ရဟန်းပြုပြီးတဲ့နောက် ၀ိပဿနာ အလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် သမာဓိ မရနိုင်ဘဲ စိတ်တွေ ပြန့် လွင့်နေခဲ့ပါတယ်..။ပြင်ပ အာရုံ အမျိုးမျိုးမှာ လျှောက်ပြေးနေပြီး ကိလေသာတွေ ဖြစ်နေတာပေါ့..။ အထူးသဖြင့်တော့ ကာမ ရာဂရဲ့  နှိပ်စက်မှုဒါဏ်ကို ခံနေရတာပါပဲ..။ အရွယ်ရောက်ခါစ ၁၆ နှစ်သမီးဘ၀မှာ သာသနာ့ဘောင်ဝင်လာတာဆိုတော့ သဒ္ဒါတရားနဲ့  သံဝေဂဥာဏ် ဘယ်လောက်ပဲ ကောင်းကောင်း အရွယ်က သွေးသားတက်ကြွနေတဲ့ အရွယ်ဆိုတော့ ရာဂ ကိလေသာရဲ့  လှည့်စားမှု စက်ကွင်းက ဘယ်လွတ်ကင်း နိုင်ပါ့မလဲ..။
"..အရွယ်ကောင်းတုန်း လူပြန်ထွက်...ကာမဂုဏ် ခံစား...အသက်ကြီးမှ ရဟန်းပြန်ပြု တရားအားထုတ် ..အဲဒီလို လုပ်ရင် ပိုကောင်းမယ် ထင်ပါရဲ့ ...။."ဒီအတွေးက ပျိုရွယ်သူ ရဟန်း ရဟန်းမ တွေရဲ့  စိတ်အစဉ်ထဲ ၀င်ဝင်လာတတ်တဲ့ အတွေးတွေပါ..။ နေက္ခမ္မ ဓါတ်ခံက အားကောင်းနေတော့ တကယ်လူထွက်မယ်ဆိုပြန်တော့လည်း မထွက်ချင်တော့ပြန်ပါဘူး ..။ စိတ်အစဉ်မှာ ပေါ်လာသမျှ အာရုံတွေကို သုဘသညာ ( အကောင်းထင် စိတ်) နဲ့ ပဲ တုန့် ပြန်နေမိတဲ့အတွက် ရာဂ ကိလေသာတွေ ထကြွပြီး စိတ်အေးချမ်းခွင့် လုံးဝ မရရှာတဲ့ သီဟာထေရီမ နေ့ နေ့ ညည မစားနိုင် မအိပ်နိုင် နဲ့  ကြုံလှီ ပိန်ချုံးလာလိုက်တာ နဂိုက လှပတဲ့ ရုပ်အဆင်းတွေ ပျောက်ပြီး ကမ္မဋ္ဌာန်းရုပ် ပေါက်လာပါတော့တယ်..။
ခုနှစ်နှစ်လုံးလုံး ရာဂကိလေသာရဲ့  နှိပ်စက်မှုဒါဏ်ကို မရှုမလှ ခံရလို့  စိတ်အဆင်းရဲကြီး ဆင်းရဲနေတဲ့ သီဟာထေရီမဟာ မခံစားနိုင်တော့တဲ့အဆုံး ကိစ္စတုံးစီစဉ်ဖို့  ကြိုးတစ်ချောင်းယူပြီး... လူသူမနီးတဲ့ သစ်ပင်တစ်ပင်ပေါ် တက်လိုက်ပါတော့တယ် ။ ......."..တရားအားထုတ်ပေမယ့် ဘာတရားမှ မရ ၊ ကာမဂုဏ်ချမ်းသာလည်းဆုံးရှုံး ၊ တရားချမ်းသာလည်း လက်လွတ် ၊ မဂ်ဖိုလ် မရရင် နေပါဦး ၊ အနည်းဆုံးစိတ်အေးချမ်းမှုတော့ ရရမှာပေါ့..။ခုတော့ ရာဂ ကိလေသာ နှိပ်စက်နေလို့  စိတ်အေးချမ်းမှုလေးတောင်မရဘူး ၊ ....တရားချမ်းသာ မခံစားရလို့  လူပြန်ထွက်မယ်ဆိုရင်လည်း ရှက်စရာကြီး...၊ ..ဟင့်အင်း....လူပြန်ထွက်တာထက်စာရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်..။
တော်ပြီ...ငါ လူ့ လောကကြီးထဲမှာ မနေချင်တော့ဘူး ၊ ကြိုးဆွဲချပြီး သတ်သေလိုက်တော့မယ်...။ ".ကြိုးစတစ်စကို သစ်ကိုင်းမှာချည်.ကြိုးတစ်စကို လျှောကွင်းလုပ်ပြီး လည်ပင်းမှာစွပ် သစ်ပင်ပေါ်က ခုန်ချဖို့  အလုပ်မှာပဲ. အမြဲအားထုတ်နေကျ သတိပဋ္ဌာန်တရားက စိတ်အစဉ်မှာ ထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဥာဏ်တွေ တရိပ်ရိပ်တက်လာပါတယ်..။ ဥာဏ်ရင့်ချိန် ရောက်သွားတဲ့အတွက် ၀ိပဿနာဥာဏ် ၊ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် တွေ အဆင့်ဆင့် တက်သွားလိုက်တာ သစ်ပင်ပေါ်မှာတင် ပဋိသမ္ဘိဒါဥာဏ်လေးပါးနဲ့  တကွ ရဟန္တာ ဖြစ်သွားပါတယ်..။
ရဟန္တာ ဖြစ်တယ်ဆိုရင်ပဲ သီဟာထေရီမရဲ့  လည်ပင်းက ကြိုးကွင်း အလိုလို ပြေလျှောကျသွားပါတော့တယ်...။ ပုဗ္ဗာစိဏ္ဏ၀ိသေန၊ သီဟာထေရီ လည်ပင်းကို ကြိုးကွင်းစွတ်ပြီးကာမှ ၀ိပဿနာ ရှုဖြစ်သွားတာဟာ ...ပုဗ္ဗာစိဏ္ဏ...လို့ ခေါ်တဲ့ ...ရှေ့ ပိုင်းအလေ့အကျက်..ရဲ့  အစွမ်းကြောင့်ပါ..။ ကာမရာဂ စိတ်တွေ လွှမ်းမိုးနေတဲ့ ကြားက မရရအောင် ကြိုးစားကြိတ်မှတ်ပြီး ရှုမှတ်ပွားများနေခဲ့တဲ့ ရှေးရှေးနေ့ တွေက ရှေးရှေးလတွေက ရှေးရှေးနှစ်တွေက ..သတိပဋ္ဌာန်အလုပ်က ဥာဏ်ရင့်ချိန် ရောက်သွားတဲ့ ကြိုးကွင်းစွပ်ပြီး ချိန်မှာ လာကယ်တင်သွားတာပါပဲ..။
ဒါကြောင့် ကုသိုလ်အလုပ် တရားအလုပ်ဆိုတာ ပျော်ပျော် မပျော်ပျော် လုပ်နေရမှာပါ..။ ကုသိုလ်အလေ့အကျက် အားကောင်းနေရင် အခြေအနေဆိုးနဲ့  ကြုံတွေ့ နေတဲ့အချိန်မှာတောင် အဲဒီ ကုသိုလ် အဲဒီတရားက ကိုယ့်ကို ကောင်းကျိုး ပြုလာပါလိမ့်မယ်....။
( အရှင်ဆန္ဒာဓိက )
No comments:
Post a Comment