အခုခေတ်ဘုရားပွဲဆိုတာကတော့ အများအားဖြင့် ဘုရားပွဲလို့ ဆိုပေမယ့် ဘုရားကို
ပူဇော်တာထက် ဘုရားကို အကြောင်းပြပြီး အပျော်အပါးလုပ်တာကို ပိုပြီးတော့
အလေးပေးတဲ့ သဘောတွေပါလာတယ်။
ဘုရားပွဲဆိုပြီးတော့ ဘုရားရှေ့မှာ သွားပြီး ဂုဏ်တော်တွေ ပွားတယ်။
ဘုရားဂုဏ်တော်တွေ၊ ပရိတ်တော်တွေ ရွတ်ဆိုတယ်။ ဒါက နည်းပါတယ်။
ဘုရားပွဲဆိုပြီးတော့ ဘုရားရဲ့တရားတော်တွေကို ဟောပြောတဲ့ တရားပွဲဆိုလည်း
အင်မတန်ရှားပါတယ်။
တရားပွဲကျင်းပရင်တော့ ကျင်းပမယ်ပေါ့လေ။
နည်းနည်းပါးပါး မစိုမပို့လေး၊ အကြိုသဘောလောက် ကျင်းပပြီးတော့ တကယ်ဘုရား
ပွဲရက်လည်းကျရော အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေနဲ့၊ စတိတ်ရိုးပွဲ၊
လက်ဝှေ့ပွဲတွေနဲ့ ခြိမ့်ခြိမ့်သဲ ကဲကြတော့တာပါပဲ။ တရားပွဲကို စတိသဘောလောက်၊
အကြိုသဘောလောက်လုပ်ပြီး ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲတွေကိုတော့
အကြီးအကျယ် အဓိကထား လုပ်ကြပါတယ်။
ဒါကြောင့်
လယ်တီဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်လေး တစ်ခုရှိပါတယ်။ “တစ်နှစ်တစ်ခါ၊
ငရဲရှာ၊ လူရွာဘုရားပွဲ”တဲ့။ကြားရသူ၊ နားထောင်ရသူကိုတော့
အားနာစရာကြီးပေါ့လေ။
တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲတဲ့နော်။ဘုရားပွဲလုပ်တာ ဘာလို့ ငရဲရှာတာလဲ၊
ကုသိုလ်ရှာတာ မဟုတ်ဘူးလားလို့ မေးစရာပါပဲ။
ဘုရားပွဲ စစ်စစ်ဆိုရင်တော့ ကုသိုလ်ရှာတာပါ၊နိဗ္ဗာန်ရှာတာပါ။ဂုဏ်တော်တွေ
ပွားမယ်၊ ဘုရားကို တရားနဲ့ ပူဇော်မယ်ဆိုပြီးတော့ သတိပဋ္ဌာန်း ၀ိပဿနာတရားတွေ
ပွားမယ်။ ဒါန၊ သီလ၊ ဘာဝနာ
ကုသိုလ်ကောင်းမူတွေနဲ့ ဘုရားကို
ပူဇော်တယ်ဆိုရင်တော့ ဘုရားပွဲစစ်စစ်ပေါ့။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊
ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပတာကတော့ ဘုရားပွဲ မဟုတ်ပါဘူး။ ဘုရားကို
ခုတုံးလုပ်ပြီးတော့ အပျော်ကြူးကြတာသာ ဖြစ်ပါတယ်။
အိမ်မှာ
တီဗွီကြည့်ရတာ အားမရလို့ ဘုရားကိုအကြောင်းပြပြီး တီဗွီညလုံးပေါက်
လာကြည့်ကြတယ်။ အိမ်မှာ သီချင်းနားထောင်ရတာ အားမရလို့ ဘုရားကို
ခုတုံးလုပ်ပြီး လော်စပီကာနဲ့၊ အသံချဲ့စက်ကြီးနဲ့
အကျယ်ကြီး
ဖွင့်ပြီးတော့ သီချင်း နားထောင်ကြတယ်။ တီဗွီကဖြစ်စေ၊ ဂြိုဟ်တုကဖြစ်စေ
လာတဲ့လက်ဝှေ့ပွဲကို အိမ်မှာကြည့်ရတာ အားမရလို့ ဘုရားကို အသုံးချပြိး
လက်ဝှေ့ပွဲတွေ လုပ်ကြတယ်၊ လက်ဝှေ့ပွဲတွေကြည့်ကြတယ်။
အိမ်မှာ
ကာမဂုဏ်ချမ်းသာ ခံစားရတာ အားမရလို့ ဘုရားကို အကြောင်းပြပြီး ဘုရားရှေ့မှာ
လာခံစားကြတယ်ပဲ ဆိုကြပါစို့။ စကားလုံက ရိုင်းနေသလိုတော့ ဖြစ်တယ်။ ဒါပေမဲ့
တကယ့်တကယ် အမှန်တရား ဖြစ်နေတယ်နော်။ အိမ်မှာ ကာမဂုဏ် ခံစားရတာ
သိပ်အားမရလို့ ဘုရားရှေ့မှာ
လာပြီးတော့ ခံစားကြတယ်။ အိမ်မှာကဲရတာ သိပ်အားမရလို့ ဘုရားရှေ့မှာ လာကဲကြတယ်။ ဒါ ခုခေတ် ဘုရားပွဲများစွာရဲ့ သရုပ်သကန်ဖြစ်ပါတယ်။
ဒီတော့ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ လက်ဝှေ့ပွဲ၊ မျက်လှည့်ပွဲ စတဲ
့ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တာဟာ ကုသိုလ်အလုပ် မဟုတ်ပါဘူး။ အကုသိုလ်
အလုပ်ဖြစ်ပါတယ်။ အကုသိုလ်ရဲ့ အကျိုးပေးကတော့ အပါယ်လေးပါးပါပဲ။ ဒါကြောင့်
လယ်တီဆရာတော်ဘုရားကြီးက “တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ”လို့
မိန့်တော်မူတာပါ။
အဲဒီ ဆောင်ပုဒ်ကလေးကိုရော ဆိုချင်ကြသေးလား။ စွဲစွဲမြဲမြဲ မှတ်မိသွားအောင် ဆိုလိုက်ကြတာပေါ့။
တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ။
ဘုရားပွဲစစ်စစ်တော့ မဟုတ်တဲ့ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲ
ဈေးရောင်းပွဲတွေနဲ့ အပျော်ကြူးကြတဲ့ ဘုရားပွဲတွေကို ရည်ရွယ်ပြီး ပြောတာပါ။
ဘုရားဂုဏ်တော်ပွားခြင်း၊ တရားဟော၊ တရားနာခြင်း၊ ဘုရားကို ဆီမီး၊ ပန်း၊
ရေချမ်း၊ ရွှေသင်္ကန်း စသည်နဲ့ ပူဇော်ခြင်းစတဲ့ ဒါန၊
သီလ၊ ဘာဝနာ ကုသိုလ်အလုပ်တွေနဲ့ ပူဇော်တဲ့ ဘုရားပွဲစစ်စစ်တွေကို မရည်ရွယ်ပါဘူး။
အခုဘုရားငါးဆူ ဆံတော်ရှင်စေတီများရဲ့ ဘုရားပွဲကတော့
ဘုရားပွဲစစ်စစ်ပါပဲနော်။ ဒီလိုဆိုတော့ တစ်နှစ်တစ်ခါ ဘာရှာတာ ဖြစ်သွားသလဲ။
“တစ်နှစ်တစ်ခါ၊ ကုသိုလ်ရှာ၊ လူ့ရွာဘုရားပွဲ”ပေါ့နော်။ နောက်
တစ်နည်းနဲ့ပြောတော့လည်း “တစ်နှစ်တစ်ခါ၊ နိဗ္ဗာန်ရှာ၊ လူ့ရွာဘုရားပွဲ”ပေါ့။
တစ်ခါတွင်မကပါ ဘူးလေ။ ဘုရားကို တစ်ခါတည်း တည်ပြီးပစ်ထားမှာမှ မဟုတ်ဘဲ၊
နေ့စဉ်နဲ့အမျှ ဘုရားရဲ့ ဝေယျာဝစ္စတွေ လုပ်ကြမယ်။ ဘုရားရဲ့ အဆုံးအမအတိုင်း၊
ကျေးဇူးတော်ရှင် ဘုရားငါးဆို ဆရာတော်ဘုရားရဲ့ လမ်းညွှန်မူတွေအတိုင်း
သတိပဋ္ဌာန်း ၀ိပဿနာတရားတွေ ပွားများကြမယ်။
ဘုရားကို အကြောင်းပြုပြီး ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမူတွေ ပြုကြမယ်ဆိုတော့ တစ်နှစ်ကို သုံးရာခြောက်ဆယ့်ငါးရက်လုံး ကုသိုလ်ရှားနေကြတာပါပဲ။ နိဗ္ဗာန်ရှာနေကြတာပါပဲ။
- ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment