ပြဿနာဆိုတာ
စသူရှိလို့ ဖြစ်ရတာပါ။ ဖြစ်အောင်လည်း စစနေကြပါတယ်။ အလွန်က သူတို့က အလွန်၊
အဆိုးက ကိုယ်တွေဖြစ်ဖြစ်သွားပါတယ်။ သူတို့လွန်တာကို အများက မမြင်ဘူး၊
ကိုယ်တွေဆိုးတာကိုပဲ အမှားလို့ မြင်သွားကြတယ်။ ဒီတော့ ကိုယ်တွေက ဒါကို
သတိပြုဆင်ခြင်ရမယ်။ သူစတိုင်း ကိုယ်မထအောင်၊ သူလှုပ်တိုင်း ကိုယ်မလုပ်အောင်၊
သူလွန်တိုင်း ကိုယ်မမွှန်အောင် တခြားနည်းနဲ့ တုန့်ပြန်ရမယ်။
စသူကို အရယူပြီး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်ယူရမယ်။
မီးရှိုတာ၊ ဖျက်ဆီးတာ၊ ကိုယ်ထိလက်ရောက် တုန့်ပြန်တာ နည်းစနစ်မမှန်ဘူး။
မမှန်တဲ့ စနစ်နဲ့သွားရင် အကောင်းဖြစ်ဖို့မလွယ်ဘူး။ အဆိုးပဲ ဖြစ်တာများတယ်။
စနစ်မမှန်ရင် အကျိုးမများပဲ အချိန်ကုန်ပြီး အပျက်အဆီးသာ များနေတတ်တယ်။
ပြဿနာစသူဆိုတာ
အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေလိမ့်မယ်။ ပြဿနာကို
အပြီးတိုင်အကုန်ချေမှုန်းဖို့ မလွယ်ဘူး။ တခါတလေ ပြဿနာနဲ့ လက်တွဲပြီးတော့ကို
နေသွားရမယ့် အနေအထား ရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံ၊ ဒီမိုကရေစီစနစ်ကို
ကျင့်သုံးတဲ့ နိုင်ငံဆိုရင် အားလုံးဟာ ဥပဒေဘောင်အတွင်းကပဲ ဥပဒေနဲ့အညီ
နေထိုင်သွားရပါမယ်။ ကိုယ်တွေလည်း ဒီမိုကရေစီ နိုင်ငံအသီးသီးမှာ
နေထိုင်ကြတဲ့ သူတွေရှိနေတော့ အဲဒီမှာရှိနေကြတဲ့ ကိုယ့်အမျိုးတွေလည်း
ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ နေနေကြတာဖြစ်ပြီး သူ့နိုင်ငံ ဥပဒေနဲ့
ညီအောင်နေတဲ့ ကိုယ်တွေအတွက် အဲဒီနိုင်ငံက အခွင့်အရေး ပေးထားတာပဲ။
ကိုယ့်နိုင်ငံလည်း နောင်ဒီမိုမကရေစီစနစ် ပီပြင်လာရင် ဒီလိုပဲ
ခွင့်ပြုကြရမှာပါ။ အဓိကကတော့ ဥပဒေကအဓိကနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးမှုက
အဓိကပါပဲ။
ဒီတော့
အမြစ်ပြတ် ချေမှုန်းဖို့ထက် ဒီပြဿနာတွေ ထပ်မတက်အောင် ကြိုးစားဖို့ပဲ
လိုတယ်။ ပြဿနာတွေနဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ပြီး ကင်းနိုင်သမျှ
ကင်းအောင်ကြိုးစားရမယ်။ အမုန်းတရားနဲ့ ကင်းဖို့မဟုတ်ဘူး မချစ်မမုန်းတဲ့
ဥပေက္ခတရားနဲ့ပါ။ ပြီးရင် ဒီပြဿနာဆိုတာ ကြုံလာတဲ့အခါ ကိုယ်က ခံနိုင်ရည်
အားကောင်းနေအောင် ကိုယ့်ခြံကိုယ်လုံအောင် ကာကွယ်ကြရမယ်။
ကိုယ်တွေအင်းအားကောင်ေးနအောင်၊ ကိုယ်တွေ သဒ္ဓါခိုင်နေအောင်၊
ပြဿနာဆိုတာတွေနဲ့ ပတ်သက်လာရင် ကိုယ်တွေက မတုန်မလှုပ် ကိုယ့်ကိုယ်ကို
ကာကွယ်ထားနိုင်အောင် ကိုယ့်မျိုးဆက်ကို အကျိုးထွက်အောင်
ပြုစုပျိုးထောင်ကြရမယ်။ ကိုယ်တွေက အပြင်ဥပဒေနဲ့လည်း ခိုင်အောင်လုပ်ထားမယ်၊
အတွင်းဥပဒေဖြစ်တဲ့ ကိုယ့်မျိုးဆက်ရဲ့ စိတ်ဓာတ်တွေ၊ သဒ္ဓါတွေ၊
အသိတရားတွေကိုလည်း ခိုင်အောင် လုပ်ထားမယ်ဆိုရင် ပြဿနာ ဘယ်လောက်ပဲ ရှာရှာ၊
ပြဿနာ ဘက်လောက်ပဲတက်တက် ကိုယ်တွေက မတုန်မလှုပ် ခရီးဆက်နိုင်ကြမှာပါပဲ။
ဒါကြောင့်
ပြဿနာ စသူရှိလို့ ပြဿနာတက်တယ်ဆိုပေမယ့် ရလာဘ်က ကိုယ်ပဲအဆိုး၊
ကိုယ်ပဲအလွန်၊ ကိုယ်ပဲအဖမ်းခံရ၊ ကိုယ်ပဲ အရှုံးရလိုက်တယ်ဆိုရင်
ဒီစနစ်မမှန်လို့ ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ပြီး စစ်မှန်တဲ့ ကာကွယ်မှု
ဖြစ်အောင် ပြဿနာစသူကို အမုန်းတရားနဲ့ မတုန်ပြန်ဘဲ သူစပေမယ့်
အဲဒီထောင်ချောက်ထဲ ကိုယ်မရောက်အောင် ဥပဒေ ဘောင်အတွင်းကသာ ဖြေရှင်းကြဖို့ပဲ
ဖြစ်ပါကြောင်း မကြာမကြာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ် တစေ့တစောင်း ဆင်ခြင်ရင်း
အသိတစ်ခု အမျှပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
No comments:
Post a Comment