တချို့
ဒီရောက်တာ (၁) နှစ်ပဲ ရှိသေးတယ်။ တချို့ (၃) နှစ်၊ တချို့ ကျတော့ (၅)နှစ်၊
တချို့များ (၁၅) နှစ်တောင် ရှိပြီ။ စထွက်လာတုန်းက သူ့အသက်က (၂၅) နှစ်ပဲ
ရှိသေးတော့ အခု သူ့အသက် (၄၀)ရှိသွားပီတဲ့။ ဒီလိုရွှေမြန်မာတွေ ဒီမှာ
ဒုနဲ့ဒေး။
ဒီမှာ အနေကြာလာတဲ့လူတွေ မဖြစ်မနေလုပ်ကြတဲ့အလုပ်က အိမ်ထောင်သားမွေးမှုပဲ။ အောက်သားနဲ့ အထက်သူ၊ အညာသားနဲ့ ထားဝယ်သူ၊ ရခိုင်နဲ့ရှမ်း၊ မွန်နဲ့ ကရင် နီးစပ်ရာ နီးစပ်ရာ အိမ်ထောကျသွားတာ တွေ တွေ့ရတယ်။ အဲ၊ “အ” လို့ ခေါ်နေတဲ့ အင်ဒိုနီးရှားသူတွေနဲ့ အိမ်ထောင်ကျတဲ့ ကိုဗမာများလဲ ပေါမှပေါ။ “ဖဦးထုတ်” လို့ခေါ်နေကြတဲ့ဖိလစ်ပိုင်မတွေနဲ့ အိမ်ထောင်ကျနေတဲ့ ကိုယ်တော်ချောများကိုတော့ တခါတရံ တွေ့ရတတ်တယ်။ မျိုးစုံပဲ။ တချို့လဲ အိမ်ထောင်ရေး သာယာပါရဲ့။ တချို့ကျတော့လဲ တကျက်ကျက်နဲ့။ အဆင်မပြေကြဘူး။
အရွယ်ရောက်လို့ အိမ်ထောင်ပြုတာ မဆန်းပါဘူး။ ဒါပေမဲ့ သာယာချမ်းမြေ့ဖွယ်ဖြစ်တဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရှင်တွေဖြစ်ဖို့တော့လိုတယ်။
ဗုဒ္ဓဘာသာစာပေမှာတော့ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့ အချက် (၄) ချက်ကိုသာ လိုက်နာကျင့်သုံးဖို့ မြတ်ဗုဒ္ဓက ညွှန်ကြားခဲ့ပါတယ်။

(၁) ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ)
သဒ္ဓါဆိုတာ ယုံကြည်မှု၊ သမ ဆိုတာ တူညီတာ၊ ဒါ့ကြောင့် သမသဒ္ဓါ ယုံကြည်မှုတူညီတာလို့ အဓိပ္ပါယ်ရတယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် ယုံကြည်မှုတူညီရပါမယ်။ နိုင်ငံရေးမှာ ယုံကြည်မှု တူညီရမယ်။ လင်ယောက်ကျားသဘောကျတဲ့ ပါတီ နိုင်ငံရေးသမားတွေကို မယားလုပ်တဲ့ပုဂ္ဂိုလ်က သဘောကျရမယ်။ မယားသဘောကျတဲ့ပါတီ နိုင်ငံရေးသမားကိုလဲပဲ လင်လုပ်တဲ့ပုဂ္ဂိုလ်က သဘောကျရမယ်။ ယုံကြည်မှုချင်းတူညီရမယ်။ စီးပွါးရေးလုပ်တဲ့နေရာ လူမှုရေးလုပ်တဲ့နေရာတွေမှာလဲပဲ တစ်ဦးလုပ်တာကို တစ်ဦးက ယုံကြည်မှု အပြည့်အ၀ရှိပြီး စိတ်တူ ကိုယ်တူဖြစ်နေရမယ်။
ဒီထက်အရေးကြီးတာက ဘာသာရေး၊ ဒီဘာသာရေးမှာ ပိုပြီး ယုံကြည်မှုတူညီဘို့ အရေးကြီးတယ်။ မယားလုပ်တဲ့သူက ဗုဒ္ဓဘာသာကို ယုံကြည်သူဆိုရင် လင်ဖြစ်သူကလဲ ဗုဒ္ဓဘာသာကိုပဲ ယုံကြည်သူ ဖြစ်ရပါမယ်။ ဒါကိုပဲ ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ) လို့ဆိုလိုတာပါ။ ဒီဘာသာရေးမှာ ယုံကြည်မှု မတူညီတဲ့သူတွေ အိမ်ထောင်ပြုမယ်ဆိုရင် ဘုရားစင်ထားမဲ့ကိစ္စ၊ မွေးလာတဲ့ မိမိရဲ့ ရင်သွေးငယ်တွေကို ဘယ်ဘာသာဝင်ထဲ သွတ်သွင်းမလဲ စတဲ့ ပြဿနာတွေ တက်လာတောမှာပါ။ ဆိုတော့ ဘယ်လိုမှ သာယာတဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် အစစမှာ ယုံကြည်မှုတူညီရပါမယ်။ ယုံကြည်မှုတူညီသူအချင်းချင်း အိမ်ထောင်ပြုရပါမယ်။
(၂) ၀ါသနာတူရမယ် (သမသီလ)
သီလ ဆိုတာ အလေ့အကျင့် ၀ါသနာ၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမသီလ၊ အလေ့အကျင့် ၀ါသနာတူညီတာကို ပြောတာ။ လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် ၀ါသနာတူညီရပါမယ်။ ၀ါသနာမတူညီသေးဘူးဆိုရင် တူညီအောင် ကြိုးစားပြီး ညှိနေရမယ်။ နှစ်ယောက်ပေါင်းမှ တစ်ဝါသနာပဲ ဖြစ်ရမယ်။ ပျော်ရွင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကိုပိုင်ဆိုင်ပြီး အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မယ်။
(၃) ထောက်ပံ့မှု တူရမယ် (သမစာဂ)
စာဂ ဆိုတာ ထောက်ပံ့မှု၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမစာဂ၊ ထောက်ပံ့မှုတူညီတာ။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သူ့ဘက် ကိုယ့်ဘက် ထောက်ပံ့မှု တူညီရပါမယ်။ လင်မယားမဖြစ်ခင် အိမ်ထောင်မကျခင်တုန်းကတော့ ကိုယ်ပိုင်မိဘနှစ်ပါးပဲရှိတယ်။ အဲ၊ လင်မယားဖြစ်လာပြီဆိုရင် သူ့ဘက်မိဘ၊ ကိုယ့်ဘက်မိဘဆိုပြီး မိဘလေးယောက်ဖြစ်လာတယ်။ ညီအစ်ကို မောင်နှမတွေကလဲ များလာတယ်။ သူ့ဘက် ကိုယ့်ဘက် သူငယ်ချင်းတွေကလဲ တိုးလာတယ်။ ဒီလို သူ့ဘက် ကိုယ့်ဘက်မိဘ၊ ညီအစ်ကို မောင်နှစ်မ၊ သူငယ်ချင်းတွေကို ထောက်ပံ့ကူညီတဲ့နေရာမှာ ထောက်ပံ့မှု တူညီနေရမယ်။ သူ့ဘက်ကျ တစ်သောင်း၊ ကိုယ့်ဘက်ကျ တစ်သိန်းထောက်ပံ့မယ်ဆိုရင် ထောက်ပံ့မှု မတူညီတော့ဘူး။ ထောက်ပံ့မှု မတူညီရင် အနှေးနဲ့အမြန် ပြဿနာတက်လာတော့မှာ မြေကြီးလက်ခတ်မလွဲပဲ။ ပြဿနာတက်လာတဲ့အိမ်ထောင်ရေး ဘယ်မှာ သာယာနိုင်ပါတော့မလဲ။ ဒါ့ကြောင့် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့အတွက် ထောက်ပံ့တဲ့နေရာမှာလဲ သူ့ဘက်ကိုယ့်ဘက် ညီတူညီမျှ ထောက်ပံ့ကြပါ။
(၄) အသိတူညီရမယ် (သမပညာ)
ပညာဆိုတာ အသေးစိတ်သိမှု၊ သမ ဆိုတာက တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမပညာ၊ အစစအရာရာ အသိတူညီနေရမယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် အစစအရာရာ အသိတူညီပါတဲ့။ လင်မယားကြားမှာ လျှို့ဝှက်ချက်မထားပါနဲ့။ လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာတွေကို မယားက သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ထို့အတူပဲ။ မယားသွားတဲ့နေရာ မယားစားတဲ့အစားအစာတွေကို လင်က သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ဒီလို အသေးအဖွဲလေးတွေကအစ လင်မယားအချင်းချင်းသိနေရပါမယ်။ လင်မယားကြားမှာ လျှို့ဝှက်ချက် မရှိရပါဘူး။ လျှို့ဝှက်ချက်ရှိလာပြီဆိုရင် ပေါက်ကြားတဲ့တစ်နေ့ သံသယတွေ ၀င်လာမယ်။ သံသယ၀င်လာပြီဆိုရင် ယုံကြည်မှု စိတ်ချရမှုအပိုင်းတွေ လျော့နည်းလာပြီး ပြဿနာတွေ တက်လာနိုင်ပါတယ်။ ပျော်ရွှင်ဘွယ်ရာ အိမ်ထောင်သည်ပိုင်ရှင်တွေ ဖြစ်လာတော့မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ဘို့ လင်မယား နှစ်ယောက်စလုံး အသိတူညီရပါမယ်။
ဒီအချက် (၄) ချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဒီလင် ဒီမယား ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဆုံနိုင်တယ် လို့ ဗုဒ္ဓဘာသာစာပေမှာ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအချက် (၄) ချက်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေ၊ လိုက်နာကျင့်သုံးနိုင်ပြီးသကာလ အိမ်ထောင်သည်များအားလုံး သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်ကြပါစေ။

No comments:
Post a Comment