တစ်လောက
ညီမငယ်တစ်ယောက်က သူအလိမ်ခံရတဲ့အကြောင်းကို လျှောက်ပြပါတယ်။ သူလည်းအတော်
အခံရခက်နေတဲ့ သဘောရှိသလိုကိုယ်လည်းစိတ်မကောင်းပါဘူး။ ပြေရာပြေကြောင်း
ဖြေဆည်ရာလေးတော့ ပြောပေးဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ခံရတော့လည်း
တွေးမိတဲ့အခါတိုင်း မကျေနပ်ချက်ကတော့ ဖြစ်ကြမှာပါ။
သို့သော်
ဖြေဆည်ရာတော့ ရအောင်ရှာပြီး ကိုယ့်အနာကိုယ်ပြေအောင်ပဲ ကြိုးစားရမှာပေါ့။
အတိတ်ဆိုတာ ဖြစ်ပြီးသွားပြီဆိုတော့ ပူဆွေးနေလည်း ဝေဒနာတိုးတာပဲ
အဖတ်တင်မှာပဲလေ။ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် သတိဆောင်ဖို့ပဲပေါ့။
မေ့သွားတယ်၊ မှားသွားတယ်ဆိုတာတွေဟာ သတိမကပ်မိကြလို့ပါပဲ။ ဖြစ်ခဲ့သမျှ
ကိစ္စအဝဝကို ပြန်ကြည့်ရင် သတိမပါလို့ ဖြစ်သွားကြတာချည်းပဲ မဟုတ်လား။
သတိလွှတ်သွားလို့၊ မေ့သွားလို့၊ သတိမထားမိလို့ စတာတွေကြောင့်ပဲ
ဖြစ်ကြတာများပါတယ်။ ဒါကြောင့် ရှင်တော်ဗုဒ္ဓက “အပ္ပမာဒေန သမ္ပာဒေထ မမေ့ကြနဲ့”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင်
ကိစ္စတစ်ခု ဖြစ်သွားခဲ့တာဟာ ကိုယ်ကိုယ်တိုင်ရဲ့  သတိလက်လွတ်ဖြစ်သွားမှု၊
တစ်ဖက်က နိုင်ထက်စီးနင်းပြုသွားမှုအပြင် အတိတ်အကြောင်း တစ်ခုခုရဲ့ 
သက်ရောက်မှုတွေကြောင့်ပဲ ဖြစ်သွားတတ်ကြတာပါ။ လက်တွေ့ဘဝမှာ အဓိက
အခရာကျတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ အတိတ်အကြောင်းကို ခဏထား ပစ္စုပ္ပန်
အကြောင်းတစ်ခုက ကိုယ်ကိုယ်တိုင်ရဲ့  ချွတ်ယွင်းမှုတစ်ခုခုကြောင့်
ဖြစ်သွားတယ်ဆိုရင် လက်ခံကြရမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို သတိကပ်
ဖြစ်ပြီးခဲ့တာတွေအပေါ်မှာ မငြိကပ်ဖို့ပါပဲ။
နောက်တစ်ချက်က
ဒီနေ့ခေတ် လူတွေရဲ့  ကိုယ်ကျင့်တရား၊ စိတ်ဓာတ်ရေးရာနဲ့ အသိပညာ သဒ္ဓါတရား
ယုတ်လျော့လာမှုတွေဟာလည်း တဖက်သားကို ဒုက္ခတွေ ဝေစေတတ်တာပါ။
မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့လို “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”
ဆိုတာတွေဟာ ဒီနေ့ခေတ်မှာ မရှိတော့လောက်အောင်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်
တွေ့ရင် လှည့်ပတ်မယ်၊ လိမ်ညာမယ်၊ ဟန်ဆောင်မယ်ဆိုတာတွေပဲ များများလာတော့
တစ်နပ်စားလောက်နဲ့လည်း လိမ်ကြ၊ ညာကြ၊ လှည့်စားနေကြတော့တာပါ။ အကျင့်သီလနဲ့
ပတ်သက်လာရင် စောင့်ထိန်းဖို့အသာထား အလွယ်တကူကို ကျူးလွန်နေကြတော့တာပါ။
သီလကို အလေးမထားတဲ့ သူတစ်ယောက်ဟာ ဘယ်ကိစ္စမဆို အလွယ်တကူ ကျူးလွန်ဖို့
ဝန်မလေးတော့ပါဘူး။ အထူးသဖြင့် မုသာဝါဒလို သိက္ခာပုဒ်မျိုးဆို
ပိုတောင်ဆိုးပါသေးတယ်။ ဘာလေးဖြစ်ဖြစ် လိမ်နေကြတော့တာပါ။ လိမ်ပါများလာတော့
လိမ်တာကိုလိမ်တယ်လို့တောင် မထင်တတ်ကြတော့ပါဘူး။ ဒါကြောင့် မုသားစကား
အပြောများတဲ့သူဟာ မလုပ်ရဲတဲ့ အကုသိုလ်အလုပ်မရှိတော့ဘူးလို့ ဆိုတာဖြစ်ပါတယ်။
ဒါပေမယ့်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်တော့ ကြိုးစားကြရမှာပါ။ အရှုတ်ထဲကနေ
တတ်နိုင်သမျှ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာပါ။ အများအကျင့်ပျက်လို့
ကိုယ်ပါပျက်ရမယ်ဆိုရင် ကိုယ်လည်းပဲ အချိန်တန်ပြန်ခံရမှာ သဘာဝပါပဲ။ တစ်ချို့
ကိစ္စတွေဟာ ကိုယ်ကဒီဘဝမှာ အကြောင်းကောင်းအောင် လုပ်နေပေမယ့်
အကျိုးမကောင်းတဲ့ သဘောတွေလည်း ရှိနေတတ်တာ ဖြစ်ပါတယ်။ ဒါဟာ အတိတ်အကြောင်းရဲ့ 
သက်ရောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အတိတ်ကံ အကျိုးပေးချိန်ကျလာရင်
သက်ရောက်မှုဆိုတာတွေကတော့ ရှိနေကြမှာ ဖြစ်တဲ့အတွက်ကြောင့် “ငါ့ဘဝ အကောင်းတွေလုပ်နေရဲ့နဲ့ အဆိုးတွေပဲ ဖြစ်ဖြစ်နေတယ်”ဆိုပြီး
ကိုယ့်ကိုကိုယ် စိတ်ထိခိုက်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်မိပါစေနဲ့။ အတိတ်က
အကြွေးကို ပေးဆပ်နေတာလို့ပဲ သဘောထားပြီး အကောင်းတွေကို
ပိုပြီးလုပ်နိုင်အောင် ကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ် အချိန်တန်တော့လည်း
ပြီးသွားတာပါပဲ။ ဘယ်လောက်ဆိုးဆိုး အလွန်ဆုံး ဘဝတစ်ခု အဆုံးသတ်သွားတဲ့
အထိလောက်ပါပဲ။ သေတဲ့အထိ ဆိုးသွားလည်း အကြိမ်ကြိမ်သေခဲ့ကြတာပဲဆိုတော့
ဒီဘဝထပ်သေးလည်း သိပ်တော့ မဆန်းလှပါဘူး။ ဒီလို ကိုယ့်စိတ်ကိုယ်
အားတင်းနိုင်အောင် လေ့ကျင့်ပြီး အများမှားတဲ့ အမှားတွေကြားမှာ
ကိုယ်မမှားအောင် ကြိုးစားကြရမှာပါ။
ဆိုလိုတာက
ဘဝမှာ လူတိုင်းလူတိုင်း အဆိုးတွေနဲ့ ကြုံတွေရမှာ ဖြစ်တဲ့အတွက်
ဒီလိုကြုံတွေလာတဲ့အခါ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့ 
ပစ္စုပ္ပန်အကြောင်းတရား၊ တခြားသူတွေရဲ့ အမှားလုပ်ရပ်အပေါ် ဆင်ခြင်တတ်တဲ့
အကျင့်တရားနဲ့ အတိတ်ရဲ့  သက်ရောက်မှု သဘောတရားတွေကို ကြောင်းကျိုးဆက်စပ်ကာ
အနေတတ်အောင်လေ့ကျင့်၊ အရှုတ်ထဲမှာ မရှုတ်မိအောင် ကြိုးစားကြဖို့ ဆိုလိုတာ
ဖြစ်ပါတယ်။ ကိုယ်က ဘယ်သူ့အပေါ်မှ ဒုက္ခမပေးဘဲ ကိုယ့်ကျမှလာပြီး
ဒုက္ခတွေကြုံရတယ်ဆိုတဲ့ စိတ်အတွေးနဲ့ ခံစားနေဖို့မဟုတ်ဘဲ ဒီဒဏ်ကို
အသိသတိညှိပြီး ကျော်လွှားနိုင်အောင် နေထိုင်ကျင့်သုံးကြဖို့ အသိပေးလိုတာ
ဖြစ်ပါတယ်။
ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲဆင်ခြင်သုံးသပ်ပါ၊ သူများမဟုတ်လို့လည်း
ကိုယ်မယုတ်မိပါစေနဲ့၊ လူအချင်းချင်း ကိုယ်ချင်းစာတရားနဲ့
လိမ်ညာလှည့်ပတ်တာတွေ မလုပ်ဖြစ်အောင် နေထိုင်ကျင့်သုံးပါ။ ဘယ်သူတရားပျက်ပျက်
ကိုယ်မပျက်မိဖို့ အထူးသတိပြုပါ။ ဘဝမှာဘာမှ အကြာကြီး မဟုတ်ဘူးဆိုတာ
သိထားရင် အရှိတရားအပေါ်မှာ သတိထားပြီး အပြစ်မများအောင် နေထိုင်နိုင်ကြမှာပါ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment