Monday, April 11, 2016

ဝိပသနာဆိုသည်မှာ

၁။ သမထယာနိကနည်း၊ ၂။ ၀ိပဿနာယာနိကနည်း၊ ယုဂနဒ္ဓနည်းတို့ပင် ဖြစ်၏။ သမထယာနိက နည်းဆိုသည်မှာ ရှေးဦးစွာ ဈာန်ရအောင် ကျင့်ပြီးမှ ၀ိပဿနာဘက်သို့ ကူးပြောင်းသောနည်းပင် ဖြစ်၏။ ဗုဒ္ဓလက်ထက်က ရဟန်းတော်အများစုကား သမာဓိနှင့် ဉာဏ်ထက်မြက်သော ဥဂ္ဃဋိတညူ၊ ၀ိပဉ္စိတညူ ပုဂ္ဂိုလ်များချည်းသာ ဖြစ်ရကား သမထယာနိကနည်းဖြင့်သာ အကျင့်များ၏။
ထို့ကြောင့် ဆဠာဘိည၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ပေါများခြင်း ဖြစ်၏။ ထို့ကြောင့် အရှင်မဟာဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်ကျမ်းကို ရေးသောအခါတွင်လည်း ထိုသမထယာနိက နည်းကိုပင် အဓိကထားပြီး ရေးသွားခြင်းဖြစ်၏။ သို့သော် ဉာဏ်နုံ့သော ရဟန်းတော်များ၊ အိမ်စီးပွားနှင့် တွဲဖက်ပြီး တရားလုပ်ကြသော လူပုဂ္ဂိုလ်များကား သမထမပါသော ၀ိပဿနာယာနိကနည်းဖြင့်သာ အားထုတ်ပွားများကြ၏။ အရေအတွက်အားဖြင့် ကြည့်လျှင်ကား သမထယာနိကနည်းထက် ၀ိပဿနာယာနိက နည်းဖြင့် မဂ်ဖိုလ်ရသူက ပိုများ၏။ သမထယာနိကနည်းဖြင့် ဘုရားထံတွင် ကမ္မဋ္ဌာန်းတောင်းကာ တောထဲသွားပြီး တစ်ယောက်တည်း အားထုတ်၍ မဂ်ဖိုလ်ရသွားသူ များသည် ထောင်ဂဏန်းလောက်သာရှိပြီး ဓါတ်တရား ပရမတ်တရားကို ဆရာထံမှ နာယူကာ စီးပွားရေး အလုပ်အကိုင်မပျက် ပွားများပြီး ၀ိပဿနာယာနိကနည်းဖြင့် မဂ်ဖိုလ်ရသွားသူများ သည် ကုဋေနှင့်ချီ၍ ရှိ၏။ ရာဇဂြိုဟ်တစ်မြို့တည်းမှာပင် ၀ိပဿနာယာနိကနည်းဖြင့် မဂ်ဖိုလ်ရသူပေါင်း ခုနှစ်ကုဋေရှိ၏။ သာဝတ္ထိမြို့တွင် ငါးကုဋေရှိ၏။ ဓမ္မပဒအဋ္ဌကထာ တစ်အုပ်လုံးတွင်လည်း မြတ်စွာဘုရားထံ တရားနာကြားပြီး တရားဆုံးသည်နှင့် မဂ်ဖိုလ်ရသွားသူပေါင်း များစွာကို ဖွင့်ပြထား၏။ တရားအဆုံးတွင် မဂ်ဖိုရကြသူများသည်လည်း ၀ိပဿနာယာနိကနည်းဖြင့် ရသူများပင် ဖြစ်၏။ ၀ိပဿနာယာနိကနည်းဆိုသည်မှာ သမထကမ္မဋ္ဌာန်းကို မကျင့်တော့ဘဲ ဓါတ်တရား၊ ပရမတ်တရားကို နည်းရအောင်နာပြီး ၀ိပဿနာကို တိုက်ရိုက်ရှုပွားခြင်းပင် ဖြစ်၏။ ယုဂနဒ္ဓနည်းဆိုသည်ကား စုံတွဲလိုက် သမထကိုပွားလိုက်၊ ၀ိပဿနာကို ပွားလိုက်ဖြင့် ပွားများခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။” (သညာသိနှင့် ပညာသိ၊၇၅-၇၆)

No comments:

Post a Comment