Tuesday, March 10, 2015
ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ကို နှုတ်တက်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ။
ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မက္ခန္ဓာပေါင်း (၈၄,၀၀၀)ကို
နှုတ်တက် ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘယ်လောက်ထိအောင် လုံ့လ ၀ီရိယ ကောင်းသလဲ
ဆိုရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာလည်း နာတယ်၊ မှတ်လည်း မှတ်ထားပါတယ်၊
နှုတ်ကလည်း ရွတ်ဖတ်သရဇ္ဈာယ်ပါတယ်၊ စိတ်နဲ့လည်း အမြဲမပြတ် နှလုံးသွင်းပါတယ်၊ အဓိပ္ပာယ်
ကိုလည်း ရှင်းရှင်းလင်းလင်းသိအောင် ကြိုးစားပါတယ်။ ဒါကြောင့် ရှင်အာနန္ဒ မသိတဲ့ တရား
ဆိုတာ မရှိသလောက်ပါပဲ။ စာပေကျမ်းဂန် ပရိယတ် တာဝန်ကို ရှင်အာနန္ဒဟာ စွမ်းစွမ်းတမံ ထမ်း
ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်မို့ ဗဟုသုတ အရာမှာ ဧတဒဂ်ရာထူးရတဲ့ ပုဂ္ဂိုလ်ပါပဲ။
ရှင်အာနန္ဒ မထေရ်မြတ် ကိုယ်တိုင်က ပြောထားပါတယ်။ မြတ်စွာဘုရား ဟောထားတဲ့
ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရှိတယ်။ (၈၂၀၀၀)ကို မြတ်စွာဘုရားထံမှ သင်တယ်တဲ့။ ကျန်တဲ့ ၂၀၀၀
ကို ရှင်သာရိပုတ္တရာ စတဲ့ ရဟန်းတော်တွေ ထံက သင်ယူခဲ့ပါတယ်တဲ့။ အားလုံး သူ နှုတ်တက်
ရနေတဲ့ တရားပေါင်းဟာ ၈၄၀၀၀ ရှိပါတယ်။ ဒါကြောင့်မို့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဗဟုသုတ
အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း
=ဤငါးချက် အရာမှာ ဧတဒဂ်ရာထူးရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment