Saturday, July 16, 2016

အတင်းပြောကောင်းသူ


တစ်ခါတုန်းက အတင်းအဖျင်းပြောတာ အလွန်ကိုဝါသနာာကြီးတဲ့ မိန်းမကြီးတစ်ယောက် ရှိပါတယ်၊ သူဟာ သူတစ်ပါးရဲ့မကောင်းကြောင်း အတင်းအဖျင်းတွေကို ပြောဖို့ဆိုရင် ထမင်းမစား ဟင်းမစားနဲ့ အိမ်တကာကို လျှောက်လည်ပြီး ပြောနိုင်တဲ့သူ တစ်ဦးဖြစ်ပါတယ်
တစ်နေ့တော့ အဲဒီ အတင်းပြောကောင်းတဲ့မိန်းမကြီးဟာ သူ့အိမ်နီးနားချင်း တစ်ယောက်ရဲ့ အတင်းတစ်ခုကို အိမ်ပေါက်စေ့အောင် လျှောက်ပြောထားပါတယ်။
သူရဲ့ သတင်းဖြန့်မှုကြောာင့် ထိုအကြောင်းမှာ တစ်မြို့လုံးနီးပါး ပျံ့နှံကုန်ပြီး ကာယကံရှင်ဖြစ်တဲ့ အိမ်နီးချင်းဟာလည်း လူတွေရှေ့ မျက်နှာမပြရဲအောင် အရှက်တကွဲ ဖြစ်ရပါတော့တယ်။
နောက်ရက်အနည်းငယ် ကြာတော့ အတင်းပြောတဲ့မိန်းမဟာ သူလျှောက်ပြောမိတဲ့ အကြောင်းတွေဟာ မှားနေတဲ့အတင်းအဖျင်းတွေသာ ဖြစ်ကြောင်း သူသိသွားခဲ့ပါတယ် အဲလိုလဲသိရော သူ့အမှားအတွက်ရော၊ သူ့အိမ်နီးချင်း အတွက်ပါ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်၊ ဒါနဲ့ သူမလည်း သူ့အမှားအတွက် အိမ်နီးချင်းရဲ့အရှက်တကွဲ ဖြစ်မှုကို
ဘယ်လို ပြန်ဖြေရှင်းပေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။
အဖြေမထွက်ပါဘူး။ ဒါနဲ့ဘဲ ပညာဥာဏ် အမြော်အမြင်ရှိတဲ့လူတစ်ယောက်ဆီ သွားတယ်
 ပြီးတော့ အကျိုးအကြောင်း ပြောပြပြီး သူမ ဘယ်လို လုပ်ပေးရင် ကောင်းမလဲလို့
အကြံ တောင်းခံပါတယ်..
အဲဒီ ပညာရှိတဲ့လူက သူမကိုပြောတယ်
ဈေးကိုသွားပါ၊ ဈေးထဲက ကြက်တစ်ကောင်ကိုဝယ်၊ ပြီးရင် အဲဒီ ကြက်ကို သတ်ခိုင်းလိုက်၊ ကြက်မွှေးတွေကို နှုတ်ပြီးရင် အိမ်ပြန်တဲ့လမ်းတလျှောက်လုံး
အဲဒီ ကြက်မွှေးတွေကို ပစ်ချထားခဲ့လို့အကြံပေးပါတယ်။
မိန်းမကြီးဟာ ပညာရှိရဲ့အကြံပေးချက်ကို အံ့သြမိပေမဲ့ ဘာမှပြန်မပြောဘဲ ပညာရှိ ပြောတဲ့အတိုင်း ဈေးထဲက ကြက်ကိုဝယ်.. အမွှေးနှုတ်ပြီး အပြန်လမ်း တစ်လျှောက်လုံး ချထား ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်ကျတော့ ပညာရှိက မိန်းမကြီးကို
“ ကဲ အခု ခင်ဗျား မနေ့က ချထားခဲ့တဲ့အမွှေးတွေကို ရအောင် အကုန် ပြန်ကောက်လာပြီး ကျုပ်ဆီကို ယူလာခဲပါ” လို့ ပြောပါတယ်။
မိန်းမကြီးကလဲ မနေ့က အမွှေးတွေ ချထားခဲ့တဲ့လမ်းအတိုင်း ပြန်သွားပြီး ချထားခဲ့သမျှတွေကို ပြန်ကောက်ဖို့ ကြိုးစားပါသော်လည်း သူမ ထိတ်လန့်စွာ သိလိုက်ရတာက
အမွှေးတွေဟာ လေနဲ့ လွှင့်ပါသွားကုန်ပြီမို့ မတွေ့ရ တော့ပါဘူးတဲ့။
နာရီပေါင်း အတော်ကြာ ကြိုးစားပြီး ရှာဖွေပြီးတဲ့နောက် ကြက်မွှေးလေး ၃ မွှေးကိုသာ ရှာတွေ့နိုင် ခဲ့ပြီး ပညာရှိထံကို ပြန်လာ ခဲ့ပါတယ်။
ပညာရှိကို အကျိုးအကြောင်း ပြောပြတော့ ပညာရှိက မိန်းမကြီးကို ပြောပါတယ်။
“ကဲကြည့်၊ သင် တွေ့ပြီမဟုတ်လား၊
ကြက်မွှေးတွေဟာ ချထားခဲ့တုန်းက လွယ်သလောက် အခုပြန်ကောက်တဲ့အခါ အကုန်မပြောနဲ့ တစ်ဝက်တောင် ပြန်ရနိုင်သေးရဲ့လား၊
 စကားပြောတဲ့နေရာမှာလည်း ဒီလိုဘဲ ကိုယ့်ပါးစပ်က လျှောက်ပြောရတာ ဘယ်လောက်လွယ်သလဲ၊  ပြီးတော့မကောင်းသတင်းဆိုတာ ပြန့်ပွါးဖို့ သိပ်ကို လွယ်ကူတယ် ခင်ဗျား လုပ်ပြီးသွားပေမဲ့ အခုမှ မှားမှန်းသိလို့ ပြန်ရုပ်သိမ်းဖို့ကျတော့ ဖြစ်နိုင်သေးရဲ့လား
လွယ်ကူ သေးရဲ့လား။
ဒါကို သင်ခန်းစာယူပြီး နောက်ကို ဘယ်လို ကိစ္စမျိုးမဆို မပြောခင်မှာ အတန်တန် စဉ်းစားပါ။ မသေချာတဲ့သတင်းစကားကို ဘယ်တော့မှ လွယ်လွယ် မပြောပါနဲ့  မဖြန့်ဝေမိပါစေနဲ့တဲ့”
(www.missgreenlady.com မှ ကူးယူသည်)

No comments:

Post a Comment