Friday, May 27, 2016

သုညကမ္ဘာမှာ ပစ္စေကဗုဒ္ဓါ ပွင့် / မပွင့်

အရင်တလောဆီက ဖေ့ဘုတ်မှ  Mya Thet Khing ဆိုသည့် အကောင့်ပိုင်ရှင်မှ သုညကမ္ဘာမှာ ပစ္စေကဗုဒ္ဓါဘုရားပွင့် . မပွင့်မေးခဲ့ဘူးတယ် ။ အဲ့ဒီအချိန်က စာမေးပွဲကိစ္စနဲ့ တိုက်ဆိုင်နေလို့ စာမကြည့်အားတာကြောင့် မပွင့်ဘူးထင်တယ် လို့ အလွယ်ဖြေပေးမိပြီး သေချာအောင် မဟာဗုဒ္ဓဝင်မှာ ကြည့်ဖို့လည်း လမ်းညွှန်ခဲ့ပါတယ် ။ အခု မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး၏  မဟာဗုဒ္ဓဝင်ကို
ကြည့်မိတော့မှ မဟာဗုဒ္ဓဝင် ပထမတွဲ ပထမပိုင်း အနုဒီပနီအခဏ်း ကပ် ကမ္ဘာအကြောင်းဆိုတဲ့ နေရာမှာ သုညကမ္ဘာမှာ ပစ္စေကဗုဒ္ဓါဘုရားပွင့်ကြောင်းအပြင် စကြာဝတေးမင်းများ ဖြစ်ပေါ်ကြောင်းကိုပါ သိရှိခဲ့ရပါတယ် ။ တကယ်ပင် ကျေးဇူးများလှသော စာပေများပါပဲ ၊ စာအုပ်အလှူရှင်ကိုလည်း ကျေးဇူးတင်မိပါတယ် ။ အများတကာလည်း အသိတိုးပွားကြစေဖို့ ထိုအသိကို မဟာဗုဒ္ဓဝင်၌ လာသည့်အတိုင်း ဥပုသ်နေ့ ဓမ္မဒါနအဖြစ် ကုသိုလ်ပြု ရေးသား တင်ပေးလိုက်ပါတယ် ။

" မဟာကပ်အပြား "

ကမ္ဘာဟုခေါ်သော မဟာကပ်သည်
၁ ။ သုညကပ်ကမ္ဘာ
၂ ။ အသုညကပ်ကမ္ဘာ ဟူ၍ နှစ်ပါးအပြားရှိပြန်၏ ။

 ထိုတွင် မြတ်စွာဘုရားများ ပွင့်တော်မူရာမဟုတ်သော ကပ်ကမ္ဘာသည် သုညကပ် = သုညကမ္ဘာမည်၏ ။ ဘုရားမှကင်းဆိတ်သော ကပ်ကမ္ဘာ ဟု ဆိုလိုသည် ။

 မြတ်စွာဘုရားများ ပွင့်တော်မူရာဖြစ်သော ကပ်ကမ္ဘာသည် အသုညကပ် = အသုညကမ္ဘာမည်၏ ။ ဘုရားမှမကင်းဆိတ်သော ကပ်ကမ္ဘာဟု ဆိုလိုသည် ။

 သုညကမ္ဘာ၌ မြတ်စွာဘုရားများသာ မပွင့်သည် ၊ ပစ္စေကဗုဒ္ဓါနှင့် စကြာမင်းတို့ ဖြစ်ထွန်းပွင့်ပေါ်နိုင်ကြောင်းကို အပဒါန်ပါဠိတော် ပဌမဝဂ် ဥပါလိထေရသုတ် စသည်ကိုထောက်၍ သိရာ၏ .....

 မှန်၏... ဥပါလိထေရသုတ်နှင့် အဋ္ဌကထာတို့၌ "" ဤကမ္ဘာမှ ပြန်၍ရေတွက်လျှင် နှစ်ခုမြောက်သော ကမ္ဘာ၌ အဉ္ဇသမင်း၏သားတော် ခတ္တိယမည်သောမင်းသားသည် ဥယျာဉ်မှအထွက်တွင် ဒေဝီလပစ္စေကဗုဒ္ဓါအား ပြစ်မှားကြောင်း "" လာရှိသည် ၊ ထိုကမ္ဘာ၌ မြတ်စွာဘုရားပွင့်သည် ဟု ကျမ်းဂန်အဆိုမရှိ ။ အပါဒါန်အဋ္ဌကထာ ဘဒ္ဒဇိထေရသုတ်အဖွင့်၌လည်း  "" မြတ်စွာဘုရားမှ ကင်းဆိတ်သော သုညကမ္ဘာကြီး၌ ပစ္စေကဗုဒ္ဓါငါးရာတို့ကို လုပ်ကျွေးခဲ့ဘူးသည် "" ဟူ၍ သုညကမ္ဘာတွင် ပစ္စေကဗုဒ္ဓါများ ပွင့်ကြောင်းလာရှိသည် ။

 အပါဒါန်ပါဠိတော် ကုသုမာသနိယထေရသုတ်၌ "" အခြားမဲ့ကမ္ဘာဝယ် ကုသုမာသနိယမထေရ်၏အလောင်းသည် ဝရဒဿီ စကြာမင်းဖြစ်ခဲ့ဘူးသည် "" ဟူ၍၎င်း ၊ ထိုပါဠိတော် တိဏသန္ထရထေရသုတ်၌ "" တိဏသန္ထရမထေရ်၏အလောင်းသည် ဤကမ္ဘာမှ ပြန်၍ရေသော် နှစ်ခုမြောက်ကမ္ဘာ၌ မိဂသမ္မတစကြာမင်း ဖြစ်ခဲ့ဘူးသည် "" ဟူ၍၎င်း ဤသို့စသည်ဖြင့် သုညကမ္ဘာတွင် စကြာမင်းများ ဖြစ်နိုင်ကြောင်း လာရှိသည် ။

 မြတ်စွာဘုရားများ ပွင့်တော်မူရာ အသုညကပ်  အသုကပ်ကမ္ဘာသည်လည်း ( က ) သာရကမ္ဘာ ( ခ ) မဏ္ဍကမ္ဘာ ( ဂ ) ဝရကမ္ဘာ ( ဃ ) သာရမဏ္ဍကမ္ဘာ ( င ) ဘဒ္ဒကမ္ဘာ ဟူ၍ ငါးပါးအပြားရှိပြန်သည် ။ ထိုတွင်

( က ) ဘုရားတစ်ဆူသာပွင့်လျှင် သာရကမ္ဘာ မည်၏ ။
(  ခ  ) နှစ်ဆူပွင့်လျှင် မဏ္ဍကမ္ဘာ မည်၏ ။
(  ဂ  ) သုံးဆူပွင့်လျှင် ဝရကမ္ဘာ မည်၏ ။
( ဃ ) လေးဆူပွင့်လျှင် သာရမဏ္ဍကမ္ဘာ မည်၏ ။
(  င  ) ငါးဆူပွင့်လျှင် ဘဒ္ဒကမ္ဘာ မည်၏ ။

(ဆောင်ပုဒ်) တစ်ဆူသာရ ၊ နှစ်မဏ္ဍ ၊ ဝရသုံးဆူသာ ၊
               သာရမဏ္ဍ - လေးဆူပြ ၊ ပဉ္စ ဘဒ္ဒကာ ၊
              တစ်ဆူသော်မှ ၊ မပွင့်က ၊ သုညကပ်ကမ္ဘာ ။

မဟာဗုဒ္ဓဝင် ၊ ပထမတွဲ ၊ ပထမအုပ် ၊ ကံ . ကား . ။
 Credit-Ashin Pinnyartharmi

No comments:

Post a Comment