Thursday, August 27, 2015

"လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရှင်းတမ်း"


အရှင် ဘုရားကျန်းမာပါစေဘုရား။ အချိန် ရရင်လေးသ င်္ချေနဲ့ကမ္ဘာတစ်သိန်း အ ကြောင်းရှင်းပြ ပေးတော်မူပါဘုရား။ တပည့်တော်သမီးကပါရမီဆိုတာနဲ့ ပါတ်သက်ပြီးမေးတယ်ဘုရား ဘုရားပါရမီ အ ကြောင်းမှာလေးသ င်္ချေ အကြောင်းပါလာလို့ပါဘုရား။ ကလေးက (၇)နှစ်သမီးအရွယ်လေးပါဘုရား။ (ဒကာမကြီးတစ်ဦး)


ကလေးငယ်လေးများ ဘာသာရေးနဲ့ပတ်သတ်လို့ စိတ်ဝင်တစားမေးလာတာ အနာဂတ်သာသနာအတွက် အပေါင်းလက္ခဏာဖြစ်ပါတယ်။ ထိုထိုသို့သော ကလေးငယ်လေးများ တစ်တိုင်းပြည်လုံး အတိုင်းအတာများဖြင့် ဆိုပါလျှင် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိသားငယ် သမီးငယ်လေးများ ဘာသာရေးမှာ စိတ်ဝင်စားမှုတွေရှိလာအောင် အားလပ်သည့်အချိန်များတွင် သင်ကြားပေးဖို့ လိုပါလိမ့်မည်။ သို့မှသာ ကလေးငယ်လေးများ ဘာသာရေး စိတ်ဝင်စားကြမှာဖြစ်ပါတယ်။ စိတ်ဝင်စားလေလေ ဘာသာရေးလေ့လာလေလေပါ။ ဘာသာရေးကို လေ့လာလေလေ အဖြူ-အမည်း၊ အကောင်း-အဆိုး၊ အကြောင်း-အကျိုး၊ ကုသိုလ်-အကုသိုလ်များကို ကွဲကွဲပြားပြား နားလည်ပြီး သာသနာကို တန်ဘိုးထားတတ်မှာပါ။ ထိုသို့တန်ဘိုးထားမှသာလျှင် အနာဂတ်သာသနာ လှပမည်ဖြစ်ပါသည်။

တစ်သင်္ချေမှာ နှစ်အရေအတွက်ကို မဆိုထားနှင့် ကပ်ကမ္ဘာအရေအတွက်ကိုပင် ရေတွက်၍မပြနိုင်ပါ။ လူတို့၏အသက် အသင်္ချေယျတန်းမှစ၍ တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့ရာ အသက်၁၀နှစ်တန်းသို့ ရောက်၏။ တစ်ဖန် ၁၀နှစ်တန်းမှ တရားကျင့်၍ အသက်ရှည်လာပြန်ရာ အသက်အသင်္ချေယျတန်းသို့ ရောက်လေ၏။ ဤသို့ဆုပ်ကပ် တက်ကပ်နှစ်ခုအစုံသည် အန္တရကပ် မည်၏။ ၄င်းအန္တရကပ် ၆၄ကပ်သည်(တစ်နည်း) အန္တရကပ်၂၀သည် အသင်္ချေယျကပ်တစ်ကပ်ဖြစ်၏။ ၄င်းအသင်္ချေယျကပ် ၄-ကပ်သည် (မဟာကပ်ခေါ်) တစ်ကမ္ဘာဖြစ်၏။ ၄င်းမဟာကပ်ခေါ် တစ်ကမ္ဘာ၏ သက်တမ်းကို ရေတွက်ပြဖို့ရာကား ပို၍ပင် ခက်ယဉ်းလှ၏။ ကျမ်းဂန်များ၌ ပဓာနပြထားသည်ကား အလျား-အနံ ယူဇနာ ၁၀၀ကျယ်သော တိုက်ခန်း (ဂိုဒေါင်ကြီး) တစ်ခုအတွင်း၌ မုန်ညှင်းစေ့ကလေးများကို အပြည့်အသိပ်ထည့်သွင်းပြီးနောက် အနှစ်တစ်ရာမှတစ်စေ့၊ အနှစ်တစ်ရာမှ တစ်စေ့ ယူ၍ပစ်သော် မုန့်ညင်းစေ့ကလေးများ အားလုံးကုန်သွားသော်လည်း (ထိုမဟာကပ်) တစ်ကမ္ဘာ၏ သက်တမ်းကား မကုန်ဆုံးသေးဟု မှတ်ရာ၏။
သာဓက။ ။ အန္တရကပ္ဗဿ ဝသေန စတုသဋ္ဌိ အန္တရကပ္ဗပမာဏော၊ ဝီသတိအန္တရကပ္ဗပမာဏောတိ စဝန္တိ။(ဋီကာကျော်)

ဆိုတော့ ဒကာမကြီးသမီးလေးကို လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းဆိုသည်မှာ ရေတွက်လို့မရနိုင်လောက်အောင် များပြားလှတဲ့ နှစ်တွေ၊ ဘဝတွေဟု လွယ်လွယ်ကူကူ မှတ်သားနိုင်ရန်ရှင်းပြစေချင်ပါသည်။ ကလေးငယ်လေးများ၏ ဦးနှောက်နှင့် ဝင်ဆန့်မည့် အဖြေမျိုး ဖြေကြားပေးစေလိုပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူသလို ကလေးရဲ့ ပါးစပ်ဖြင့် တန်သည့် ထမင်းလုတ်ကို ခွံ့ကျွေးတတ်ဖို့ လိုပါမည်။ သို့မှသာ နေရာကျမည်ဖြစ်ပါသည်။ ကလေးငယ်ဆိုတော့ ထမင်းအလုတ်ကြီးကြီး ခွံ့လို့မဖြစ်သေးပါ။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment