Thursday, December 3, 2015

ဗုဒ္ဓသာသနာတော်မှာအမျိုးသမီးများနှင့် အခွင့်အရေး။

         မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ
ဖြစ်ခွင့်ရှိပါသည်။ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိပါသည်။ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာဝယ် ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီး

ရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြပါသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ
အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည်ဖြစ်ရာကား သာသနာမှာ အမျိုးသား =
အမျိုးသမီးအဆင့်တူဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ရှစ်ပါးကား
အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန်
သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရပါမည်။ သာသနာတော်မှာ အခွင့်တူခံစားမှုရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား
ရှိပါသေးသည်။
         “ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာန်နတ်မင်း၊ သကြားမင်း”ဟူသော ထိုနေရာများမှာ
အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန်မဖြစ်ရာ’’ ဟု
ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည့် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ်
ပထမအုပ်)။
          အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊
ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။
         သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း
နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်ကို ထောက်ဆလျှင်
အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။
{ သင်ကြားလေ့လာဗုဒ္ဓဘာသာ(သီတဂူစတား)မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment