Monday, June 27, 2016

သမထတွေကို သင်ပေးတဲ့ ဦးတည်ချက်

ဒီဌာန (ဖားအောက်တောရ) မှာ သမထတွေကို သင်ပေးနေတာက ဦးတည်ချက် တစ်ခုပဲ ထားပါတယ် ။ မလွှဲမလျှောင်သာတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ ဒုတိယ ဦးတည်ချက်လေး တစ်ခုတော့ လိုတဲ့ သဘောလေးတော့ ပြောပြ ပါတယ်။

ဦးတည်ချက် တစ်ခုကတော့ ဘုရားဟောတဲ့ ရုပ်တရား ၊ ဘုရားဟောတဲ့ နာမ်တရား ၊ ဒီရုပ်တရား နာမ်တရား တွေက ၊ ဘုရားရှင်က " သမာဓိံ ဘိက္ခဝေ ဘာဝေထ ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ " ရဟန်းတို့ သမာဓိ ထူထောင်ကြ ၊ သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဟုတ်တိုင်းမှန်စွာ သိမယ်မြင်မယ် စသည်ဖြင့် ဒီလို ဟောထားပါတယ် ။ ဘာတွေ သိသလဲ မြင်သလဲ ဆိုတာနဲ့ ပက်သက်ပြီး " ဣဒံ ဒုက္ခ န္တံ ယထာဘူတံ ပဇာနာတိ " စသည်ဖြင့် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမယ်လို့ ဒီလို ဘုရားရှင်က ရှင်းထားတယ် ။ ဒီတော့ ဒီဒုက္ခ သစ္စာခေါ်တဲ့ ခန္ဓာ ၅ ပါး ရုပ်နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေးအတွက် သမာဓိကို ထူထောင်ခြင်းသာ ဖြစ်ပါတယ် ။ ဒါကြောင့် မှန်ကန်တဲ့ ဦးတည်ချက် တစ်ခုဖြစ်တယ် ။
နောက် ဦးတည်ချက် တစ်ခုကတော့ သစ္စာလေးပါးကို ထိုးထွင်းသိသော်လည်း မိမိတို့က အရဟတ္တမဂ် အရဟတ္တဖိုလ် ကို ဒီဘဝမှာ မဆိုက်နိုင်သေးဘူး ဆိုရင်တော့ နောက်ထပ် သံသရာခရီး ဆိုတာကို လက်ခံခဲ့ရမယ် ဆိုရင်တော့ ဗြဟ္မာပြည် လောက်ကိုတော့ ရွေးချယ်စေချင်တယ် ဆိုတဲ့ ဒီလို ဦးတည်ချက်နဲ့ သင်ပေးခြင်းလည်း ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲ ။ ဒီဘဝမှာ သံသရာခရီးကို ဆုံးအောင် ကြိုးပမ်းသော်လည်း မဆုံးနိုင်ဖြစ်နေ လို့ ဒုတိယ အနာဂတ် ဘဝ တစ်ခုကို ထင်ရှားရှိနေခဲ့မယ် ဆိုရင် ထိုဒုတိယ အနာဂတ်ဘဝသည် ဗြဟ္မာပြည် သည်ပိုကောင်းတဲ့ သဘော အကြံဉာဏ် ပေးကြပါတယ် ။ ဘာကြောင့်လဲ ။ အကယ်၍များ ထိုယောဂီပုဂ္ဂိုလ် က ဒီဈာန်သမာဓိတွေကို အခြေခံပြီး သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်တဲ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သည် အထိ အားထုတ်ထားနိုင်တဲ့ သူတော်ကောင်း ဖြစ်ခဲ့လို့ရှိရင် ဒီဈာန်သမာဓိတွေ ကလည်း သူ့သန္တာန်မှာ ခိုင်ခံ့နေတဲ့ သဘော ရှိတန်သလောက်ရှိပါတယ် ။ ဒီလို ခိုင်ခံ့နေတဲ့ အခါ မှာ ထိုယောဂီပုဂ္ဂိုလ် က မိမိနှစ်ခြိုက်တဲ့ ဈာန်တစ်ခုခုကို ပွားထားမယ်ဆိုရင် ထိုဈာန်သမာဓိ၏ စွမ်းအားကြောင့် သံသရာခရီး မဆုံးသေးဘူးဆိုရင် ဗြဟ္မာပြည်သို့ ရောက်နိုင်တဲ့ သဘောတော့ရှိပါတယ် ။ အကယ်၍ သောတာပန် ကဲ့သို့သော အရိယာ သူတော်ကောင်းတို့က ဗြဟ္မာပြည်သို့ ရောက်မယ်ဆိုရင် ဗြဟ္မာပြည် မှာသာလျင် ခုနှစ် ဘဝ အတွင်း တခုခုသော ဘဝမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်ရောက်ပြီး ပရိနိဗ္ဗာန်စံ ရမှာဖြစ်တယ် ။ လူပြည် နတ်ပြည်ကဲ့သို့သော ကာမဘုံတွေကို တဖန်ပြန်လည် လျောကျလာရိုး ဓမ္မတာ မရှိတော့ဘူး ။ ဒီလိုဆိုရင်တော့ နိဗ္ဗာန်ကို မရနိုင်သေးဘူး ဆိုရင်တော့ ဒုတိယရွေးချယ်တဲ့ လုပ်ငန်းခွင်သည် အသင့်အတင့်တော့ ကောင်းတယ်လို့ မပြောနိုင်ဘူးလား ။ ပြောနိုင်ပါတယ် ။
ဖားအောက်တောရ ဆရာတော်ကြီး
{ ၂ဝ၁ဝ ဖားအောက်တောရ ၆ လ တရားစခန်း အမေးအဖြေကဏ္ဍမှ }

No comments:

Post a Comment