာက ရှိလာပြန်ပါသည်။"ဓမ္မ"သည် ပွဲလမ်းသဘင်ရှိမှ ၊အခမ်းအနားများတွင်မှဝတ်ဆင်သည့် "အဆောင်အယောင်ဝတ်စုံများ" မဖြစ်သင့်ပါ။"ဓမ္မ"သည် နေ့တိုင်း ၀တ်ဆင်ကောင်းသည့် "သာမန်ဝတ်စုံများ"သာ ဖြစ်နေသင့်ပါသည်။
ဆိုပါစို့ရဲ့..။ "ဒါန,သီလ,ဘာဝနာ"ကိစ္စ။ ထို အရေးသုံးပါးကို အချိန်အခါ မရွေးသင့်ပါ။"ဓမ္မ"ဟူသည်- အဖိုးတန် အဆောင်အယောင် အဆင်တန်ဆာတစ်ခုအနေဖြင့် (ပကာသနသဘော ပြရသည့်အရာ)-ဟု ယူဆ လက်ခံထားလျှင် -"ပွဲလမ်းသဘင်"ရှိမှ ၀တ်၊ လူစုံ မှ ထိုဝတ်စုံရှိပါကြောင်း ၀တ်ပြ၊ ၀တ်ပြပြီးလျှင် ချွတ်၊ခေါက်။ ဗီရို ၌ ပြန်သိမ်း။နောင်နှစ်၊ နောက် ထပ်၊ ပွဲလမ်းသဘင်၊ အခမ်းအနား ရှိမှ ပြန်ဝတ်။ဤသို့ဖြစ်သွားပါလျှင် အတော့်ကိုစိတ်ပျက်ဖွယ်ဖြစ်သွားပါ လိမ့်မည်။
"ဓမ္မ"ဟူသည် "အကာလိကော"ဖြစ်ပါ၏။"အကာလိကော"ဂုဏ်ပုဒ် အဓိပ္ပါယ်ကို "အချိန်မရွေး၊အခါမရွေး အကျိုးပေးတတ်
သော သဘော"ဟုသာ ဆိုခြင်းထက် ပိုမို၍ "ဓမ္မ ဟူသည် အချိန်အခါမရွေး ကျင့်သုံးရမည့်တရား"ဟုလည်း ပူးတွဲ သဘော
ပေါက် စေလျှင် ပိုသင့်တော်မည် ယူဆပါသည်။
"ကိုယ်ကျင့်သီလ၊သမာဓိ၊ပညာ" ဟူသော"သိက္ခာသုံးပါး"တည်ဆောက်ရာ၌ လပြည့်-လကွယ်-ဥပုသ် စသည်ဖြင့်မရွေးချယ်
ကောင်းပါ ဟုပြောလိုရင်းပါ။ သို့မှသာ-ဓမ္မ ဟူသည် နေ့တိုင်း ၀တ်ရမည့် ၀တ်စုံတစ်ခုဖြစ်သွားပါလိမ့်မည်။
"ဓမ္မ"ဟူသည် "အရိုးဆုံး" နှင့် "အရှင်းဆုံး" သာဖြစ်ပါသည်။
(အရိုးဆုံး နှင့်အရှင်းဆုံး ဟု ဆိုလိုက်သဖြင့် "ဓမ္မ ကိုတန်ဖိုးချပြောနေတာလား"ဟု ထ မငေါက်စေလိုပါ)
တကယ်တမ်းသေချာဂဃနဏစဉ်းစားကြည့်လျှင်ထိုအရိုးဆုံး၊အရှင်းဆုံး။ကျွန်တော်တို့နှင့်အမြဲထိတွေ့နေရသည့်"ဓမ္မ"များသာ တန်ဖိုးအကြီးဆုံး ဖြစ်နေပါသည်။
"ကျွန်တော်တို့မွေးကတည်းက ထိတွေ့နေခဲ့ရပြီး၊ယနေ့အထိ မရှိမဖြစ်အရာ ကို ပြပါ"ဟုဆိုလျှင် "လေ"ကိုပြရမည်ဖြစ်ပါ၏။
ထို"လေ"သည် ဘာမျှ ထူးထွေဆန်းပြားမှုမရှိပါ။ ကျွန်တော်တို့နှင့်အကျွမ်းဝင်ဆုံးအရာ သာဖြစ်ပါသည်။
"မထူးဆန်းပါ၊ နေရာတိုင်းတွင်ရှိသဖြင့် အဖိုးမတန်ပါ၊ အရေးမကြီးပါ"ဟုဆိုလိုက်လျှင် ကျွန်တော်တို့ သေကြဖို့ပဲရှိပါတော့သည်။
"ဓမ္မ"သည် "လေ"နှင့်တူပါသည်။ဘာမှ ထူးထူးဆန်းဆန်း မရှိဘဲ နေရာတိုင်းမှာ"သဘာဝဓမ္မ"ရှိပါသည်။
ထို"ဓမ္မ"သည် အရိုးရှင်းဆုံးဖြစ်မှာသာ တန်ဖိုးလည်းအမြင့်ဆုံး၊အရေးလည်းအကြီးဆုံး ဖြစ်ပါလိမ့်မည်။
လွယ်လွယ်ကူကူ ဥပမာတစ်ခု ပြရလျှင်-"ငါးပါးသီလ" သည်"လေ"နှင့်တူပါသည်။အရိုးဆုံး၊အရှင်းဆုံး နှင့်အရေးအပါဆုံးလည်းဖြစ်သည် မဟုတ်ပါလား။
လူတိုင်းမကျင့်ကြံနိုင်သော"၂၂၇သွယ် သိက္ခာပုဒ်"တို့ကိုလူတိုင်းထိန်းသိမ်းကြရန် ဗုဒ္ဓမြတ်စွာဘုရားရှင် မတိုက်တွန်းခဲ့ပါ။
လူတိုင်းမနေနိုင်သည့်"ရဟန်းဘ၀"ကို "ဗုဒ္ဓဘာသာဝင်"တိုင်းဝင်ရောက်ရမည်ဟူသော ဗုဒ္ဓ၏လမ်းညွှန်ချက် မရှိပါ။
သင်ကြားတတ်မြောက်ရန် ခက်ခဲလှသည့် "အဘိဓမ္မာဒေသနာတော်" ကို "ဗုဒ္ဓဘာသာဝင်"တိုင်း မဖြစ်မနေသင်ကြားရမည်
ဟု ဗုဒ္ဓ မြတ်စွာဘုရားရှင် တိုက်တွန်းတော် မမူခဲ့ပါ။
မိမိ နားလည်သဘောပေါက်ထားသည့် "စကားတစ်ခွန်း၊ဂါထာတစ်ပုဒ်၊သုတ္တန် တစ်ခု" ကို ကျကျနန ကျင့်သုံးမည် ဆိုလျှင်လည်း အထက်တန်းစားဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပါသည်။"သိင်္ဂါလောဝါဒသုတ်"လာမိဘကျင့်ဝတ်၊သားသမီးကျင့်ဝတ်၊အလုပ်ရှင်ကျင့်ဝတ်၊အလုပ်သမားကျင့်ဝတ်၊ဆရာကျင့်ဝတ်၊တပည့်ကျင့်ဝတ်၊စသည်တို့ကို ဗုဒ္ဓဘာသာဝင်တိုင်းသိပါသည်။ထိုအဆုံးအများရောဝေးကွာနေပါသလား။
လူတိုင်း နားလည် နိုင်ပါသည်။(လူတိုင်းတော့ မကျင့်သုံးနိုင်သေးပါ)
ထပ်မံတိုက်တွန်းအပ်ပါသည်။
"အဘိဓမ္မာ" ကို ဉာဏ်မမှီ ကာမျှ ဖြင့်၊"သုတ္တန်ဒေသနာ"တို့ကို နားမလည် ကာမျှဖြင့်-
"ဓမ္မ တွေဟာ ငါ နဲ့ ဘာမှ မဆိုင်သေးပါကလား"ဟု အားငယ်စိတ်တို့ဖြင့် မိမိ၏စွမ်းအား ကို လျှော့ချမပစ်လိုက်ပါနှင့်။
ထိုကြောင့်"ဓမ္မ"ဟူသည် ကျွန်တော်တို့၏လက်လှမ်းမှီရာတွင်သာ ရှိပါသည်။နေရာတိုင်းတွင် ရှိပါသည်။
"ဓမ္မ"သည် မထူးဆန်းသော်လည်း အရေးအပါဆုံး"လေ"ကဲ့သို့ဖြစ်ပါ၏။အရေးအပါဆုံး"ရေ"ကဲ့သို့ဖြစ်ပါသည်။
အခမ်းအနားရှိမှ ၀တ်ဆင်ရသော အဖိုးတန်(ဟန်ဆောင်ပင်ဆောင်ဝတ်ပြရသည့်)၀တ်စုံမဟုတ်ပါ။
နေ့တိုင်း အသက်ရှု နေသလို...။
နေ့တိုင်း ရေသောက်နေရသလို…။
"ဓမ္မ"ဆိုသည်မှာလည်း…….။
ရေးသားပြီးစီး။ ။ ၁၃၇၄ခုနှစ်၊၊နယုန်လဆန်း(၆)ရက်၊(၁၄-၆-၂၀၁၃)ရက်နေ့၊သောကြာနေ့-(နေ့လည်-၁၀း ၅၄ )
ချမ်းသာပါကြစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)
(09-445108754)
No comments:
Post a Comment