တချို့တချို့သော ပုဂ္ဂိုလ်တွေက လာဘ်လာဘကို သိပ်ပြီး လိုချင်ကြတယ်။
လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်ကိုကုန်ခန်း
သွားချင်တယ်ဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ? အနိစ္စသညာကို ခပ်များများ
ပွားပေးရတယ်။ ဘာအနိစ္စလဲလို့ မေးတော့? ခန္ဓာငါးပါး။ ဘယ်ခန္ဓာငါးပါးလဲ?

မိမိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဗဟိဒ္ဓ များထိုထို
ပုဂ္ဂိုလ်သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဒီရုပ်နာမ်တို့
ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေ, ပျက်နေတဲ့ သဘာဝတွေကို ဥာဏ်နဲ့မြင်
အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုရတယ်။ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာ
ငါးပါးတို့ကိုလည်း ပုံစံတူပဲ အနိစ္စလို့ ရှုပေးပါ။
ဒါတွင်လားဆိုတော့ မကသေးဘူး။ မိမိက ဘယ်လာဘ်လာဘအပေါ်မှာ
တွယ်တာမက်မောနေသလဲ? ရွှေတို့ စိန်တို့ ဆိုကြပါစို့။ ဒီပရမတ္ထသစ္စာ
နယ်ကနေပြီးတော့ ပရမတ်မျက်လုံးနဲ့ ရှုကြည့်ပါ။ အာနာပါနနဲ့ စတုတ္ထဈာန်
သမာဓိဆိုက်အောင် ထူထောင်ထားနိုင်တဲ့, ရုပ်တွေနာမ်တွေကိုလည်း အဇ္ဈတ္တ
ဗဟိဒ္ဓ သိမ်းဆည်းနိုင်တဲ့ ပုဂ္ဂိုလ်က ဒီရွှေဆိုတဲ့ အရာဝတ္ထုကို ဥာဏ်လင်း
ရောင်ခြည်အကူအညီနဲ့ လှမ်းပြီး ထိုးစိုက်လိုက်, ရွှေမှာ တည်ရှိနေတဲ့ ဓာတ်
လေးပါးကို သိမ်းဆည်းလိုက်လျှင် ရွှေဆိုတာ မတွေ့တော့ဘဲ ရုပ်ကလာပ်
အမှုန်တို့ရဲ့ အပေါင်းအစုအဖြစ် တွေ့ပြီ။ အဲဒီ ကလာပ်ကလေးတွေကို
ဓာတ်ခွဲလိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထ၀ီ, အာပေါ, တေဇော, ၀ါယော,
အဆင်း, အနံ့, အရသာ, သြဇာဆိုပြီး သဘောတရား ရှစ်ခုစီရှိတယ်။ အဲဒီ
သဘောတရားရှစ်ခုသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတယ်။ အဲဒီလို
ပျက်နေတဲ့ သဘာဝကို ၀ိပဿနာဥာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့
တွင်တွင်ရှုပေးပါ။ ရွှေဆိုတာ မတွေ့တော့ဘူးဆိုလျှင် အနိစ္စသဘာဝကိုသာ
ဆက်တိုက်တွေ့နေပြီဆိုလျှင် ရွှေအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာ
စိတ်ဓာတ်သည် ရှုံ့သွားလိမ့်မယ်၊ တွန့်သွားလိမ့်မယ်လို့ ဒီလို ဟောကြား
ထားတော်မူပါတယ်။ အလားတူပဲ စိန်တို့ ဘာတို့လည်း ပုံစံတူပဲ ရှုပါ။

ဝိပဿနာသာ ရှုနိုင်ပါစေ၊ မိမိ တွယ်တာမက်မောနေတဲ့ သက်မဲ့ ကာမ
ဝတ္ထု အစုစုတွေကိုလည်း ဓာတ်လေးပါးသိမ်းဆည်းပြီး ဒီလို စနစ်တကျ
ရှုနိုင်လျှင် ဒီသက်မဲ့ ကာမ၀တ္ထု အစုစုအပေါ်မှာ တွယ်တာမက်မောနေတဲ့
ဒီတဏှာတရားသည် နောက်ကို တွန့်ဆုတ်သွားလိမ့်မယ်။ အလားတူပဲ အဇ္ဈတ္တ
ဗဟိဒ္ဓမှာ တည်ရှိနေကြတဲ့ သက်ရှိ ရုပ်တရား နာမ်တရားတွေ အပေါ်မှာ
တွယ်တာမက်မောနေတယ်ဆိုလို့ရှိလျှင်လည်း ဒီတွယ်တာမက်မောနေတဲ့
အဇ္ဈတ္တဗဟိဒ္ဓမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို
သိမ်းဆည်းပြီး အနိစ္စလို့သာ တွင်တွင် ရှုနေပါ။ တွယ်တာမက်မောနေတဲ့
ဒီစိတ်ဓာတ်သည် နောက်ကို တဖြည်းဖြည်း တွန့်ဆုတ်သွားလိမ့်မယ်။

ဖားအောက်တောရဆရာတော်
(လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး) by (ဖားအောက်တောရဆရာတော်)
No comments:
Post a Comment