Sunday, August 23, 2015

"ဥပုသ်သည်များ ကွမ်း၊ ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ"

ဒီမေးခွန်းရဲ့ အဖြေ၏ ဇစ်မြစ်ကား ဝိကာလဘောဇနာ သိက္ခာပုဒ်ကို အခြေခံပြီး ပေါ်ထွက်လာခြင်းပါ။ ဥပုသ်သီလထဲမှာ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆို၍ ဆောက်တည်ရ၏။ အဓိပ္ဗါယ်မှာ နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ဟူ၍ ဖြစ်သည်။ (ဝိကာလ- နေ့လွဲမွန်းလွဲသောအခါ၊ ဘောဇနာ- စားခြင်း)

ရဟန်း သာမဏေတို့ ခဲဖွယ်ဘောဇဉ်တို့ကို စားသောက်ကောင်းသည့် အချိန်အခါကို ကာလ ဟုခေါ်သည်။ ထိုကာလကား အရုဏ်တက်ပြီးချိန်မှစ၍ မွန်းတည့် ၁၂နာရီအထိ ဖြစ်သည်။ ဝိကာလဆိုသည်မှာ ထိုကာလမဟုတ်သော၊ ထိုကာလမှကင်းသော အချိန်ဖြစ်၏။ ထိုအချိန်ကို နေလွဲချိန်၊ မွန်းလွဲချိန်၊ဟု ခေါ်သည်။ ထိုအချိန်အတွင်း၌ အဖျော်ရည်၊ ဆေး၊ စတုမဓုစသည့်တို့မှတစ်ပါး ထမင်း၊ ဟင်းလျာ၊ ကွမ်းဆေး၊ လက်ဖက်၊ သစ်သီးစသော ခဲဖွယ်ဘောဇဉ်တို့ကို မစားရပါ။ စားလျှင် ဝိကာလဘောဇန သိက္ခာပုဒ် ပျက်၏။ (ရဟန်းတော်များ၏ ဆွမ်းပွဲ၌ပါသော စားဖွယ်များကို ဘောဇဉ်ဟုခေါ်၍ အချိုပွဲ၌ ပါသော စားဖွယ်များကို ခဲဖွယ် ဟုခေါ်သည်။)

ဤသိက္ခာပုဒ်နှင့်ပတ်သတ်၍ ကာလိက(၄)မျိုးကိုလည်း သိထားသင့်၏။ ကာလိကဆိုသည်မှာ မိမိတို့ ကာလအပိုင်းအခြားအလိုက် စားသောက်ရသော စားဖွယ်ခဲဖွယ်များဖြစ်သည်။ ထိုကာလိကသည်
၁။ ယာဝကာလိကမှာ အရုဏ်တက်ချိန်မှစ၍ မွန်းတည့်ချိန်အထိ ကာလအတွင်း၌ စားရသည့် စားဖွယ်၊ ခဲဖွယ်များဖြစ်၏။ ဟင်းချက်၍ စားရကောင်းသော မုန်လာဥ၊ မျှစ် စသောအမြစ်ခဲဖွယ်၊ ပိန္နဲသီး၊ထန်းသီး အုန်းသီး၊ သရက်သီး၊ စသော အသီးခဲဖွယ်၊ မုန့်ခဲဖွယ်များနှင့် နို့ရည် နို့ဓမ်းစသော အာဟာရများဖြစ်သည်။ ဤသိက္ခာပုဒ်ဆောက်တည် ထားသူသည် ဖော်ပြပါ ယာဝကာလိက စားဖွယ်များကို မွန်းမတည့်မီအချိန်အတွင်း၌သာ စားကောင်း၏။ မွန်းလွဲချိန်တွင်စားလျှင် ဤသိက္ခာပုဒ်ပျက်သည်။ မွန်းတည့်ချိန်ရသည်။ တိတိအချိန်ကား ကာလအတွင်းပါဝင်၏။

၂။ ဖျော်ရည်များကို ယာမကာလိကဟုခေါ်၏။ ည၏ နောက်ဆုံးယံ(မိုးသောက်ယံ) အထိ သောက်ထိုက်သောကြောင့် ဖျော်ရည်များကို ယာမကာလိကဟု ဆိုခြင်းဖြစ်သည်။ နံနက်ပိုင်းမှ(ဝါ)မွန်းတည့်ပြီးနောက် အရုဏ်မတက်မီ မိုးသောက်ယံအတွင်း၌သာ သောက်ကောင်းသည်ဟု ဆိုလို၏။ သောက်ကောင်းသည့် ဖျော်ရည်များမှာ
၁။ သပြေသီဖျော်ရည်။ ၂။ သရက်သီးဖျော်ရည်၊ ၃။ သပျစ်သီးဖျော်ရည်၊ ၄။ ဖက်သက်သီဖျော်ရည်၊ ၅။ သစ်မည်စည်သီးဖျော်ရည်၊ ၆။ တောငှက်ပျောသီးဖျော်ရည်၊ ၇။ အိမ်ငှက်ပျောသီးဖျော်ရည်၊ ၈။ကြာစွယ်ဖျော်ရည် ဟူ၍ ရှစ်မျိုးပြထား၏။ ထို့ပြင် မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ ရှောက်ဖျော်ရည် စသည်တို့ကိုလည်း အနုလောမ (အဖျော်ရှစ်မျိုးအားလျော်သော အတူတူဖြစ်သော) ဖျော်ရည်အဖြစ် သောက်ကောင်းသည်ဟု မိန့်ဆိုထား၏။ ခုဒ္ဒသိက္ခာ အဋ္ဌကထာ၌ ထန်း၊ အုန်း၊ ပိန္နဲစသော အသီးကြီးကိုးလုံး၊ စပါးမျိုးတို့မှဖြစ်သော အသီးရည်တို့မှတစ်ပါး ကျန်အသီးတို့မှ ဖြစ်သော အသီးရည်ဟူသမျှ သစ်မည်စည်ပွင့်ရည်မှတစ်ပါး အပွင့်ရည်ဟူသမျှ ဟင်းချက်စားနိုင်သော ယာဝကာလိကအရွက်ရည် ဟူသမျှသည် ယာမကာလိကဖြစ်၏ဟု ဖွင့်ဆိုထား၏။
ယာမကာလိကဖြစ်သည့် အသီး အပွင့်၊ အရွတ်တို့ကို ဖျော်ရည်လုပ်သည့်အခါ ရေအေး ရေစိမ်းဖြင့်နယ်၍သော်လည်းကောင်း၊ နေပူလှန်း၍သော်လည်းကောင်း၊ လုပ်နိုင်၏။ မီးဖြင့်ကား မချက်ကောင်း၊ လိမ္မော်သီးစသည်တို့ကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင် အမှုန့်မပါသော်လည်း ယာမကာလိကမဟုတ်၊ ယာဝကာလိကသာဖြစ်၏။ သို့ဖြစ်၍ ယခုအခါ နိုင်ငံခြားမှ မီးဖြင့်ချက်၍ ကြာရှည်ခံအောင်လုပ်ထားသည့် လိမ္မော်ဖျော်ရည် စသည်တို့ကို ဆရာတော်ကြီးများ ယာမကာလိကအဖြစ်ဖြင့် သုံးဆောင်တော်မမူကြပါ။ ဝိကာလဘောဇနာသိက္ခာပုဒ်ကို စောင့်ထိန်းထားသော ဥပုသ်သည်များသည် အသေအချာစိစစ်၍ အဖတ်အမှုန့် မပါသည့် မန်ကျည်းဖျော်ရည်၊ သစ်သီးဖျော်ရည်တို့ကို ညဥ့်၏ နောက်ဆုံးယံ အရုဏ်တက်ချိန်အထိ သောက်ကောင်း၏။ သို့ရာတွင် မွန်းလွဲချိန်၌မူ အကြောင်းမဲ့ သက်သက်မသောက်ကောင်း၊ မွတ်သိပ်ဆာလောင်နေမှသာ အဆာပြေ သောက်ကောင်း၏။

၃။ သတ္ထာဟကာလိက ဆိုသည်မှာ ရဟန်းတော်များ အကပ်ခံပြီး ခုနစ်ရက်ထားပြီး ခုနစ်ရက်အတွင်း အချိန်မရွေး ဘုဉ်းပေးကောင်းသည့် ထောပတ်၊ ဆီဦး၊ နှမ်းဆီစသော ဆီ၊ ပျားရည်၊ တင်လဲ(သကြား၊ သကာ၊ ထန်းလျက်) တို့ဖြစ်သည်။ ထိုအရာများကို ဆေးဟုလည်း ခေါ်သည်။ ထို့ကြောင့် ဥပုသ်သည်များသည် အားနည်းသောရောဂါ၊ အသွေးအသားနည်းသည့်(ပိန်ခြောက်) ရောဂါနှင့် လေနာရောဂါ စသည်တို့ရှိလျှင် မွန်းလွဲချိန်တွင် ဆေးအဖြစ်စားကောင်း၏။ မွတ်သိပ်ဆာလောင်ရုံ၊သက်သက်မျှဖြင့် မစားကောင်းချေ။ သို့ရာတွင် မဟာဝါပါဠိတော်၌ အနာရောဂါရှိသူအတွက် ကြံသကာ၊ ထန်းလျက်အခဲကိုလည်း ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူသောကြောင့် ကြံရည်၊ ထန်းလျက်ရည်တို့ကို ဆာလောင်မွတ်သိပ်လျှင် သောက်ကောင်း၏။

၎။ ယာဝဇီဝကကား တစ်သက်ပတ်လုံး အချိန်မရွေး သုံးစားကောင်းသော ဆား၊ ချင်း၊(ဂျင်း)၊ ဆိတ်ဖူ၊ ကြက်သွန်ဖြူ၊ လင်းလေစသောအမြစ်၊ အခေါက်အဥများ ဖြစ်သည်။ အထူးသဖြင့် ထမင်း ဟင်းအစာအဖြစ်ဖြင့် သုံးစွဲလေ့မရှိသော (ယာမကာလိက သတ္ထာဟကာလိကတို့တွင်လည်း မပါဝင်သော) မန်ကျည်းရွတ်အကြမ်း၊ ကင်ပွန်းရွတ်အကြမ်း၊စသော အရွတ်၊ အမြစ်၊ အခေါက်၊ အဥတို့ဖြစ်သည်။ ဆား၊ချင်း နနွင်းစသည်တို့မှာ ဟင်းလျာများတွင် ထည့်ခတ်ကြသော်လည်း ဟင်း၏ အဆာမျှသာဖြစ်၏။ အထည်ကိုယ် ပဓာနမဟုတ်ကြ၊ ထိုကဲ့သို့ ခဲဖွယ် ဘောဇဉ်အရာဝယ် ပဓာန အဖြစ်ဖြင့် မသုံးစွဲရသော ဆား၊ ချင်း၊ ငရုတ်၊ ကြက်သွန်တို့မှာ ယာဝဇီဝကတို့သာ ဖြစ်ကြ၏။ ထိုယာဝဇီဝကတို့ကို အကြောင်းမဲ့သက်သက်လည်း မစားကောင်း၊ ဆာလောင်သဖြင့် အဆာပြေရုံလည်း မစားကောင်း၊ တစ်စုံတစ်ရာရောဂါရှိပါမှ ဆေးအဖြစ်ဖြင့်သာ စကားကောင်း၏။
ယခုခေတ်ပေါ် ညချင်း(ဂျင်း) သုပ်များကား ကြက်သွန်၊ ဆီ၊ ဆား၊ ချင်းများကို တစခုစီကြည့်လျှင် သတ္တာဟာကာလိကနှင့် ယာဝဇီဝကတို့ချည်းသာဖြစ်၍ မွန်းလွဲချိန်တွင် စားကောင်း၏ဟု ထင်ဖွယ်ရှိ၏။ သို့သော် ချင်းကို ပင်ကိုယ်အကြမ်းတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုတ်တစ်မျိုးဖြစ်အောင် စီမံထားသဖြင့် ယာဝကာလိကခဲဖွယ်တွင် ပါဝင်နေပြီဖြစ်၍ မစားကောင်းဟု ဆရာတော်ကြီးများက ယူဆကြ၏။ ယာဝကာလိက မဟုတ်ဟု ငြင်းစေကာမူ ထိုဂျင်းသုပ်ကြောင့် ကင်းပျောက်မည့်ရောဂါရှိမှ စားကောင်း၏။ အကြောင်းမဲ့ဖြစ်စေ၊ မွတ်သိပ်ဆာလောင်၍ ဖြစ်စေ၊ စားလျှင် ဝိကာလဘောဇနာ သိက္ခာပုဒ်ချို့၏။

ထိုကြောင့် ဥပုသ်သည်များအနေဖြင့် ဆာလောင်ခြင်း၊ မကျန်းမာခြင်း၊ အကြောင်းမရှိဘဲ ဖျော်ရည်၊ စတုမဓု၊ ထန်းလျက်၊ သကြား၊ ချင်းသုပ်၊ ကွမ်း၊ ဆေးစသည်တို့ကို စားသောက်လျှင် ဤသိက္ခာပုဒ်ညှိုး၏၊ သစ်ပင်ညှိုးလျှင် အသီးနည်းသကဲ့သို့ ဥပုသ်ညှိုးလျှင် အကျိုးရနည်းမည် ဖြစ်ပေသည်။ ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကား၊ နေလွဲသောအခါ၌ သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူးပါသည်။ ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။

အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို- ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။

နေမကောင်းသောအခါ ဆေးလိပ်သောက်ခွင့်ရှိပါသည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည်။ အာပတ်သင့်မည်ဆိုပါက ဒုက္ကဋ် အာပတ်သင့်ပါသည်၊ ဒုက္ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။ ထိုအဆိုများကား ဝိကာလဘောဇနာသိက္ခာပုဒ်ကြောင့်ပေါ်ပေါက်လာခြင်း ဖြစ်၏။ ထို့ကြောင့် ဥပုသ်သည်များအနေဖြင့် ထိုသိက္ခာပုဒ်ကို အခြေခံ၍ မှတ်သားသင့်လှ၏။ ကျန်းမာရေးကြောင့်ဟု ဆိုပါလျှင် သုံးစွဲကောင်းပါ၏။ ကျန်းမာရေးကြောင့်မဟုတ်ပါလျှင် မမှီဝဲ မသုံးစွဲပါလျှင် ပို၍ကောင်းမည်ဖြစ်ကြောင်း၊ ထိုထက်အရသာရှိလှသော ထမင်း ဟင်းလျာများကိုပင် မစားသုံးဘဲနေရသည်ဖြစ်ကြောင့် ကျန်းမာရေးကြောင့်မဟုတ်ပါလျှင် ဆေးလိပ်၊ ကွမ်းများကို မသုံးစွဲဘဲနေပါက ပို၍ကောင်းမည်ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။ ဝိနည်းဆိုသည်မှာ အလွန်ကျယ်ပြန့် အလွန်နူးညံ့လှသောကြောင့် မိမိခံယူထားသော သိက္ခာပုဒ် စင်ကြယ်လိုပါက သံသယဖြစ်စေမည့် မည်သည့်အရာကိုမှ မမှီဝဲစေလိုပါ။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment