Friday, May 22, 2015

မြန်မာပြည်ကို မီးရှို့သူများ မဖြစ်ရလေအောင်


“ မြန်မာပြည်ကို မီးရှိုးတယ်ဆိုတဲ့ အသုံးအနှုန်းက ဘယ်ကရတာပါလိမ့် ”

“လယ်တီဆရာတော်ကြီးရဲ့ စကားပါဘုရား၊
လယ်တီဆရာတော်
ဘုရားကြီး သက်တော်ထင်ရှား
ရှိစဉ် တစ်နေ့က မြန်မာပြည်
တစ်ပြည်လုံးမှာ ဟိုးဟိုးကျော်နေတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန်က လယ်တီဆရာတော်ကို လာဖူးတယ်”

“လယ်တီဆရာတော်က ကန်တော့တာ ဘယ်သူပါလိမ့်လို့မေးလိုက်တဲ့အခါ ဦးဖိုးစိန်က တပည့်တော်ဇာတ်မင်းသားဖိုးစိန်ပါ ဘုရားလို့ လျှောက်လိုက်တဲ့အခါ ဆရာတော်က သြော် ဒါဖြင့် မြန်မာပြည်တစ်ပြည်လုံးကို မီးလှည့်ရှို့နေတာ ဒကာကြီးကိုးလို့ ပြောလိုက်သတဲ့”


“လောဘတို့၊ ဒေါသတို့ဆိုတာ ကိလေသာမီးတွေပေါ့ဘုရား၊ လူတွေရဲ့သန္တာန်မှာ လောဘမီး၊ ဒေါသမီးတောက်အောင် လုပ်နေတာဆိုရင် မြန်မာပြည်ကို မီးရှို့တာနဲ့အတူတူပဲပေါ့ဘုရား၊ တပည့်တော်အရင်ကရေးခဲ့တဲ့စာတွေဟာ လူတွေကို လောဘမီး၊ ဒေါသမီး၊ မောဟမီး တစ်ခုခု တောက်စေခဲ့တာချည်းပါပဲ။”

“ဒါကြောင့် လယ်တီဆရာတော်ရဲ့စကားနဲ့ပြောရမယ်ဆိုရင် တပည့်တော်လည်း မြန်မာပြည်ကို မီးရှို့ခဲ့တာပဲပေါ့ဘုရား”

“တပည့်တော်ဟာ လူ့ဘဝတုန်းက အချစ်တို့၊ အပစ်အခတ်တို့ပါတဲ့ ဝတ္တုတွေသာ အများဆုံး ရေးခဲ့တာပါဘုရား။ အခုတရားလည်း အားထုတ်လာ အသက်လည်းရလာတော့ အရင်က ရေးခဲ့တာတွေဟာ မြန်မာပြည်ကို မီးရှို့ခဲ့တာနဲ့ အတူတူပဲပါလားလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်” စာရေးဆရာတည်ကြည် ခေါ် အရှင်နေမိန္ဒ ၏ ဝန်ခံချက်ဖြစ်ပါသည်။

ဤကား စာရေးဆရာတည်ကြည်ခေါ် အရှင်နေမိန္ဒ၏ ဖြောင့်ချက်ပင်ဖြစ်ပေသည်။ သူ့နည်းတူ ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦးဖြစ်သော တော်စတွိုင်းကလည်း
 ဖြောင့်ချက်တစ်ခု ပေးခဲ့ဘူးသေးသည်။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အမြင်များ ပြောင်းလဲတတ်သသည်မှာ လူသားအားလုံး၏ သဘာဝတစ်ခုပင်။

တော်စတွိုင်းသည် စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို ဇွဲကြီးကြီးဖြင့် နှစ်များစွာ၊ အကြိမ်များစွာ ရေးသားခဲ့ရသည်။ ယင်းဝတ္တုကြီးသည် ကမ္ဘာကျော်ခဲ့သလို နိုဘယ်ဆုကြီးကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ တော်စတွိုင်း အသက်ယင်ရွယ်စဉ်က ယင်းဝတ္တုကြီးအတွက် အားတက်ဂုဏ်ယူနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ သို့သော် တော်စတွိုင်း အသက်ကြီးရင့် လာသောအခါတွင်ကား ယင်းဝတ္တုကြီး ရေးမိသည့်အတွက် အရှက်ကြီးရှက်နေသည်ဟုဆိုလျှင် စာဖတ်သူ ယုံချင်မှ ယုံပေမည်။ တော်စတွိုင်း နာမည်လည်းကြီး၊ အသက်လည်းကြီးလာချိန်တွင် သူ၏ စာဖတ်ပရိတ်သတ်တစ်ဦးက သူ့ထံအရောက်လာပြီး-

“ဆရာကြီးခင်ဗျား..ဆရာကြီးရေးခဲ့တဲ့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးဟာ ကမ္ဘာမှာ အရှည်ဆုံးဝတ္တုကြီး ဖြစ်သလို အကောင်းဆုံးဝတ္တုကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ခဲ့သမျှ ဝတ္တုကြီးတွေထဲမှာ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္တုကြီးဟာ အကောင်းဆုံးပါပဲ” ဟု ချီးမွမ်းလိုက်ရာ တော်စတွိုင်းက-

“အဲဒီဝတ္တုကြီးအကြောင်း ကျွန်တော့်ကို လာမပြောပါနဲ့၊ ဒီဝတ္တုကြီးကို ရေးခဲ့မိတဲ့အတွက် ကျွန်တော့်ကိုကျွန်တော် ရှက်လို့ မဆုံးပါဘူး။ ဒီဝတ္တုကြီးတစ်ခုလုံးဟာ သမ္ဖပ္ပလာပ (အကျိုးမရှိ၊ပြိန်ဖျင်းပြီး အနှစ်သာရမရှိတာတွေ)ချည်းပါဟု ပြန်ပြောခဲ့ပါသည်။
 တော်စတွိုင်း၏ ဖြစ်ရပ်မှန်မှ သင်ခန်းစာထုတ်ယူလျှင် မိမိရေးသော စာသည်-
လိုချင်တပ်မက်သော လောဘမီး၊
စိတ်ဆိုးအမျက်ထွက်သော ဒေါသမီး၊
တွေဝေမိုက်မှားသော မောဟမီး၊
ငါရှိ၊ ငါသိထောင်လွှားသော မာနမီး၊
ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါရှိသည်ဟု အယူမှားစေသော ဒိဌိမီး၊
ငါသည် ဖြစ်ခဲ့သလား၊ ဖြစ်သလား စသည်ဖြင့် -
ယုံမှားသော ၀ိစိကိစ္ဆာမီး၊
စိတ်ကို လေးလံထိုင်းမှိုင်းစေသော ထိနမီး၊
စိတ်ပျံ့လွင့်သော ဥဒစ္စမီး၊
အကုသိုလ်ကိုပြုလုပ်ရန် မရှက်သော အဟိရိကမီး၊
အကုသိုလ်ကိုမကြောက်သော အနောတ္တပ္ပမီး၊
သူတစ်ပါးကို မနာလိုသော က္ကဿာမီး၊
ကိုယ်ရသလို သူတစ်ပါးကို မရစေလိုသော မစ္ဆရိယမီး စသည်
တို့ကို နည်းပါးအောင်၊ ကုန်အောင် ပြုလုပ်ပေးနိုင်ရပါမည်။
တိုးပွားအောင် များပြားအောင် ပြုလုပ်မပေးရပါ။
ထို့ပြင် ယင်းစာသည် အနှစ်သာရလည်း ရှိရပါမည်။
ကောင်းကျိုးလည်း ရှိရပါမည်။ စိတ်ဝင်စားဖွယ်လည်း ရှိရပါမည်။
သို့မှသာ စာရေးသူတို့ အသက်ကြီးလာသော အချိန်တွင် တော်စတွိုင်းကဲ့သို့ အရှက်ရခြင်းဘေးမှ ကင်းဝေးရပါမည်။

 
“လူမိုက်တစ်သောင်း၊ ချီးမွှမ်းရှောင်းလည်း
လူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့”
  
ဟူသော စကားအတိုင်း အသိအလိမ္မာ ဥာဏ်ပညာနည်းသူတို့၏ ချီးမွှမ်းထောမနာစကားတွင် သာယာနှစ်သက်မနေဘဲ ဥာဏ်ပညာပြည့်ဝသူ သူတော်ကောင်းများ အပြစ်တင် အကဲ့ရဲ့မခံရဖို့ရာကို ပိုပြီးဂရုစိုက်ကြရပါမည်။
 
 

No comments:

Post a Comment