ကံကောင်းတယ်ဆိုတာ အကျိုးပေးကောင်းတာပါပဲ။
အကျိုးပေးကောင်းတာဟာ တကယ်တော့
“အကြောင်းကောင်း”လို့ပါပဲ။
အကြောင်းကောင်းလို့ အကျိုးပေးကောင်းတာ
အဲဒါ ကံကောင်းတာပါပဲ။
“အကြောင်းဆိုတာ” စေတနာပါပါနဲ့ လုပ်ခဲ့တဲ့
သတ္တဝါတွေရဲ့  အလုပ်ဟာ အကြောင်းပဲ ဖြစ်ပါတယ်။
အဲဒီအလုပ်တွေဟာ ဉာဏ်မပါရင် စေတနာကောင်းပေမယ့်
မကောင်းတဲ့ အလုပ်တွေမှာ လုပ်မိသွားတော့
မကောင်းတဲ့ အကြောင်းတွေဖြစ်ပြီး ၊
မကောင်းတဲ့အကျိုးတွေပေးတော့၊
ကံဆိုးတာတွေ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဉာဏ်ယှဉ်ပြီး လုပ်တဲ့အလုပ်တွေမှာကျတော့
ဉာဏ်ပါနေတဲ့အတွက် မကောင်းတဲ့အလုပ်မျိုးမှာ
မကောင်းတဲ့ စေတနာနဲ့ မလုပ်ဖြစ်အောင်
ထိန်းသွားနိုင်ပြီး ကောင်းတဲ့အလုပ်တွေမှာ စေတနာကောင်းနဲ့
လုပ်ဖြစ်သွားတော့ အကြောင်းတွေကောင်းကာ ၊
အကြောင်းကောင်းလို့ အကျိုးပေးကောင်းပြီး
ကံကောင်းတာတွေ ဖြစ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။
အရင်းစစ်တော့ ကံကောင်းတယ်ဆိုတာ
ဗုဒ္ဓဘာသာမှာ ပြောပြောနေတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးလုံးရဲ့ 
အကြောင်းအကျိုး ဆက်စပ်မှုပဲ ဖြစ်ပါတယ်။
ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားမှုမျိုးရှိခဲ့ရင် ကံဆိုတာ
ကောင်းလာတဲ့ သဘောပဲ ဖြစ်ပါတယ်။
အကြောင်းအကျိုးစကားနဲ့ ပြောရင်တော့
“ဉာဏ်နဲ့ဝီရိယ” ဟာ “အကြောင်းတရား”ဖြစ်ပြီး
“ကံ” ဆိုတာ “အကျိုးတရား”ပဲ ဖြစ်ပါတယ်။
ဉာဏ်ယှဉ်ထားတဲ့ ကြိုးစားမှုဟာ
အကြောင်းကောင်းကို ဖန်တီးပေးပြီး ၊
အကျိုးပေးကောင်းကို သက်ရောက်စေတဲ့အတွက်
အကောင်းရကာ ကံတွေကောင်းလာခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကံကောင်းချင်တဲ့သူဟာ အသိဉာဏ်ယှဉ်တဲ့
ကြိုးစားမှုနဲ့ အကြောင်းကောင်းအောင် လုပ်ပြီး ၊
အကျိုးပေးကောင်းအောင် ကိုယ့်ကိုကိုယ် ပုံဖော်ကြဖို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ကံဆိုတာ ကောင်းနေမှာအမှန်ပါပဲ။
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment