Sunday, October 4, 2015

ကောင်းမှုကုသိုလ်ပြုခြင်းနှင့်အတူ ဆုတောင်းချွတ်ချော်မှုများ။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကောင်းမှုကုသိုလ်၌ မွေ့လျော်ပျော်ပိုက်တတ်ကြပါ
တယ်။ နေ့စဉ်နှင့်အမျှ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။ ကုသိုလ်ပြုခြင်းနှင့်အတူ
တွဲလျက် လိုရာဆုတောင်း တတ်ကြပါတယ်။ ဆုတောင်းတတ်ဖို့ကလည်း ဘ၀အတွက် တော်တော်
လေး အရေးပါနေကြောင်း သိသူက နည်းလွန်းပါတယ်။ ဆုတောင်းချွတ်ချော်ခဲ့လို့ ဘ၀တွေ က

မောက်ကမ ဖြစ်သွားရတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။
          ပတ်ဝန်းကျင် ဆရာသမားတွေကြောင့် ဆုတောင်းချွတ်ချော်ခဲ့တဲ့အထဲမှာ ရှင်ရာဟုလာနှင့်
ရှင်ရဌပါလတို့ရဲ့ ၀တ္ထုက ထင်ရှားပါတယ်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မမူခင် ရှေ့ပိုင်း
သာသနာပ ကာလတစ်ခုမှာ ရှင်ရာဟုလာလောင်းနှင့် ရှင်ရဌပါလလောင်းတို့ဟာ သူငယ်ချင်းသူဌေး
နှစ်ယောက် ဖြစ်ခဲ့ပါတယ်။
         သူတို့နှစ်ဦးဟာ ရှင်ရသေ့နှစ်ပါးကို ကိုယ်စီကိုးကွယ် ကြပါတယ်။ ရှင်ရသေ့နှစ်ပါးထဲမှာ ရှင်
ရာဟုလာလောင်း ကိုးကွယ်တဲ့ ရှင်ရသေ့ရဲ့ကိုယ်ခန္ဓာက ပူတဲ့သဘော ရှိပါတယ်။ ဒါကြောင့် ကိုယ့်
ရဲ့ခန္ဓာကိုယ် သပ္ပါယသင့်ဖို့ ရထားတဲ့တန်ခိုးနဲ့ ပထ၀ိန္ဒရနဂါးမင်းရဲ့ ဘုံဗိမာန်မှာသွားပြီး နေ့သန့်
တော်မူပါတယ်။ ဒါကြောင့် လူ့ပြည်ပြန်ရောက်လို့ ရှင်ရာဟုလာလောင်းအိမ်မှာ ဆွမ်းစားတဲ့အခါ
တိုင်း “ ပထ၀ိန္ဒရနဂါးမင်းရဲ့ စည်းစိမ်အတိုင်း ဖြစ်ပါစေ ” လို့ ဆုပေးပြီး ပထ၀ိန္ဒရနဂါးမင်းရဲ့စည်း 
စိမ်ချမ်းသာမှုတွေကို ပြောပြတတ်ပါတယ်။ ရှင်ရာဟုလာလောင်းကလည်း ပထ၀ိန္ဒရနဂါးမင်းရဲ့
စည်းစိမ်ချမ်းသာကို အားကျပြီး ကုသိုလ်ပြုတိုင်း နဂါးမင်းရဲ့ စည်းစိမ်ချမ်းသာကို ရ ရပါလို၏လို့
ဆုတောင်းစိတ်ညွတ် ထားပါတော့တယ်။
         ရှင်ရဌပါလလောင်းရဲ့ ရှင်ရသေ့ကျတော့ တာဝတိံသာနတ်ပြည်မှာ သွားပြီး နေ့သန့်ပါ
တယ်။ လူ့ပြည်ပြန်ရောက်လို့ ရှင်ရဌပါလလောင်းအိမ်မှာ ဆွမ်းစားပြီးတဲ့အခါ သိကြားမင်းရဲ့ စည်း
စိမ်ချမ်းသာ ကြီးကျယ်ပုံကို ပြောပြပါတယ်။ ဆရာရှင်ရသေ့ စကားကို ကြားရဖန်များလာတော့
ကုသိုလ်ပြုတိုင်း သိကြားမင်း စည်းစိမ်ချမ်းသာကိုပဲ ဆုတောင်းစိတ်ညွတ် ထားပါတော့တယ်။
         သေလွန်တဲ့အခါကျတော့ သူတို့ဆုတောင်း စိတ်ညွတ်ခဲ့တဲ့အတိုင်း ရှင်ရာဟုလာလောင်းက
နဂါးပြည်မှာ နဂါးမင်းသွားဖြစ်ပါတယ်။ ရှင်ရဌပါလလောင်းကတော့ တာဝတိံသာနတ်ပြည်မှာ သိ
ကြားမင်း သွားဖြစ်ပါတယ်။
         နဂါးမင်းဖြစ်လာရတဲ့ ရှင်ရာဟုလာလောင်းက ကိုယ့်ခန္ဓာကိုယ် ကိုယ်ပြန်ကြည့်ပြီး ဆု
တောင်းချွတ်ချော်ခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ နဂါးဘ၀ကိုကြည့်ပြီး
တော်တော်လေးလည်း စိတ်ဆင်းရဲသွားရပါတယ်။ “ ငါတိရစ္ဆာန်ဖြစ်နေရပြီ ” ဆိုပြီး ပူပင်သောက
များကာ နေရပါတယ်။
         ဒါကတော့ ပတ်ဝန်းကျင် ဆရာမိတ်ဆွေကြောင့် ဆုတောင်းချွတ်ချော်ခဲ့တဲ့ ထင်ရှားတဲ့သာ
ဓကပါ။ ငါ့ဆရာဆိုပြီး နေရာတကာ အားကျလို့ မသင့်တော်ပါ။ သူပြောအများပြောကိုလည်း ယုံပြီး
ချွတ်ချော်တတ်ကြပါတယ်။ ဓမ္မစာပေဗဟုသုတ အားနည်းမှု စသည်တွေကြောင့် ချွတ်ချော်သွားကြ
ရတာ များကြပါတယ်။
         တရားချစ်ခင် သူတော်စင်တို့ အနေနဲ့ ဆုတောင်း မချွတ်ချော်ကြစေရန် သတိထားဖို့ လိုပါ
တယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ကို ဆုတောင်းလိုက်
တာနဲ့ လိုရာခရီးအားလုံး ပြည့်စုံသွားပါပြီ။ ရန်ကုန်မှ မန္တလေးသို့ ရထားလက်မှတ်ဝယ်ပြီး ရထားစီး
တဲ့သူဟာ မန္တလေးသို့ မရောက်မှီ ကြားဘူတာတွေကို တွေ့ရသလို ကြားဘူတာအတွက်ဆိုပြီး  ရ
ထားလက်မှတ် ထပ်ပြီးဝယ်ထားဖို့ မလိုတာနဲ့ တူပါတယ်။
         ဒါကြောင့် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း  ကင်း
လွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရလိုပါ၏ အရှင်မြတ်ဘုရား၊
ဆိုလျှင် ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ဆုတောင်းရာရောက်
ကာ အားလုံးပြည့်စုံနေပါတယ်။
          ကောင်းမှုမြတ်နိုး ကောင်းအောင်ကျင့်ကြံကြိုးကုတ်နေကြတဲ့ သူတော်စင်တွေကလည်း
တရားသဘောကို နားလည်ကြကာ ဆုတောင်းချွတ်ချော်မှု မရှိအောင် သတိတရားလက်ကိုင်ထား
ပြီး ချမ်းသာအစုံ စံစားခံစားကာ လိုရာခရီးသို့ ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ ရဝေနွယ်(အင်းမ) ၏ မြင့်မြတ်သူတို့ရဲ့အလုပ်နှင့် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏
   ဓမ္မအသိတရားတို့ကို ကိုးကားရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
                    

No comments:

Post a Comment