Sunday, October 4, 2015

"မာနကိလေသာနှင့် ပတ်သက်၍"



ထုထည်အကြီးဆုံး ကိလေသာ (၃)ပါးရှိသည်။ ယင်းတို့မှာ လောဘ၊ဒေါသ၊မာန တို့ဖြစ်၏။ ရဟန္တာဖြစ်မှ ထိုကိလေသာ သုံးပါးကို ပယ်သတ်နိုင်၏။ မာနကိလေသာသည် အလွန်သိမ်မွေ့၏။ သိရခက်၏။ မိမိမှာ ဖြစ်နေတာကိုပင် ဖြစ်နေမှန်းမသိချေ။ တစ်နာရီ မပြင်ပဲ တရားထိုင်နိုင် သူသည် ပြင်သောသူကို အထင်သေးတတ်၏။ နှစ်နာရီ မပြင်ပဲ တရားထိုင်သူသည် တစ်နာရီ ထိုင်နိုင်သူကို အထင်သေးတတ်၏။
***သူတစ်ပါးကို အထင်သေးခြင်းသည် မိမိကိုယ်ကို အထင်ကြီးခြင်းကြောင့်ပင်ဖြစ်၏။ ကိလေသာ ကို ပယ်သတ်ရန် တရားထိုင်သူသည် ထို မာန က ဝင်ရှုပ်နေသေး၏။ မာန သည် ကိလေသာ ပင် မဟုတ်ပါလော။ ထိုမာနက ဝင်ရှုပ်တတ်သေးရာ ကျန်စီးပွားရေး၊ လှူမှုရေးများ ဆိုဖွယ်ရာ မရှိတော့ချေ။ ***မာနသည် ထောင်လွှား တက်ကြွခြင်း သဘောရှိသော်လည်း သူ့ကို လက်ခံထားသူအား အယုတ်နိမ့်ဆုံး ဘဝသို့ ပို့ပေးတတ်သည်။ ဂါရဝ နိဝါတသည် နိမ့်ကျခြင်း သဘောရှိသော်လည်း လက်ခံထားသူအား မြင့်မြတ်သော ဘဝသို့ ပို့ဆောင် ပေးတတ်၏။ ***မှိတ်တုတ် မှိတ်တုတ် ကြယ်တာရာများ၏ ကြားတွင် တစ်လောကလုံး ထွန်းလင်းအေးမြစေသော လမင်းကြီးသည် ထင်ရှားသကဲ့သို့ ~ ***မာနကြီးသော လူသားများကြားတွင် မာနကင်းသော သူတော်ကောင်းများသည် အလိုလို ထင်ရှားကျော်ကြား တတ်၏။ မာနကြီးစရာ များစွာ ရှိသော်လည်း မာနမကြီးသော သူများကား ပို၍ပင် လေးစားစရာ ကောင်း၏။ တိပိဋကဆရာတော်(၁၂)ပါးထဲတွင် မင်းကွန်း တိပိဋကတ် ဆရာတော်ကြီးကား မာနအကင်းဆုံး ဆရာတော်ကြီးပင် ဖြစ်၏။ (၁) ကမ္ဘာ့ဂရင်းနစ် စာအုပ်ကြီးတွင် ကမ္ဘာ့ညာဏ်ပညာ အကြီးဆုံး လူသားအဖြစ် မှတ်တမ်း တင်ခံရခြင်း။ (၂) ဓမ္မဘဏ္ဍာဂါရိက= တရား ဘဏ္ဍာစိုးဟူသော ဘွဲ့ထူးကို ပထမဆုံး ရရှိခြင်း (၃) တိပိဋကတ် ဘွဲ့ထူးကို ကမ္ဘာတွင် ပထမဦးဆုံး ဆွတ်ခူးယူနိုင်ခြင်း (၄) နိုင်ငံတော် သံဃာ့ မဟာနာယက အကျိုးတော်ဆောင် ဖြစ်ခြင်း (၅) နိုင်ငံကျော် ဓမ္မကထိက ဖြစ်ခြင်း (၆) ရန်ကုန်၊ မန္တလေး နိုင်ငံတော် ပဋိယတ္တိတက္ကသိုလ် ကြီးများကို ဦးဆောင် တည်ထောင်တော် မူခြင်း။ (၇) တစ်ခုတည်းသော တိပိဋကစာသင်တိုက်ကြီးကို တည်ထောင်ပြီး တိပိဋကဆရာတော်များကို မွေးထုတ်ပေးတော်မူခြင်း။ စသော မာနတက်စရာ ဂုဏ်ထူး ဝိသေသများ ရှိပါသော်လည်း မိမိထက် တစ်ဝါသာ ကြီးသော ဆရာတော်များ ရှေ့မှာပင် ကျုံ့ကျုံ့ထိုင်၍ အမြဲလက်အုပ် ချီထားကာ မာနကို လက်တွေ့ပယ်သတ်တော် မူခဲ့သည်။ ကိုရင်လေးများ စာဝါ သွားတက်ရာ၌ ဘယ်စာဝါ တက်ကြတာလဲ ဘုရားဟု မေးရာ၌ပင် လက်အုပ်ချီ၍ မေးသည်။ ဘေးမှ ဆရာတော်တစ်ပါးက ကိုရင်လေးတွေ မေးတာပဲ ဘာ့ကြောင့် လက်အုပ်ချီတာလဲ မေးရာ- ကိုရင်လေးတွေ ဖြစ်သော်လည်း သူတို့ သင်အံ လေ့ကျက် နေကြတာက ဘုရား တရားတော်တွေပါ။ တရားတော်ကို လေးစားတဲ့ အနေနဲ့ လက်အုပ်ချီတာဟု ပြန်လည် အမိန့် ရှိတော်မူသည်။ တစ်ခါကလည်း မန္တလေးမြို့မှ ညတရားပွဲ လာလျှောက်သည်။ စီစဉ်ပုံမှာ ဆရာတော်ကြီးကမင်းကွန်းဖက်မှ စက်လှေဖြင့် မန္တလေး ဆိပ်ကမ်းသို့ ကူးခဲ့ရမည်။ တရားပွဲ အကျိုးတော် ဆောင်များက ဆိပ်ကမ်းမှ ကားဖြင့် ကြိုမည်။ ဖြစ်ချင်တော့ ကားကြိုချင်သော သူဋ္ဌေးဒကာများ အများကြီး ဖြစ်နေသဖြင့် စုပေါင်းပြီး ကြိုကြပါဟူ၍ အကျိုးတော်ဆောင် များက ပြောကြားလိုက်သည်။ တရားပွဲရက် ရောက်သောအခါ မေ့တဲ့သူက မေ့ကြသည်။ တခြားသူတွေ သွားပါလိမ့်မယ်ဟု တွေးပြီး သွားမကြိုကြ။ မည်သူမှ လာမကြိုသည့်အခါ ဆရာတော် ဆိုက်ကားငှား၍ ကြွသွားလေသည်။ ကြီးမားလှသည့် မေတ္တာဓာတ်က စာဖွဲ့၍မမှီနိုင်။ ဆရာတော် ဆိုက်ကားစီး ကြွလာတာတွေ့လျှင် ဒကာ၊ဒကာမများ စိတ်မချမ်းသာ ဖြစ်မည်စိုးသောကြောင့် ဆိုက်ကားကို အမှောင် အတွင်း ရပ်ခိုင်းပြီး တရားဟောကြားတော် မူခဲ့သည်။ အပြန်တွင်လည်း အမှောင်ထဲမှ ဆိုက်ကားဖြင့်သာ ကြွသွားကြောင်း သိရကေသည်။ မည်မျှ မာန ကင်းလိုက်ဘိနည်း။ ။ မေတ္တာရှင်(ရွှေပြည်သာ) ၏ လူတော်လူဆိုး စာအုပ်မှ ကူးယူပူဇော်ပါသည်။
Credit > May Thagyan Moe Oo, May Thagyan Moe Oo

No comments:

Post a Comment