“ဆိုစမ်းပါဦး၊ သူလျှောက်ထားတာက သူဟာ
စာပေဝါသနာရှင်ဖြစ်သည့် အတိုင်း သာသနာ့ရောင်ခြည် အတွဲ(၆)မှ
ဓမ္မစကြာတရားတော်ကို ဖတ်ကြားပါသတဲ့၊ ဓမ္မစကြာတရားတော်ကိုဖတ်ရင်း သူ့စိတ်တွင်
ဖြစ်ပေါ်လာတကာက ဘုရားရှင်ဟာ ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ညမှာ အစဉ်အတိုင်း
ဝိဇ္ဇာသုံးပါးတို့ကို ရပြီး သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူတယ်၊
ဘုရားဖြစ်တော်မူပြီးတဲ့နောက် ပလ္လင်္ကသတ္တာဟစတဲ့ သတ္တာဟ ခုနစ်လီတိုင်အောင်
မည်သည့် အစားအစာမျှ သုံးဆောင်တော်မမူဘဲ ဈာန်ချမ်းသာ
ဖိုလ်ချမ်းသာတို့ဖြင့်သာ နေတော်မူတယ်၊ သတ္တာဟ စံတော်မူတာဟာ ၄၉-ရက်ဖြစ်ပါတယ်၊
ကဆုန်လပြည့်ကျော် ၁-ရက်မှ ရေတွက်ခဲ့လျှင် ၄၉-ရက်မြောက်တဲ့နေ့ဟာ ဝါဆိုလဆန်း
၅-ရက်နေ့ဖြစ်ပါတယ်၊ ဓမ္မစကြာတရားတော်ကို ဟောတာက ဝါဆိုလပြည့်နေ့ဖြစ်တော့
ကြားကာလဟာ ၁၀-ရက်ဖြစ်နေတယ်၊ သည် ၁၀-ရက်အတွင်း မြတ်စွာဘုရားဟာ ဘယ်ဋ္ဌာနမှာ
စံနေတော်မူသလဲဆိုတာ အလွန်သိလိုတဲ့စိတ် ဖြစ်နေပါသတဲ့၊ အဲဒါ
ဖြေရှင်းပေးသနားတော်မူပါလို့ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား
“မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်
ဘုရားဖြစ်တဲ့နေ့ကစပြီး သတ္တာဟ ခုနစ်လီကို ရေတွက်ကြည့်လိုက်လျှင် (၁)
ဗောဓိသတ္တာဟ၊ (၂) အနိမိသသတ္တာဟ၊ (၃) ရတနာစင်္ကမသတ္တာဟ၊ (၄) ရတနာဇရသတ္တာဟ၊ (၅)
အဇပါလသတ္တာဟ၊ (၆) မုစလိန္ဒသတ္တာဟ၊ (၇) ရာဇာယတနသတ္တာဟရယ်လို့ သတ္တာဟခုနစ်လီ
ဖြစ်ပေါ်လာတယ်၊ ရက်အားဖြင့် ၄၉-ရက်ပေါ့၊ သုတ်မဟာဝါပါဠိတော်ကို
ဆက်လက်ကြည့်ခဲ့လျှင် ဘုရားရှင်ဟာ ၄၉-ရက်မြောက် ရာဇာယတနသတ္တာဟမှ ထတော်မူတော့
လင်းလွန်းပင်ရင်းက တစ်ဖန် အဇပါလသတ္တာဟမှာပါဝင်တဲ့ ဆိတ်ကျောင်းညောင်ပင်ရင်း
ကြွရောက် သီတင်းသုံးပြန်တယ်။
သီတင်းသုံးတော်မူရင်း - ငါသိသောတရားဟာ နက်နဲတယ်၊
မြင်နိုင်ခဲတယ်၊ သိနိုင်ခဲတယ်၊ သတ္တဝါတွေကတော့ ကာမဂုဏ်အတွင်းမှာ
ပျော်မွေ့နေကြတယ်၊ ငါ တရားဟောသော်လည်း ပင်းပန်းရုံသာရှိမယ်၊ ဒါကြောင့်
တရားမဟောတော့ဘူးလို့ အကြံဖြစ်တော်မူတယ်၊ ဘုရားရှင်ရဲ့အကြံကို
သဟမ္ပတိဗြဟ္မာကြီးသလို့ အကယ်၍သာ ဘုရားရှင် တရားမဟောခဲ့လျှင် လောကကြီးတော့
ပျက်စီးတော့မှာပဲလို့ ဗြဟ္မာ့ပြည်က ဘုရားရှင်ထံ လာရောက်ပြီး တရားဟောဖို့
သုံးကြိမ်းလျှောက်ထားတယ်၊ သည်အခါမှ ဘုရားရှင် တရားဟောရန် ကတိပေးတော်မူပြီး
အဘယ်သူကို ဦးစွာ တရားဟောရမလဲလို့ ကြည့်လိုက်တယ်၊ ရှေးဦးစွာ အာဋ္ဌာရရသေ့၊
ဥဒကရသေ့တို့ကို မြင်တယ်၊ သို့သော်လည်း ၄င်းတို့ဟာ ကွယ်လွန်ပြီး
အရူပဘုံကိုရောက်နေကြောင်း သိရလို့ ဒုတိယအကြိမ် ကြည့်တော့မှ
ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူတယ်။
သည်အချိန်မှာ ပဉ္စဝဂ္ဂီတို့ဟာ ဗာရာဏသီပြည်အနီးက ဣသိပတန
မိဂဒါဝုန်တောကို ရောက်နေကြပြီ၊ ယခုဘုရားရှင် သီတင်းသုံးနေတာက ဗောဓိမဏ္ဍိုင်
အနီးအပါးမှာ ရှိသေးတယ်၊ ဗောဓိမဏ္ဍိုင်နှင့် ဗာရာဏသီဟာ ၁၈-ယူဇနာ ဝေးကွာတယ်၊
လူတို့ရဲ့ ခြေလှမ်း အလယ်အလတ်ဆိုလျှင် တစ်ရက်ကို တစ်ယူဇနာသွားတယ်၊
၁၈-ယူဇနာဆိုတော့ ၁၈-ရက်သွားလိမ့်မယ်။
ဘုရားရှင်ဟာ တရားဟောမယ်လို့ ကတိပေးပြီးပြီးချင်း
ဗာရာဏသီအနီး မိဂဒါဝုန်သို့ ချက်ချင်း ကြွသွားသလားဆိုတော့
ချက်ချင်းကြွသွားတာမဟုတ်ဘူး၊ ဥရုဝေဠတောမှာ မွေ့လျော်တော်မူသရွေ့နေသေးတယ်၊
အဲဒီ မွေ့လျော်တော်မူသရွေ့က ဘယ်နှစ်ရက်လဲဆိုတော့ ဇိနတ္ထပကာသနီ ၅၇-မှာ
နှစ်ရက်သုံးရက်ခန့် စံနေတော်မူပြီးလျှင်-လို့ ဖော်ပြပြီး၊ မဟာဗုဒ္ဓဝင်
ဒုတိယတွဲ ၄၁၄-မှာတော့ ဗောဓိမဏ္ဍိုင်အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း
၁၄-ရက်နေ့တိုင်အောင် နေတော်မူပြီးနောက် “ဝါဆိုလပြည့်နေ့သို့
ရောက်သောအခါ နံနက်စောစောကပင် ဗာရာဏသီပြည်သို့ ကြွသွားတော့အံ့ဟု သပိတ်ကို
ယူဆောင်ပြင်ဆင်ကာ ၁၈-ယူဇနာဝေးသော ခရီးကို မြေပြင်မှ ခြေလျင်ကြွသွား
တော်မူလေ၏” လို့ ပြဆိုထားတယ်၊ ရှေးရှေး ဘုရားများကတော့
ဓမ္မစကြာတရား ဟောဖို့ ကောင်ကင်ခရီးက ဈာန်ဖြင့် ကြွသွားကြသတဲ့၊ ဈာန်ဖြင့်
ကြွလျှင်တော့ ယခုသွား ယခုရောက်မှာပေါ့၊ ဂေါတမဘုရားရားရှင်ကတော့ ဥပကတက္ကတွန်း
အနာဂါမ်ဖြစ်လတ္တံသောအကြောင်းကိုမြင်တော်မူလို့ ကောင်းကင်က ဈာန်ဖြင့်
မကြွဘဲ မြေပြင်က ခြေလျင်ကြွသွားတော်မူတယ်။
ဤစကားရပ်များကို ထောက်ရှုသောအားဖြင့် သတ္တသတ္တာဟ ၄၉-ရက်
ပြည့်မြောက်သောနေ့နှင့် ဓမ္မစကြာဟောတဲ့ ဝါဆိုလပြည့်နေ့အကြား ဘုရားရှင်
ဘယ်ဌာနမှာ စံနေတော်မူတယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်”
“မှန်ပါ။ သိလောက်ပါပြီ ဘုရား”
“သာဓု - သာဓု - သာဓု”
(ကပ္ပိယ-မောင်ရဲ)
No comments:
Post a Comment