ညီငယ်တစ်ယောက်
ဆုံးသွားသည်။ ကံကုန်၍ ဆုံးသွားခြင်း မဟုတ်။ သူ့လုပ်ရပ် မကောင်း၍
ဆုံးသွားခြင်း ဖြစ်၏။ အရက်ကို အလွန်အကျွံသောက်ရာက အသည်းကျွမ်းပြီး ဘဝတစ်ခု
ပြောင်းသွားခြင်းဖြစ်၏။ သူဆုံးတော့ မယ်တော်ကြီနဲ့ ခမည်းတော်ကြီးက
မိဘဖြစ်တဲ့အတွက် သားဆိုးသမီးဆိုး ဖြစ်ပေမယ့်လည်း မခံစားနိုင်တဲ့ သဘောရှိ၏။
မိဘနှစ်ပါးကို အားပေးစကား ပြောရ၏။ သဘာဝကျကျ ဓမ္မပြရ၏။ မိဘများဘက်က
တာဝန်ကျေခဲ့ပြီး ဖြစ်သည့်အတွက် ဒီအပေါ်မှာ အများကြီး မခံစားဖို့ ပြောရ၏။
တစ်ခါတရံ
ဘဝမှာ အချို့ ကိစ္စများသည် ခံစားနေရုံ၊ စွဲလန်းနေရုံနဲ့ အကောင်းဘက်ကို
ဦးတည်မသွားနိုင်ပေ။ မိဘနှင့် သားသမီးပင် ဖြစ်လင့်ကစား စွဲလန်းမှုတရားသည်
အစွဲလွန်လျင် အစွန်းရောက်သွားသည့် သဘောရှိ၏။ သွားခဲ့သူက ထားခဲ့သော်လည်း
ကျန်ခဲ့တဲ့သူက အမှန်ဘက်ကို မတည့်နိုင်ရင် အစွဲကနေ အလွဲဖြစ်သွားနိုင်၏။
အချို့  ကိစ္စများသည် လိုအပ်ရင် “သဗ္ဗေသတ္တာ ကမ္မဿကာ - သူ့ကံနဲ့ သူသာပဲပေါ့” ဟူသည့် ခံယူချက်ဖြင့် ဥပေက္ခာပြုနိုင်အောင် ကြိုးစားရ၏။
တစ်စုံတယောက်၊
တစ်စုံတခုနဲ့ ပတ်သက်၍ နှစ်ဦးနှစ်ဖက် အကျိုးမဆက်လျင် အပြစ်လည်းမဖြစ်၊
အချစ်လည်းမဖြစ်စေသည့် အလယ်အလတ် ဥပေက္ခာစိတ်ဖြင့် သက်သောင့်သက်သာ
ဖြစ်အောင်ကြိုးစားကြရမည်သာ ဖြစ်၏။
သားသမီးဖြစ်နေသဖြင့်
အစွဲလန်းကြီး စွဲလန်းနေငြားလည်း ထိုအစွဲကြောင့် မကောင်းကျိုးကိုသာ
သက်ရောက်စေလျင် သားသမီးပင်ဖြစ်လင့်ကစား ဥပေက္ခာတရား ထားသင့်လျင်လည်း
ထားကြရမည်သာ ဖြစ်၏။ မထားနိုင်၍ ခံစားနေမည်ဆိုပါက ထိုသားသမီးက မိမိတို့အား
ကောင်းကျိုးချမ်းသာဖြစ်အောင် လုပ်ပေးနိုင်ဖို့ မလွယ်လှပေ။ သူ့အစွဲကြောင့်
ကိုယ်ပါလွဲခဲ့ရင် သူလည်းမကောင်း၊ ကိုယ်လည်းမကောင်းသာ ဖြစ်သွားမည်သာ ဖြစ်၏။
ထို့ကြောင့် လိုအပ်လျင် သားသမီးပင် ဖြစ်နေပါစေ “သဗ္ဗေ သတ္တာ ကမ္မဿကာ“ သဘော၊ ဥပေက္ခာမနောဖြင့် ခံစားမှုကိုဘေးဖယ် လုပ်သင့်လုပ်ထိုက်သည်ကိုသာ ရွေးချယ်ကြရမည်သာ ဖြစ်ပါ၏။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
No comments:
Post a Comment