တစ်နေ့တစ်၌ မာလုကျပုတ္တ အမည်ရှိ ရဟန်းတစ်ပါးသည် ကမ္မဌာန်းခွင်မှထ၍ ဗုဒ္ဓမြတ်စွာဘုရားထံ ချဉ်းကပ်ကာ သူ မကျေနပ်မှုကို ဖော်ထုတ်ပြီးလျှင် စံတင်လောက်အောင် ထင်ရှားသော တက္ကိက ပုစ္ဆာ (၁၀)ခု ကို လျှောက်ထား၍ အဖြေကို တောင်းခံခဲ့ပေသည်။
၁။ စကြ၀ဠာသည် အစဉ်အမြဲ တည်သလော၊
၂။ မတည်သလော၊
၃၊ စကြ၀ဠာသည် အကန့်အသတ်ရှိသလော၊
၎။ မရှိသလော၊
၅၊ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော၊
၆။ ၀ိညဉ်ကတသီးတခြား၊ ကာယက တသီးတခြားပင်လော၊
၇။ တထာဂတသည် သေသည်၏အခြားမဲ့၌ တည်ရှိသလော၊
၈၊ သေသည်၏အခြားမဲ့၌ မတည်ရှိသလော၊
၉။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ-မတည်ရှိသလော၊
၁၀။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိမဟုတ်သလော၊
ဤပုစ္စာများကို မြတ်စွာဘုရားက ငါ့အား ရှင်းလင်းမပြပေ။ ဤအချက်ကို ငါမကျေနပ်၊ သဘောမခြိုက်၊ သွား၍မေးမြန်းမည်။ မြတ်စွာဘုရားက ရှင်းလင်းဟောပြလျှင် ရဟန်းဝတ်ဖြင့် ဆက်လက်၍၎င်းထံ၌ တရားကျင့် နေထိုင်မည်။ ရှင်းလင်းဟောပြခြင်း မပြုလုပ်လျှင် ရဟန်းဝတ်ကို စွန့်ပစ်၍ ထွက်ခွာသွားတော့မည်။ မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲတည်ရှိသည်ကို သိပါက ၎င်းအကြောင်းကို ရှင်းလင်းပြောပြပါစေ၊ မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲမတည်ရှိကြောင်းသိလျှင်လည်း မရှိကြောင်း ပြောပါစေ၊ စကြ၀ဠာသည် အစဉ်တည်ရှိသည်၊ စကြာဝဠာသည် အစဉ်အမြဲ မတည်ရှိစသည်တို့ကို မသိပါက မသိသည့်အလျှောက် မကွယ်မထောက်ဘဲ "ငါမသိဘူး၊ ငါမမြင်ဘူး" ဟု မြတ်စွာဘုရားက ပွင့်ပွင့်လင်းလင်းပဲ ပြောပြရန်သာ ရှိသည်။
ယနေ့ကမ္ဘာတွင် သန်းပေါင်းများစွာသော လူအပေါင်းတို့သည် အဆိုပါ တက္ကိက ပုစ္စာများနှင့် အဖိုးထိုက်လှသော အချိန်များကိုဖြုန်းပစ်၍ မိမိကိုယ်မိမိ စိတ်မချမ်းသာမှုကို အလဟဿ ဖန်တီးနေကြပေသည်။ မာလုကျပုတ္တအား ဗုဒ္ဓက ဖြေကြားတော်မူသော တရားများသည် ထိုသို့သော သူများအတွက် အကျိုးကျေးဇူးများစွာ ရှိပေမည်။
"မာလုကျပုတ္တ၊ ငါဘုရားက သင့်အား မာလုကျပုတ္တ၊ လာလော့၊ ငါ့ထံ၌ ရဟန်းဝတ်လှည့်လော့၊ ဒီပုစ္စာများကို ငါရှင်းလင်းဟောပြမည်" ဟု ပြောဖူးပါသလား၊
"မပြောဖူးပါဘုရား"
"သင်ကကော၊ အရှင်ဘုရား၊ အရှင်ဘုရားထံ၌ ရဟန်းဝတ်ပါမည်၊ ဤပုစ္စာများကို ရှင်းလင်းပြောပြပါ" ဟု တောင်းပန်ဖူး၊ လျှောက်ထားဖူးသလား။
"မလျှောက်ထားဖူးပါဘုရား"
မာလုကျပုတ္တ၊ အခုတောင်မှ ငါဘုရားက သင့်အား ငါ့ထံလာ၍ ရဟန်းပြုလော့၊ သင့်အား ဤအကြောင်းတရားများကို ရှင်းလင်းဟောပြမည်ဟု မပြော၊ သင်ကလည်း အရှင်ဘုရားထံ ရဟန်းဝတ်၍ နေထိုင်ပါမည်၊ ဤပုစ္စာများကို ဖြေရှင်းပြတော်မူပါဟု မလျှောက်ထား၊ ဤကဲ့သို့ဖြစ်ခြင်းကြောင့် မည်သူက မည်သူကို ညှဉ်းဆဲသည်ဟု ခေါ်ဆိုရမည်နည်း အသင်လူမိုက်။
မာလုကျပုတ္တ၊ တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရားထံ၌ ဤပုစ္စာများကို မဖြေမချင်း ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ၎င်းသူသည် တထာဂတထံမှ ဤပုစ္စာတို့၏ အဖြေကိုမရရှိဘဲ အသက်သာလျှင် ဆုံးရှုံးကောင်း ဆုံးရှုံးသွားပေမည်။
မာလုကျပုတ္တ၊ အကယ်၍ လူတစ်ယောက်ကို အဆိပ်လူးသောမြားထိအံ့၊ ၎င်း၏ မိတ်သင်္ဂဟ ဆွေမျိုးသားချင်းတို့က သမားတစ်ယောက်ထံ ဆောင်ကြဉ်းသွားအံ့၊ ထိုအခါတွင် လူနာက ကျွန်ုပ်အား မြားဖြင့်ပစ်သူကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မြားပစ်သမားသည် ခတ္တိယ (စစ်သည်တော်တန်းစား) မျိုးနွယ်လော၊ ဗြာဟ္မဏ (ရဟန်းပုဏ္ဏား) အမျိုးနွယ်ပင်လော၊ သို့မဟုတ် ဝေဿ (ကုန်သည်လယ်လုပ်) အတန်းအစားလော၊ သုဒ္ဓ (ဇာတ်နိမ့်) ထဲကပင်လော၊ သူ့အမည်၊ သူ၏ဆွေမျိုးအမည်က အဘယ်ဖြစ်သနည်း အရပ်မြင့်သလား၊ ပုသလား၊ အလယ်အလတ်ပဲလား၊ အသားအရေက မည်းသလား၊ ညိုသလား၊ ရွှေရောင်အဆင်းလား၊ ဘယ်ရွာ၊ ဘယ်မြို့၊ ဘယ်နိဂုံးကလားခဲ့သနည်း။
အဘယ်လေးမျိုးဖြင့် ပစ်ခွင်လိုက်သည်ကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မည်ကဲ့သို့လေးကြိုးကို အသုံးပြုလိုက်သနည်း။ မြားတံက မည်သည့်အမျိုးအစားဖြစ်သနည်း။ မြားတံပေါ်တွင်မည်သည့် အမွေးဖွားများ တပ်ထားသနည်း။ မြားဦးကို မည်သည့်အရာဝထ္ထုဖြင့် ပြုလုပ်ထားသနည်း၊ စသည်ဖြင့် မေမြန်းစုံစမ်းသည် ဆိုပါတော့၊ ထိုသူသည် ၎င်းသိလိုသော ဤအကြောင်းအရာများ တစ်ခုမျှမသိရှိနိုင်မီ အသက်သေဆုံးရပေမည်။
မာလုကျပုတ္တ၊ ဤနည်းတူစွာပင်၊ တစ်စုံတစ်ယောက်သောသူသည် စကြာဝဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ အစရှိသော ပုစ္စာတို့ကို မဖြေမချင်း မြတ်စွာဘုရားထံ၌ ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ထိုသူသည် အသက်သေဆုံးသည့်တိုင်အောင် တထာဂတ ထံမှ ဤပုစ္စာများ၏ အဖြေတို့ကို ရရှိမည်မဟုတ်ပေ။
ထို့နောက် ဗုဒ္ဓသည် မာလုကျပုတ္တအား ရဟန်းဝတ်၍ သူတော်ကောင်းတရားကျင့်နိုင်ရန် ဤအယူအဆသဘောတရားများအပေါ် မတည်ရှိကြောင်း ရှင်းလင်းဟောပြတော်မူလေသည်။ ဤပြဿနာရပ်များနှင့်ပက်သက်၍ မည်ကဲ့သို့ ထင်မြင်ယူဆစေကာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့ ရှိမြဲ ရှိနေမည်။ ဤဘ၀၌ပင် ၎င်းတို့ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိစ္စကိုသာ ငါဘုရား ဟောကြားတော်မူပေသည် ဟု မိန့်မြွက်တော်မူလေသည်။
မာလုကျပုတ္တ၊ ဒါကြောင့် မည်သည့်အကြောင်းအရာများကို ငါဘုရားဟောကြားသနည်း၊ မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြား၊ ရှင်းလင်းမပြသနည်း ဆိုသည်တို့ကို ကောင်းစွာ နှလုံးသွင်းထားလော့၊
မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြားသနည်း၊
စကြ၀ဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ (အထက်ဖော်ပြပါ အယူအဆ ၁၀မျိုး) စသည်တို့ကို ငါဘုရားရှင်းလင်းဖော်ပြ ဟောကြားတော်မမူ။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများကို ငါဘုရား အဘယ်ကြောင့် မဟောကြားပေသနည်း။
ဤအယူအဆ သဘောတရားများသည် အသုံးမ၀င်၊ အရာမရောက်၊ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်းအလို့ငှာ ထောက်ပံ့ကူညီမှုမပြု၊ ထို့ကြောင့် ဤအကြောင်းအရာများကို သင့်အားမဟောကြားခြင်းဖြစ်သည်။
ဒါဖြင့်လျှင် မာလုကျပုတ္တ၊ သင့်အား အဘယ်တရားများကို ငါဘုရား ဟောကြားပေသနည်း၊
သင့်အား ဒုက္ခအကြောင်းကို ရှင်းလင်းဟောကြားသည်။ ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ) အကြောင်း၊ ဒုက္ခ ချုပ်ငြိမ်းခြင်း (နိရောဓ)အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ရောက်ရန်လမ်းစဉ် (ဒုက္ခ နိရောဓ ဂါမိနိပဋ္ဋိပဒါ) အကြောင်းကို ဟောကြားသည်။
အဘယ်ကြောင့် ဤအကြောင်းအရာများကို ဟောကြားပေသနည်း။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများသည် အသုံးဝင် အရာရောက်သည်။ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်လျက်ရှိသည်။ ငြီးငွေ့ရွံရှာခြင်း ဖြစ်စေသည်။ တွယ်တာမှုကင်းစေသည်။ ချုပ်ငြိမ်းစေသည်။ ချမ်းမြေ့စေသည်။ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်း အလို့ငှာ ထောက်ပံ့ကူညီမှု ပြုသည်။ ဤအကြောင်းအရာများကို ငါဘုရား ရှင်းလင်းဟောပြခြင်းဖြစ်ပေသည်။
ဗုဒ္ဓ မြတ်စွာ ဟောကြားအပ်သော အရိယသစ္စာလေးပါး ဟူသည်-
၁။ ဒုက္ခ - ဒုက္ခ
၂။ သမုဒယ - ဒုက္ခ၏အစ၊ သို့မဟုတ် ဖြစ်ပေါ်ရခြင်း၊
၃။ နိရောဓ - ဒုက္ခ၏ ချုပ်ငြိမ်းရခြင်း၊
၎။ မဂ္ဂ - ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ညွှန်းပြ ရှေးရှုသည့်လမ်း၊ တို့ဖြစ်ကြသည်။
ဆင်းရဲငြိမ်းအေးရာ အမှန်ဖြစ်သော နိဗ္ဗာန်ကို မဂ္ဂင် (၈) ပါး ကျင့်စဉ် အကျင့်ကောင်းတို့ဖြင့် ကျင့်ကြံပွားများအပ်ပါက ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် အမှန်ဖြစ်ပေသည်။
မဂ္ဂင် (၈) ပါး သို့မဟုတ် သူတော်ကောင်းများ ကျင့်အပ်ရာ အကျင့်ကောင်းဆိုသည်မှာ.....
၁။ သမာ ဒိဋ္ဌိ မဂ္ဂင် - မဖောက်မပြန် ကောင်းစွာသိမြင်ခြင်း
၂။ သမ္မာ သင်္ကပ္ပ မဂ္ဂင် - ကောင်းစွာ ကြံခြင်း
၃။ သမ္မာ ၀ါစာ မဂ္ဂင် - ကောင်းစွာ စကားကို ပြောဆိုခြင်း
၎။ သမ္မာ ကမ္မန္တမဂ္ဂင် - ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်း
၅။ သမ္မာ အာဇီဝ မဂ္ဂင် - ကောင်းစွာ အသက်မွေးဝမ်းကျောင်းခြင်း
၆။ သမ္မာ ၀ါယာမ မဂ္ဂင် - ကောင်းစွာ အားထုတ်ခြင်း
၇။ သမ္မာ သတိ မဂ္ဂင် - ကောင်းစွာ အောက်မေ့ ဆင်ခြင်ခြင်း
၈။ သမ္မာ သမာဓိ မဂ္ဂင် - ကောင်းစွာ တည်ကြည်ခြင်း တို့ဖြစ်သည်။
အထက်ပါ အရိယာ သစ္စာလေးပါး နှင့် မဂ္ဂင် (၈) ပါး သည် ဗုဒ္ဓဘာသာအတွက် အနှစ်ချုပ်ပေ။
ဝိမုတ္တိရသဆိုဒ်မှတဆင့်
No comments:
Post a Comment