မေး။ ။''ဆရာတို့ တရားထိုင်ရင် ဘယ်လောက်ကြာသလဲ''
ဖြေ။ ။''ပုံမှန်ဆိုရင် တစ်နာရီတော့ကြာတယ်။
တစ်ခါတစ်ခါတော့လည်း နှစ်နာရီ၊သုံးနာရီကြာတတ်ပါတယ်''
မေး။ ။''အဲလောက်ကြာအောင် မလှုပ်မယှက်ထိုင်နေတော့ ညောင်းညာကိုက်ခဲမှုတွေဆိုတာ
ဖြစ်မှာပဲ။ဖြစ်ရက်နဲ့ပေပြီးထိုင်နေတာဟာ ခန္ဓာကိုယ်ကို ညဉ်းပန်းနှိပ်စက်ရာ
မရောက်ဘူးလားဆရာ ပြောပါအုံး''
ဖြေ။ ။''ဦး ကာယဗလ အလေးမသမားတွေ လေ့ကျင့်နေကြတာကို မြင်ဘူးလား''
''ဟုတ်ကဲ့ မြင်ဘူးပါတယ်''
''မြင်ဘူးရင် ဒီလောက်လေးလံလှတဲ့ ဝိတ်ပြားကြီးတွေကို တစ်ပြားပြီး တစ်ပြားထပ်ပိုးပြီး မနေတာ ဘာအတွက်လို့ထင်လဲ''
''ခွန်အားပြည့်ဖြိုးပြီး သန်မာထွားကျိုင်းအောင် ယောက်ျားပီသအောင် လေ့ကျင့်နေကြတယ်လို့ထင်ပါတယ်ဆရာ''
''အဲဒါသိရင် ကျွန်တော်တို့
တရားတစ်နာရီ၊နှစ်နာရီထိုင်တာကိုလည်းနားလည်ရောပေါ့ဗျာ။ကျွန်တော်တို့
အဲသလိုထိုင်တာဟာ စိတ်နောက်ကိုယ်ပါအောင် လေ့ကျင့်နေတာပါ။
ကိလေသာနောက်ကိုပါသွားတဲ့စိတ်ဟာ မိမိကိုယ်ရော၊သူတစ်ပါးကိုပါ ဒုက္ခဖြစ်စေနိုင်တယ်။ဒီတော့ ဓါတ်လေးပါး ဝိတ်ပြားကြီးတွေ တစ်ပါးပြီးတစ်ပြား၊
တစ်မျိုးပြီးတစ်မျိုးတို့ရဲ့ ဒုက္ခအလေးချိန်တွေကို သည်းခံပြီး ဒေါသနေရာကို
အဒေါသ(မေတ္တာ)ခွန်အားတွေ ပြည့်ဖြိုးလာအောင်
အစားထိုးလေ့ကျင့်နေခြင်းဖြစ်ပါတယ်။
လောကီ လောကုတ်ချမ်းသာမှန်သမျှ ဆင်းရဲမှာ ကြောက်နေရင် ဘာချမ်းသာမှလည်း ရမှာ မဟုတ်ပါဘူး။ဒုက္ခကိုအရင်းခံပြီး ရယူကြစမြဲပဲမဟုတ်လား။
ကျွန်တော်တို့ ဗုဒ္ဓဆိုရင် ဘဝများစွာ ကမ္ဘာများစွာ ဒုက္ခကိုအရင်းတည်ပြီး
ပါရမီဖြည့်ခဲ့ရပါတယ်။ပါရမီမရင့်ကျက်ခင် ဘဝတွေမှာ စိတ်နောက်ကိုယ်ပါပြီး
သံသရာမှာ မြှပ်မျောမျောခဲ့ရတဲ့ ဘဝတွေရှိခဲ့ကြောင်း ကိုယ်တော်တိုင်
ဖော်ထုတ်ဟောပြောတော်မူခဲ့တယ်။
စိတ်သွားတိုင်းကိုယ်ပါပြီး ကိလေသာရဲ့ နဖားကြိုးထိုးခြင်းခံလိုက်ပြီဆိုရင် သံသရာမှာသူဆွဲရာပါတော့မှာ သေချာပါတယ်။
သံသရာမဆိုထားနဲ့ ဒီပစ္စုပ္ပါန်ဘဝမှာတောင် ကိလေသာရဲ့ နဖားကြိုးအထိုးခံရလို့
ဆွဲရာနောက်ကိုပါတဲ့သူရယ် မပါတဲ့သူရယ် ဆိုတာ ဘဝပြေးလမ်းထဲမှာ ကြည့်လိုက်ရင်
အမြင်သာကြီးပါ ဦး။
သူတော်ကောင်းတရားကို ရေးမှတ်သင်ကြားတတ်မြောက် အောင်မြင်ထားရက်နဲ့
သူတော်ကောင်းစိတ်မရှိသူတွေ။မိမိကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးဂုဏ်ကို
ချိုးနှိမ်ဖျက်ဆီးသူတွေ။ပရိယတ်ကိုသင်ပြီး ဝမ်းအတွက် ပါးစပ်နဲ့ရှာ မဆလာလို
ဂုဏ်ပါဝါတွေကို အပေါ်ကဖုံးပြီး နှလုံးသားထဲမှာ တရားမကိန်းရှာသူတွေဟာ
ကိလေသာရဲ့နဖားကြိုးထိုးခံရသူတွေပဲ ဦးရဲ့။
အကြောင်းတိုက်ဆိုင်တိုင်း စိတ်ကိုတဏှာက ချယ်လှယ်မှုခံနေရသူဟာ
ဘယ်လိုဝတ်စုံကိုဝတ်ထားထား ဘယ်အရွယ်ဖြစ်ဖြစ် ကျားကျား မမ
သူတော်ကောင်းတရားနဲ့ မနီးစပ်သူသာဖြစ်ပါတယ်။
ဒါကြောင့် အကြောင်းမဲ့သက်သက် အညောင်းအညာခံပြီး ထိုင်နေတာမဟုတ်ဘူးလို့ နားလည်စေချင်ပါတယ်။
ဘုရားရှင်ကလည်း ဓမ္မပဒ စိတ္တဝဂ်မှာ စိတ်ဆိုတာ နှိပ်ကွပ်ဖို့ခက်ခဲတယ်။
အာရုံတစ်ခုကနေ အာရုံတစ်ခုပေါ်သို့
ပြေးသွားခြင်းမြန်ဆန်တယ်။ပေါ့ပါးတယ်။ကာမဂုဏ်နဲ့သာ
ပျော်မွေ့နေတတ်တယ်။အဲဒီစိတ်ကို ဆုံးမနိုင်လျင် ချမ်းသာခြင်းကို
ဆောင်လိမ့်မယ် လို့ဟောတော်မူခဲ့ပါတယ်။
ပညာရှိသူတော်ကောင်းများကလည်း စိတ်တစ်လုံးကိုနိုင်လျင် ကိလေသာအကုန်သေ၏
လို့ဆုံးမလမ်းညွှန်ခဲ့ပါတယ်။ကဲ ဦး ဘာများဆွေးနွေးအုံးမလဲ ဆွေးနွေးပါ''
(ပန်းဒကာကိုတင်မြင့် ''လိုက်ခဲ့တော့''စာအုပ်မှ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် ခေတ်မှီပညာတတ်မေးသောမေးခွန်းအား စာရေးသူဖြေရှင်းချက်)
Credit to Nyi Nyi Aung.
No comments:
Post a Comment