Thursday, August 11, 2016

သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ။

ဘ၀ကလည်း သစ်ပင်တစ်ပင်လိုပါပဲ။ ရေလောင်းပေါင်းသင် ဆေးကျွေးနေနိုင်မှ စိတ်ကလေးတွေက လန်းနေတာပါ။ ရေမလောင်းဖြစ်တာနဲ့ စိတ်ကညှိုးလာတာပါ။ ပုထုဇဉ်သစ်ပင်တစ်ပင်ဟာ စိမ်းစိုတစ်လှည့် ခြောက်သွေ့တစ်လှည့်ပါပဲ။
အမြဲတမ်းလည်း စိမ်းစိုမနေနိုင်သလို အမြဲတမ်းလည်း ခြောက်သွေ့မနေနိုင်ပါဘူး။ စိတ်ညှိုးနွမ်းလာတဲ့အခါ ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ပေးရပါမယ်။ စိတ်ညှိုးနွမ်းရင် ဘ၀က နေရတာလည်း မပျော်တော့ပါဘူး။ တစ်ခါတလေကျတော့လည်း ကိုယ့်ရုပ်နဲ့ စိတ်ကို စောင့်ရှောက်နေတဲ့ ကြားကပဲ အာရုံတချို့ကြောင့် ညှိုးနွမ်းသွားရတာတွေလည်း ရှိတတ်ပါတယ်။ ဒီတော့လည်း ကိုယ့်ကိုယ်ကိုယ် ရေပြန်လောင်းရုံပါပဲ။
ပုထုဇဉ်တစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်စိတ်ကလေးကို အထူးစောင့်ရှောက်ပေးနေမှ တော်ကာကျတာပါ။ ဒါတွေက အသက်ကြီးတာ ငယ်တာတွေနဲ့ မဆိုင်ပါဘူး။ အသက်ကြီးပေမယ့်လည်း ရင့်ကျက်ချင်မှ ရင့်ကျက်တာပါ။ အသက်ငယ်ပေမယ့်လည်း ရင့်ကျက်ချင် ရင့်ကျက်နေတာပါ။
ကိုယ့်ရုပ်နာမ်တွေ ကြည်လင်လာတဲ့အခါ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ့်ဝန်းကျင်တစ်ခုလုံးလည်း စိတ်ချမ်းသာရတော့တာပါ။ ကိုယ်စိတ်မချမ်းသာရင် ကိုယ်နဲ့ဆက်စပ်သမျှ ၀န်းကျင်အားလုံး စိတ်မချမ်းသာရပါဘူး။ အများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့သူဆို ပိုလို့တောင် စိတ်ချမ်းသာအောင်နေရဦးမှာပါ။ ဒါမှ ကိုယ်နဲ့ထိတွေ့ဆက်ဆံရသူအားလုံး ကိုယ့်ကို အမှီပြုပြီး စိတ်ချမ်းသာကြမှာပါ။
မြတ်စွာဘုရားဟောကြားတဲ့ ချီးမြှောက်ခြင်း (၅) မျိုးက လူတစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့ ချီးမြှောက်ခြင်းတွေပါ။ သူများကို ချီးမြှောက်ရတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ရတာဖြစ်တဲ့အတွက် ဘာမှ နှမြောစရာလည်း မလိုပါဘူး။
၁။ သီလနဲ့ချီးမြှောက်ပါတဲ့။ သီလလျော့သွားရင် စိတ်ကပါ ညှိုးသွားတာ များပါတယ်။
၂။ သုတနဲ့လည်း ချီးမြှောက်ပါတဲ့။ သုတ ဆိုတာ စာဖတ်တာ၊ တရားနာတာပါ။
၃။ တရားဆွေးနွေးခြင်းနဲ့လည်း ချီးမြှောက်ပါတဲ့။ တစ်ယောက်နဲ့ တစ်ယောက် သိတာချင်းတော့ မတူကြပါဘူး။ သူသိတာ ကိုယ်မသိ၊ သူမသိတာ ကိုယ်သိဆိုတော့ အချင်းချင်းလည်း ဆွေးနွေးရမှာပါ။ အထူးသဖြင့်တော့ ကိုယ့်ထက်သာတဲ့သူနဲ့ ဆွေးနွေးရမှာပါ။
၎။ သမထနဲ့လည်း ချီးမြှောက်ပါတဲ့။ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခု ပွားများနေရင် စိတ်က အေးချမ်းနေတာပါပဲ။
၅။ ၀ိပဿနာနဲ့လည်း ချီးမြှောက်ပါတဲ့။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးထားတဲ့အတိုင်း ချီးမြှောက်ရုံပါပဲ။
မြတ်စွာဘုရားက တရားအားထုတ်နေတဲ့ ယောဂီတွေ ကိုယ့်ရဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိကို ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ဖို့ ဟောပြထားတာပါ။ ဒါပေမယ့်လည်း အပြင်မှာ နေနေကြတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှု (၅) မျိုးနဲ့ ချီးမြှောက်နေရင် စိတ်ချမ်းသာနေတော့တာပါ။ ပုထုဇဉ် တစ်ယောက်ရဲ့ စိတ်ဟာ အမြဲတမ်း ကြည်မနေနိုင်ပါဘူး။ ကြည်တစ်လှည့်၊ နောက်တစ်လှည့်ပါပဲ။ စိတ်ကြည်လင် နေမှလည်း ကိုယ့်အတွက်, ကိုယ့်မိသားစုအတွက်, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားတက်သရောလုပ်နိုင်မှာပါ။
ဘ၀ဆိုတာ သစ်ပင်လေးတစ်ပင်လိုပါပဲ၊ အမြဲရေလောင်းပေးနေမှ စိမ်းစိုနေမှာပါ။ အဲဒီလို ရေလောင်းပေး နေတာကိုက မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံကောင်းတွေ ဖြစ်နေတော့တာပါပဲလေ။
စာကြွင်း။  ။ ဆရာတော် ရဝေနွယ်အင်းမ ရေးသားပြုစုထားသည့် ရဝေနွယ်အသစ် စာအုပ်မှာပါဝင်တဲ့ “သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ” ဓမ္မဆောင်းပါးထဲမှ စာပိုဒ်အချို့ကို စာဖတ်သူတို့ အင်တာနက်တွင် ဖတ်ရှုမှတ်သား နာယူနိုင်စေရန် ဆရာတော်၏ စာအုပ်မှ ပြန်လည်ကူးယူကာ ဓမ္မဒါနအဖြစ် ကုသိုလ်ပြုလိုသော ဆန္ဒဖြင့် ရေးသားခြင်း ဖြစ်ပါသည်။

No comments:

Post a Comment