Friday, July 1, 2016
အတုကိုရှောင် အစစ်ကိုဆောင်
အခန်းထဲတွင်မီးရောင်ကမှိန်မှိန် ....အမွှေးတိုင်ရနံ့များက သင်းပျံ့လျှက်။အရှေ့တိုင်း ဘာသာရေးအခမ်းအနား တစ်ခု၏အဆောင်အယောင်များနှင့်။
အခန်းထဲတွင် လူပေါင်း သုံးဆယ်ခန့်မျှရှိသည်။အိန္ဒိယနွယ်ဖွားအမျိုးသမီးများက အများစု ။
ရှေ့ခုံမြင့်တွင် ဆာဒူးကြီးတစ်ပါးထိုင်နေသည်။၊အခန်းထဲရှိလူအားလုံး သူ့ကိုအလွန် ရိုသေလေးစားကြပုံရသည်။
"မင်းကဘာရနံ့ အလိုရှိသလဲ" ကျွန်တော့်ကိုမေးလိုက်သည်။
"နှင်းဆီနံ့ " ။အခန်းထဲတွင်နှင်းဆီပန်းရနံ့များသင်းပျံ့သွားသည်။အခန်းထဲရှိလူအများ၏ အာမေဋိတ်သံများ....၊
"ဘာရနံ့အလိုရှိသေးလဲ"ဆာဒူးကကျွန်တော့်ကိုထပ်မေးသည်။
"စံပယ်ပန်းအနံ့" ၊ အခန်းထဲတွင် နှင်းဆီပန်းရနံ့မှ စံပယ်ပန်းရနံ့သို့ချက်ခြင်း ပြောင်းသွားသည်။
"လေထဲမှာ ရနံ့ဖြစ်စေတဲ့ molecules တွေရှိပြီးသားပါ၊စိတ်တန်ခိုးနဲ့လိုတဲ့ molecules တွေစုလိုက်ရင် အလိုရှိတဲ့ရနံ့ဖန်တီးလို့ရပါတယ်၊်ီဒီလို လုပ်တတ်ဖို့ လေး ငါးနှစ်လောက် လေ့ကျင့်လိုက်ရင် ရပါတယ် ၊မင်းအလိုရှိရင်ငါသင်ပေးမယ်"
"မသင်ချင်ပါဘူး"
ဆာဒူးအံ့သြောသွားပုံရသည်။
"အိန္ဒိယမှာ ရေမွှေးစက်ရုံတွေ အများကြီးရှိပါတယ်၊အလိုရှိတဲ့အနံ့ရဖို့ သက်ဆိုင်တဲ့ရေမွှေး ပုလင်း ဝယ်ဖြန်းလိုက်ရင်ရပါတယ်၊လေးငါးနှစ်အချိန်ကုန်ခံသင်နေစရာမလိုပါဘူး"
"ဒါပေမဲ့ လူတွေက ထူးဆန်းတာဆို ရင်အထင်ကြီးပြီးလေးစားကိုးကွယ်ကြတယ်လေ"
"လူတွေရဲ့အထင်ကြီးမှုက အကျိုးမရှိပါဘူး၊ဘဝရဲ့ဒုက္ခတွေကလွတ်မြောက်စေတဲ့ အကျိုးရှိတဲ့ ပညာကိုဘဲလိုချင်ပါတယ်"
ဘဝ၏သစ္စာတရား၊ အမှန်တရား ကိုရှာဖွေရန် အန္ဒိယသို့ လာခဲ့သော အနောက်တိုင်း မှ ပညာရှင်တစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံ ဆောင်းပါးတစ်ပုဒ်မှပါ။
ထိုဆောင်းပါးမှ သင်္ခန်းစာလေးတစ်ခု အရိုးစွဲသည် အထိ ရလိုက်ပါသည်။
မိမိတို့ ဗုဒ္ဓဘာသာ သည်မျက်ကန်းယုံကြည်မှု ကိုအားမပေး၊အမှားအမှန် ၊အကျိုးရှိမရှိ ကိုယ်တိုင်ဝေဖန်ပြီးမှ လက်ခံကျင့်သုံးသော ဝိဘဇ္ဇဝါဒ ဖြစ်ပါသည်။ ရှေးယခင်ကမိဘဘိုးဘွားများကိုးကွယ် ခဲ့ကြ၍၊
ကျမ်းဂန်တွင်ဖတ်ရှုရ၍ ၊သူများဟောပြောသည်ကိုကြားရ၍ ဆိုရုံမျှနှင့် အယူအဆတစ်ခုကို လက်ခံကျင့်သုံးမှုမပြုသင့်။
လက်ခံကျင့်သုံးခြင်းအားဖြင့် မိမိအတွက် အကျိုးရှိ မရှိ၊မိမိ၏ကိလေသာလျော့မလျော့ ကိုယ်တိုင်စမ်းသပ် စစ်ဆေးပြီးမှသာ အယူဝါဒတစ်ခုကိုလက်ခံကြရန် မြတ်ဘုရားကိုယ်တိုင် ကာလာမသုတ်တွင်ဟောကြားခဲ့ပါသည်။
သို့သော် လောဘရမ္မက် ဖုံးလွှမ်းမှုကြောင့် အချို့ဗုဒ္ဓဘာသာဝင်ဆိုသူများ အမှားအမှန် မဆင်ခြင် နိုင်တော့ဘဲ
သူများကဘိုးတော်ဆိုလျင်ဘိုးတော်အလုအယက်ကိုးကွယ်ကြသည်။နိုင်ငံခြားမှကုလားဘိုးတော်၊တရုပ်မယ်တော်များကိုပင် ချမ်းသာမပေး။
လာဘ်ကောင်းသည်ဟု သူများပြောလိုက်လျှင် ဘယ်ကလာပြီး ဘာအဓိပ္ပါယ်မှန်းမသိသည့် လာဘ်ခေါ်စာတမ်းဆိုတာကြီးက မိမိဆိုင်ဝမှာ ၊အိမ်ဧည့်ခန်းမှာ အခန့်သား ။
ချမ်းသာအောင် မစ လိမ့်မည် အထင်ရှိပြီး မည်သည့်နတ်မှမနေရ၊ ဆရာတင်ကိုးကွယ်ကြတော့သည် ။အချို့ဘုရားစင်တွေဆိုလျှင် နတ်ရုပ်ကပေါင်းစုံက စင်မြင့်ပေါ်မှာ၊ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ အိမ်နိမ့်စံ။ လောဘ၊မောဟ ဖိစီးမှုကြောင့် သရဏဂုံပျက်မည်ကိုပင် မစိုးရိမ်တော့ဘဲ စီးပွားလာဘ်လာဘ တိုးတက်အောင် မစနိုးနိး နှင့် အတွင်း ၃၇မင်း အပြင် ၃၇မင်းနှင့် အားမရ နောက်တိုးနတ်သစ်များပါမကျန် လိုက်လံရှာဖွေ ပူဇော်ပသ ကြသည်။
နတ်ကိုးကွယ်ခြင်းသည် သရဏဂုံမပျက်ဟု ခုခံရေးသားပြောဆိုနေကြသော်လည်း နတ်ကိုးကွယ်သူများသည် အမှန်စင်စစ်တော့ မြတ်ဗုဒ္ဓကို ကြောခိုင်းလျှောက်နေကြသူများသာပါ။
ဝိပသ၁နာတို့ ၊မေတ္တာကမ္မဋ္ဌာန်းတို့ကိုထားဘိဦး၊ ကောင်းတာလုပ်လျှင်ကောင်းကျိုးရမည်ဆိုသော ဗုဒ္ဓဘာသာ၏ အခြေခံ ကမ္မသ၁ကတာဉာဏ်ပင်မရှိကြတော့၊ဗုဒ္ဓဘာသာဝင်အမည်ခံရုံသက်သက်သာ ရှိကြတော့သည်။
တင်ပြခဲ့သော နိုင်ငံခြားသား ပညာရှင်၏ အမှားအမှန်ခွဲခြားတတ်သော ဉာဏ်မျိုးမိမိတို့ဗုဒ္ဓဘာသာဝင်များ၌ ရှိစေချင်လှပါသည်။ဝိဘဇ္ဇဝါဒီ ပီသစေချင်ပါသည်။ဘုရားသားတော်အစစ်အမှန်များ ဖြစ်စေချင်ပါသည်။၊
မြန်မာဗုဒ္ဓဘာသာဝင်များကိုလေ့လာကြည့်သောအခါ.....မြတ်ဘုရား၏အလိုကျသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းနိဗ္ဗာန်ကိုရည်မှန်းကျင့်ကြံအားထုတ်ကြသောထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်များ.....၊
ကိုယ်တိုင်မကျင့်သော်လည်း....ပြုရသောကုသိုလ်ကြောင့်နိဗ္ဗာန်ရရပါလို၏..ဟုဆုတောင်းတတ်သောနိဗ္ဗာန်မျှော်..ဆုတောင်းဗုဒ္ဓဘာသာဝင်များ.....၊
ဘုရား၏အလိုနှင့်ဆန့်ကျင်ပြီးဘဝပြတ်စဲရေးထက်နောင်ဘဝကောင်းစားရေးကိုဦးတည်ပြီး လှုကြတန်းကြ သော ကမ္မဗုဒ္ဓဘာသာဝင်များ.....၊
အန္တရာယ်ကင်းဘေးရှင်းစေရေး၊စီးပွားလာဘ်လာဘတိုးရေးအတွက် ဂန္ဓာရီဝိဇ္ဇာ၊မန္တာန်၊အဆောင်လက်ဖွဲ့၊ဓာတ်လုံးအားကိုး ဗုဒ္ဓဘာသာဝင်ဆိုသူများ..........၊
ဝိဇ္ဇာဓိုရ်နတ်၊ဘိုးတော်...မယ်တော်တို့ကိုအားကိုးသော လာဘ်လာဘမျှော်ဗုဒ္ဓဘာသာဝင်ဆိုသူများ...စသည်..စသည်ဖြင့် ၊အမျိုးအစားမနည်းလှပေ၊
မြတ်ဗုဒ္ဓအလိုကျဓမ္မမှ...လောကီအကြိုက်..မိမိတို့အလိုကျအဘယ့်ကြောင့် ပြောင်းလဲကိုးကွယ်သွားပါသနည်း၊
ဗုဒ္ဓဓမ္မ၏အနှစ်သာရကိုမသိနားမလည်...ညာဏ်မမှီခြင်းသည်ကိုးကွယ်မှုမှားခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။
ထိုဉာဏ်မမှီသူများ၏ လုပ်ရပ်ကိုကြည့်ပါဦး။ ကံကောင်းစေရန်ဆိုကာ ကန်စွမ်းရွက်အစည်းလိုက်၊အကြံအောင်စေရန် ဆိုကာ ကြံအချောင်းလိုက်၊
သြဇာကြီးဖို့ သြဇာသီး။ဘေးဘယာကင်းဖို့ ဘယာကျော်ဆွမ်း စသည်ဖြင့်ကပ်ကြ၏။
ထပ်ပြီးပေါများစေရန် ထောပတ်ဆွမ်း၊မလိုသူများဆုတ်ပြန်သွားစေရန် ဆန်ပြုတ်ဆွမ်း၊ကြာကြာစံရန် ကြာဆံကျော်ဆွမ်းလည်းကပ်ကြသည်။ရီရမလိုလို..သနားရမလိုလို။
ထို့အပြင်
ဘုရားအကြိုက် ကန့်လန့်တိုက်နေသော ချဲဘုန်းကြီးများ၊အင်းအိုင်လက်ဖွဲ့ ၊ဆေးကု၊ အဆောင်ပေးသော၊ ဓာတ်ဆင်ဓာတ်ရိုက် ဂိုဏ်းဘုန်းကြီးများအား လောဘရမ္မက် တိုက်တွန်းချက်ကြောင့် အလုအယက် ကိုးကွယ်ကြသည်လည်းရှိသည်။ ရာထူးတက်ဖို့၊စီးပွားတိုးဖို့ ရည်ရွယ်ချက်ဖြင့် အဓိဋ္ဌာန်နှင့် သက်သတ်လွတ်စားကာ မိမိကိုယ်မိမိ သူတော်ကောင်းဟု လူကြားထဲ လေကြွားနေသူတွေက လည်း အများသား။
သို့ဆိုလျင် အာလူးကြော်၊ မြေပဲကြော်နှင့်မြည်းသောအရက်သမားများ၊ဇီးထုပ် ကွာစေ့စားသောမိန်းကလေးများအား သူတော်ကောင်းဟု ဆိုရမလို။သူတို့လည်း သက်သတ်လွတ်စားသူများ မဟုတ်ပါလား။
ထို့အပြင် လူများပရိယတ္တိ၊ပဋိပတ္တိ ဗဟုသုတနည်းပါးသည်ကို အခွင့်ကောင်းယူကာ လာဘ်ပေါများရေး၊ထင်ပေါ်ကျော်ကြားရေးအတွက် သိစရာမှန်သမျှ အကုန်အစင် သိတော်မူသော မြတ်စွာဘုရားအား ကျော်လွန်၍ပင် ဖြတ်လမ်းကမ္မဋ္ဌာန်းဆန်းများ ထွင်ကြသူများလည်းရှိသည်။ ဆရာတု ဆရာယောင်များ၊ တရားအတုများ၊ မဂ်ဖိုလ်အတု၊သောတာပန်အတုများ လည်း ပေါ်ပေါက် လျှက်ရှိသည်။
ထို့ပြင် သောတာပန်၊သကဒါဂါမ်၊အနာဂါမ်ဘွဲ့များ ဖောဖောသီသီပေးနေသော ဆရာများလည်းရှိသေးသည်။
ထိုပုဂ္ဂိုလ်များနှင့်တွေ့၍ ဆရာတင်မှားလျှင်ဖြင့် သံသရာတခုလုံးမှောက်တော့မည်မှာ သေချာလှသည်။ဗုဒ္ဓဘာသာကို အခြားဘာသာကွဲများက ဖျက်ဆီးနိုင်မည်မဟုတ်၊ဗုဒ္ဓဘာသာဝင်အတုများကဖျက်ဆီးမည် ဖြစ်ကြောင်း ကသ၁ပသံယုတ်၊သဒ္ဓမ္မပဋိရူပကသုတ်တို့တွင်ဖော်ပြထားခြင်းကို သိထားသင့်သည်။ထို့အပြင်
တရားမဟုတ်သည်ကို တရားဟူ၍လည်းကောင်း၊တရားဟုတ်သည်ကို တရားမဟုတ်ဟူ၍လည်းကောင်း မှားယွင်းညွှန်ပြ ပြောဆိုသူသည် ငရဲ၌ ကျက်ရ၏ ..... ဟုအင်္ဂုတ္တိုရ်ပါဠိတော် ဒသကနိပါတ် ဥပါလိဝဂ်၌ ဗုဒ္ဓမိန့်ကြားချက်ကို ဖော်ပြထားပါသည်။
ထို့ကြောင့်ဆရာအတင်မှားလျှင်ဖြင့်သံသရာမှာစုန်းစုန်းမြုပ်မည့်အရေး ကြောက်စရာ ကောင်းလှပါသည်။
ဆရာကောင်း ဆရာမှန်ကိုရွေးတတ်နိုင်ရေးအတွက် မိမိဘက်မှလည်းဓမ္မဆိုင်ရာ သုတအခြေခံရှိဖို့လိုပါသည်၊ပရိယတ္တိ၊ပဋိပတ္တိဆိုင်ရာ ဓမ္မစာပေများ ရှာဖွေလေ့လာ ဆည်းပူးရပါမည်။
သို့မဟုတ်လျှင်တော့ နောင်ဘဝ ငရဲပြည်မှာ မိမိအားထားကိုးကွယ်ရာ ဆရာသမား၏ နောက်တော်ပါးမှနေ၍ ဒယ်အိုးထဲအတူတူ လိုက်ပါ ဆင်းရမည်ဆိုလျှင် ??????
Credit to Htin Kyaw
Subscribe to:
Post Comments (Atom)
No comments:
Post a Comment