Thursday, November 17, 2016

အခွင့်ကောင်းကို ရအောင်ယူ။

      ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကားလေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းပါတယ်။
“မာ ဝေါ ခဏံ ၀ိရာဓေထ” -  “အေး၊ အခွင့်ကောင်းကြီးကို လွဲချော်မသွားကြစေနဲ့” တဲ့၊ ဒါကို-
အရေးတကြီး သတိပေးလိုက်တာပါ။ ကိုယ် ရ, ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး
မသွားပါစေနဲ့၊ အခွင့်အရေးဆိုတာ ခဏလေးနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။ လူ့ဘ၀ဆိုတာလည်း
ကျန်းမာနေတုန်းပဲ အလုပ်လုပ်လို့ ရပါတယ်။ အခြေအနေဆိုတာ အမြဲတမ်း ကောင်းနေမှာ မဟုတ်
ပါ။ ဒါကြောင့်မို့လို့ “မာ ဝေါခဏံ ၀ိရာဓေထ”၊ “ကောင်းတဲ့ခဏလေးကို လွဲချော်မသွားပါစေနဲ့” တဲ့။
         ရှင်ဥပါလိက-က ဆက်ပြီး အမိန့်ရှိပါတယ်။ “ခဏာတီတာ ဟိ သောစရေ”၊ “အခွင့်ကောင်း
တစ်ခုကို လက်လွတ် ဆုံးရှုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထာဝရ ပူပန်နေရတဲ့ အနေအထားမျိုး
ရောက်သွားနိုင်ပါတယ်”၊ ဆုံးရှုံးသွားပြီဆိုရင် ပြန်ယူလို့ မရနိုင်ပါ။ မရနိုင်တော့- အဲဒါအတွက် တအုံ
နွေးနွေး စိတ်ပူပန်နေရပါတယ်။ စိတ်ပူတာပဲရှိပါတယ်။  အခွင့်ကောင်းဆိုတာကို ပြန်မရနိုင်ပါ။
         ဒါကြောင့်မို့- ရှင်ဥပါလိက တိုက်တွန်းစကားက  “သဒတ္ထေ ၀ါယမေယျာထ” -  “ကိုယ့်အ
တွက်အကောင်းဆုံး အလုပ်တွေကို လုပ်ဖို့လိုတယ်” တဲ့။ အဲဒီတော့ ကိုယ့်အတွက် အကောင်းဆုံးအ
လုပ် ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။ မစဉ်းစားရင်တော့ လွှဲချော်သွားနိုင်ပါတယ်။ လောက
လူတွေ ဆိုတာ သူများလုပ်တဲ့ လမ်းကြောင်းပေါ်မှာပဲ ဆက်လျှောက်ကြပါတယ်။ ဥပမာ - ဒီနား
လက်ဖက်ရည်ဆိုင်ဖွင့်လို့ ကြီးပွားရင် ငါလည်း လက်ဖက်ရည်ဆိုင် ဖွင့်ဦးမှပဲ ဆိုတာမျိုးပါ။
ရှေ့က ဒီလိုလုပ်လို့ ကြီးပွားသွားရင်  အဲဒီလမ်းပဲ လိုက်လျှောက်တတ်ကြပါတယ်။
         အဲဒီတော့ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊ အကျိုးရှိတယ်
ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့ အင်မတန် ကြီး
မားတဲ့ အကျိုးရှိတာလားဆိုတာ   မစဉ်းစားဘဲနဲ့ မနေသင့်ပါ။ အကျိုးတစ်ခုကို ရွေးချယ်တဲ့
အခါမှာ   “ခဏတာ အကျိုးရှိတာကို ရွေးမှာလား?၊ တစ်ဘ၀လုံးအတွက် အကျိုးရှိတာကို ရွေးမှာ
လား?။ နောက်ဆုံး တစ်သံသရာလုံး အတွက် အကျိုးရှိတာကို ရွေးမှာလား?” ဆိုတာ အရေးကြီး
ပါတယ်။
         ဘ၀တစ်ခုမှာ အဆင်မပြေလို့ ဒုက္ခရောက်သွားတာတွေ ကိုယ့်မျက်စိအောက်မှာ အများ
ကြီးရှိပါတယ်။ ဥပမာ- လူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုအောက်မှာ တိရစ္ဆာန် တွေဟာ ဒုက္ခရောက်
နေကြပုံကို ဗုဒ္ဓရဲ့တရားတော်အရ ဆိုရင် တစ်ချိန်တစ်ခါတုန်းက သူတို့လည်း လူဖြစ်ခဲ့မှာပါပဲ။
လူဖြစ်ခဲ့ပြီး ကံမကောင်း အကြောင်းမလှလို့ တိရစ္ဆာန်ဘ၀ရောက်ရင် လူတွေရဲ့ အနိုင်ကျင့်မှုကို
ခံပြီးတော့နေကြရတယ်။ အဲဒီအချိန်ကျမှ ကောင်းတဲ့ အလုပ်ကို လုပ်ချင်ပါတယ်၊ အကျိုးရှိရာရှိ
ကြောင်း လုပ်ချင်ပါတယ်ဆိုရင်လည်း ဘယ်လိုမှ သူတို့မှာ အခွင့်အရေး မရှိနိုင်ပါ။
      အဲဒါတွေကို အလေးအနက်ထား စဉ်းစားပြီးတော့ ရှင်ဥပါလိက “သဒတ္ထေ ၀ါယမေယျာထ”
“အကောင်းဆုံး အကျိုးရှိတဲ့အပေါ်မှာ ကြိုးစားအားထုတ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော”-
“သင်တို့မှာ လုပ်လို့ဖြစ်တဲ့အချိန်ကြီးပါ။ အခုဟာ- အခွင့်ကောင်းကြီးက ရှိနေပါတယ်”
         လုပ်ချင်ပေမယ့် လုပ်လို့မရတဲ့အခြေအနေဆိုတာ အများကြီး ရှိပါတယ်။ အချိန်အခါဆိုတာ
အမြဲတမ်း ရှိနေတာ မဟုတ်ပါ။ ဒီကနေ့လူတွေ ပိုနားလည်ပါတယ်။ ကိုယ်ဘယ်လောက်လုပ်ချင်ပေ
မယ့် လုပ်မရတာတွေ အများကြီးရှိပါတယ်။  အချိန်ကောင်းနေတဲ့ အချိန်လေးသာ လုပ်လို့ရတာ ဖြစ်
သောကြောင့် ကိုယ့်ကျိုးကိုယ့်စီးပွားကို ကြိုးစားအားထုတ်ပါလို့ ရှင်ဥပါလိက တိုက်တွန်းခဲ့ပါတယ်။
         ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကလည်း ဒီဘ၀မှာ ကြိုးစား
အားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ
ကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment