
တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို
လွှမ်းခြုံနေတဲ့ အရာပါ၊ သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို
ကြီးမားစေပါတယ်။ မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို
နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင် ဖြူစင် သန့်ရှင်း ပြုံးပျော်စေနိုင်တဲ့
နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့
ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်။
ကရုဏာရှေ့သွား ပညာအားဖြင့်
ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေဟာ ဂုဏ်ရည် (၆)တန်နဲ့
ပြည့်လျှံနေယုံသာမက အစ၊ အလယ်၊ အဆုံး ကောင်းခြင်း(၃)သုံးပါးနဲ့လည်း
ပြည့်စုံပါတယ်။ အနက် အဓိပ္ပါယ် အကျိုး စီးပွားနဲ့ တကွဖြစ်ပြီး
ဖြူစင်သန့်ရှင်း မြင့်မြတ်ခြင်းဆိုတဲ့ အခေါင်အထွတ်လည်း ရှိပါတယ်။
“လိုနေတယ်”ဆိုပြီး ထည့်စွက်စရာ မရှိသလို “ ပိုနေတယ်”ဆိုပြီး ပယ်ဖျက်စရာ
မရှိပါဘူး။ ထက်ဝန်းကျင် ကုံလုံပြည့်စုံပြီးသားပါ။
“တရား=ဓမ္မ”ရဲ့ ပင်ရင်းအဓိပ္ပါယ်ကို
ပါဠိ စာပေမှာ “ဓရ”လို့ ဖွင့်ဆိုဖော်ပြပါတယ်။ “ဓရ”ဆိုတာ မြန်မာလို တော့
“ဆောင်”ခြင်းပါပဲ။ ဆောင်ဆိုရာမှာ-
၁။ အောက်ကျ နောက်ကျ မဖြစ်ရအောင် “ဆွဲဆောင်ချီမ”ထားနိုင်ခြင်း။
၂။ အလိုရှိရာ မြတ်ချမ်းသာကို ကောင်းစွာရအောင် ရောက်ရှိအောင် “ပို့ဆောင်”ပေးခြင်း။
၃။ ဆင်းရမလို ချမ်းသာလိုလျှင် စိတ်အစဉ်ထဲ အမြဲမကွာ “ဆောင်ပိုက်ထား”ထိုက်ခြင်းဆိုတဲ့ အနက် အဓိပ္ပာယ်သုံးမျိုး ပါဝင်ပါတယ်။
တရားဆိုတာ လူ့ဘ၀ရဲ့အလှ၊ လူ့ဘ၀ရဲံ
ဂုဏ်သိက္ခာ၊ လူ့ဘ၀ရဲ့ အရှိန်အ၀ါ၊ လူ့ဘ၀ရဲ့ စွမ်းအင်၊ လူ့ဘ၀ရဲ့ အတောင်ပံ
ဖြစ်ပါတယ်။ “အတောင်ပံ“ပါရင် မင်းဆီကို ဆိုတဲ့ သီချင်းသားကလေးကို
တရားဓမ္မတည်းဟူသော တောင်ပံတစ်စုံသာ ပါရှိခဲ့ရင် လူသားတွေဟာ (၃၁)ဘုံ
ဘ၀သံသရာထဲမှာပဲ ဖြစ်စေ၊ ဘ၀သံသရာ အလွန်ဖြစ်တဲပ့ နိဗ္ဗာန်ချမ်းသာဆီကိုဖြစ်စေ
လွယ်ကူချမ်းမြေ့စွာ ပျံသန်း သွားလာနိုင်ကြမှာပါ။
တရားဆိုတာ လူ့ဘ၀ရဲ့
အညွန့်အတက်အခက်တွေပါ၊ အပူအလွန်ပေါလှတဲ့ လူလောကကြီးထဲမှာ လူ့ဘဝ
လူ့ခန္ဓာဆိုတဲ့ ပင်စည်ကြီး ပူပြင်းခြောက်သွေ့ ကျက်သရေမဲ့ ဖြစ်မနေစေရဘဲ အခက်၊
အလက်၊ အရွက်၊ အပွင့်အသီးတွေနဲ့ သာယာလှပ စိုပြေ အေးမြ အရိပ်ရအောင်
စွမ်းဆောင် ပေးနိုင်တာဟာ တရားတစ်ခုထဲပဲ ရှိပါတယ်။ နောက်ပြီး တရားဆိုတာ
ကိလေသာ၊ ဒုစရိုက်၊ အမိုက်တရားတွေကြောင့်ဖြစ်ရတဲ့ ပူလောင်မှု၊ ညစ်နွမ်းမှု၊
ပင်ပန်းမှု၊ မွတ်သိပ်မှုတို့ကို ပြေပျောက်စေတာကြောင့် “ရေစင် ရေအေး”နဲ့
တူသလို အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ၀ဋ်နာ၊ ကံနာ၊ သံသရာအနာတွေကို
ပျောက်ကင်းချမ်းသာ စေတတ်တာမို့ “ အမြိုက်ဆေး”နဲ့လည်း တူပါတယ်။
တကယ်တော့ တရားတွေတွေဆိုတာ
ဗုဒ္ဓမြတ်စွာကိုယ်တော်နိုင်(အလောင်းတော်ဘ၀ထဲက) ကရုဏာ၊ ပညာဆိုတဲ့
လက်နှစ်ဖက်နဲ့ ပါရမီ(၁၀)ပါးဆိုတဲ့ တူရွင်းကြီး (၁၀)ခုကို ကိုင်စွဲကာ
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်းများစွာ
စတေးပြီး ခက်ခက်ခဲခဲ ရှာဖွေတူးဖော် ခဲ့ရတဲ့ အဖိုးမပြတ်နိုင်တဲ့
ရတနာတော်တွေပါ။
ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဒီဓမ္မရတနာတွေကို လူအပါအ၀င် သတ္တ၀ါတွေအားလုံး
၁။ သံသရာဝဋ်ဆင်းရဲ့ ၀ံသြဃထဲမှာ ထောက်တည်သက်သာ၊ အားကိုးရာရဖို့။
၂။ အပါယ်ဆင်းရဲ ၀ဋ်ဆင်းရဲ ဘ၀ဆင်းရဲစတဲ့ ဒုက္ခအားလုံးက လွတ်မြောက်ဖို့။
၃။ လူ-နတ်-နိဗ္ဗာန် သုံးတန်သော
ချမ်းသာသုခကို ရကြဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုနဲ့အတူ ကမ္ဘာလောက လက်ထဲ
တရားအမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့တာပါ။
ဒီအမွေအနှစ်တွေကြောင့်ပဲ
လူသားတွေဟာ လူယဉ်ကျေးမှု၊ လူ့ဂုဏ်သိက္ခာ၊ လူ့အဆင့်အတန်းတွေ တိုးတက်
်မြင့်မားလာပြီး (၃၁)ဘုံအလယ်မှာ အထက်တန်းကျ မျက်နှာပန်းလှအောင်
ကြွယ်ဝချမ်းသာ ခဲ့ကြပါတယ်။
တရားတော်တွေဟာ
အင်မတန်တန်ခိုးကြီးပါတယ်။ သူတို့နဲ့ တစ်ကြိမ်တစ်ခါလောက် တွေ့ကြုံဆုံဆည်း
ဖူးပြီး သူတော်ကောင်း တရားကို နှလုံးသားနဲ့ ငုံမိပြီဆိုတာနဲ့
အမှောင်ထုအတွင်းက ဘ၀တွေကို အလင်းရောင် ရစေပြီးတော့ အလင်းထဲက ဘ၀တွေကိုလည်း
(မျက်စိလည် လမ်းမမှားရအောင်) လမ်းမှန်ကို ညွန်ပြပေးပါတယ်။
ယုတ်ညံ့နိမ့်ကျနေတဲ့ ဘ၀တွေကို အထက်တန်းကျမြင့် မြတ်လာစေပြီးတော့ အထက်တန်းကျ
မြင့်မြတ်ပြီးသား ဘ၀တွေကိုလည်း အရည်အသွေး ပိုမိုတောက်ပြောင် သွားစေပါတယ်။
တွေ့ရာသင်္ချိုင်း ဓားမဆိုးဘဲ
လိုက်သတ်နေတဲ့ လူဆိုးကြီး အင်္ဂုလိမာလကို ရဟန္တာမထေရ် အရှင်အင်္ဂုလိမာလ
ဖြစ်သွားစေသလို၊ မြို့ရွာအပေါင်း ထောင်းထောင်းကြေ အသက်တွေ
သွေးချောင်းစီးခဲ့ရလို့ သားသတ်မုဆိုးလို အင်မတန် ကြမ်းတမ်းခက်ထန်လှတဲ့
စဏ္ဍာသောက ကိုလည်း သံဓားမကိုချစေပြီး ဉာဏ်ဓမ္မ ကိုကိုင်စွဲသူ ဘုရားဒကာ၊
ကျောင်းဒကာ၊ သာသနာ့ဒကာ၊ နတ်လူတို့ ချစ်မြတ်နိုးသော ရေမြေ့ရှင် သိရီဓမ္မသောက
မင်းကြီး ဖြစ်သွားစေပါတယ်။ ဒါဟာ တရားတော်ရဲ့ ပဉ္စလက်တန်ခိုးပါ။
ဒါကြောင့်ပဲ မြတ်စွာဘုရားထံတော်မှာ
သူတော်ကောင်းတရားနာကြားရလို့ မြင့်မြတ်တဲ့ ဘ၀ရောက် သွားတဲ့ ပုနဗ္ဗသုမာတာ
မြေဘုတ်ဘီလူးမဟာ “ လောက၌ မိမိသားသမီးကို ချစ်အပ်၏၊ မိမိခင်ပွန်းကို
ချစ်အပ်၏၊ ငါ့အား သားသမီးခင်ပွန်းကို ချစ်သည်ထက် ဤတရားတောင့်တရှာမှီးမှုကို
ပိုလွန်၍ ချစ်မြတ်နိုးပါ၏၊ သူတော်ကောင်းတရားကို နာကြားရခြင်းသည်
သတ္တ၀ါတို့အား ဆင်းရဲဒုက္ခမှ လွတ်စေသကဲ့သို့ ချစ်ခင်အပ်သော
သားသမီးသည်လည်းကောင်း၊ ခင်ပွန်းသည်လည်းကောင်း ဆင်းရဲမှ မလွတ်စေနိုင်”လို့
သူ့သားသမီးတွေကို ပြောဆိုဆုံးမခဲ့ပါတယ်။
တရားတော်ကို နာကြားရခြင်း၊
ဆွေးနွေးခြင်း၊ ကျင့်သုံးရခြင်း ၊ သိမြင်ရခြင်းတွေဟာ ဘ၀ရဲ့ အမြင့်မားဆုံး
မင်္ဂလာတွေပါ။ ကျက်သရေမင်္ဂလာဆိုတဲ့ ဝေါဟာရ တရား မင်္ဂလာရဲ့ စစ်မှန်တဲ့ အမည်နာမ
ဖြစ်ပါတယ်။
တရားနဲ့ မွေ့လျော်ပျော်ရခြင်းဟာ
တကယ်ပဲ မင်္ဂလာရှိပါတယ်။ တရားနဲ့ပျော်တာဟာ လောကကို ပုန်းကွယ်ရှောင်ပြေး
အရှုံးပေးတဲ့ သဘောမျိုးမဟုတ်သလို လောကကို အနိုင်ရဖို့ တိတ်တဆိတ်အားမွေး
ဓားသွေးတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ တရားဓမ္မကို သိမြင်ခွင့်ရဖို့
ကြိုးစားတာဟာ လောက အပေါ်နိုင်ခြင်း ရှုံးခြင်းနဲ့မပတ်သက်တဲ့
“သရေသဘောထား”သက်သက်ပဲဖြစ်ပါတယ်။
တရားဓမ္မကို
သိမြင်ခွင့်ရလိုက်တာဟာလည်း အနိမ့်-အမြင့် သဘောထားကင်းတဲ့ “တည်ငြိမ်ခြင်း”
သက်သက်ပဲ ဖြစ်ပါတယ်။ တရားဓမ္မရဲ့ သဘာဝကိုယ်က အတိုင်းအတာ၊ အချုပ်အချယ်၊
အရှုပ်အထွေး၊ အပိတ် အပင်တွေ ကင်းစင်တဲ့ အနှိုင်းမဲ့
“လွတ်မြော်ကငြိမ်းအေးခြင်း” သက်သက်ပဲဖြစ်ပါတယ်။ အနိုင်-အရှုံး၊ အနိမ့်-
အမြင့်၊ အတက် အကျစတဲ့ အတားအဆီးတွေ မရှိခြင်းရဲ့ အနှစ်သာရဟာ
စိုးနှောင့်ဖွယ်ရာ အဖြာဖြာတို့မှ ကင်းဝေးစေပြီး စိတ်ကို လွတ်လပ်မှုရဲ့
အတုမဲ့ အရသာမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စေပါတယ်။
အဲဒီလို လွတ်လပ်စွာ
မွေ့လျော်နေမှုထဲမှပဲ ကိုယ်သိတာ၊ တစ်ဖက်သားကို မထိခိုက် မနစ်နာ စေလိုတာ၊
အသိဉာဏ်နဲ့ယှဉ်ပြီး ခင်မင်မြတ်နိုးတတ်တာ၊ သဘောထားမှန်မှန်နဲ့ ကူညီတတ်တာစတဲ့
ကောင်းမွန်တဲ့ အရည် အသွေးတွေ စုပေါင်းပါဝင်နေတာမို့ မြင့်မြတ်မှု
တစ်ခုအနေနဲ့ တရားဓမ္မရဲ့ တန်ဖိုးကို ပိုမိုပြီး မြတ်နိုးခွင့် ရစေပါ တယ်။
မြတ်နိုးတန်ဖိုးထားပြီး
ခံစားတတ်မယ်ဆိုရင် သူတော်ကောင်း တရားတွေဆိုတာ ကိုယ်အေး၊ စိတ်အေး ဘ၀သံသရာ
တစ်ခုလုံး အေးစေတတ်တဲ့ ငြိမ်းချမ်းရေး မင်္ဂလာတေးတွေပါ။ ဒါပေမယ့် မိမိတို့ရဲ့
စိတ်တံခါးကို အမြဲတမ်းဖွင့်လှစ်ထားပြီး သူတော်ကောင်းတရားကို ၀မ်းသာအယ်လဲ
ကြိုဆိုနေရာပေးနိုင်တဲ့ “ သူတော်ကောင်းနှလုံးသား”ဆိုတာ လူတိုင်းမှာ
ရှိခဲပါတယ်။
တစ်ခါတုန်းက ဇေတ၀န်ကျောင်းတော်ကို
ဥပါသကာ(၅)ဦး တရားနာယူရန် ရောက်လာခဲ့ဖူးပါတယ်။ သတ္တ၀ါတိုင်း အပေါ်မှာ
တစ်ပြေးညီ မေတ္တာထားတော်မူတဲ့ မြတ်စွာဘုရားဟာ ကောင်းကင်ထက်က ထစ်ချုံးမိုး
ကြီး ရွာသွန်းဖြိုးသလို တရားဟောကြားတော်မူပါတယ်။ ဒါပေမယ့်
သူတို့ငါးဦးထဲမှာ တစ်ဦးက ထိုင်ရက် အိပ် ငိုက်နေပြီး၊ တစ်ဦးက မြေပြင်ကို
လက်နဲ့ရေးခြစ်နေပါတယ်။ တစ်ဦးက သစ်ခက်ကို လှုပ်ခတ်ကစားနေပြီး ၊ တစ်ဦးက
ကောင်းကင်ကို မော့ကြည့် နေပါတယ်။ တရားကို ရိုသေစွာ နာကြားသူဟာ တစ်ဦးထဲပဲ
ရှိပါတယ်။ သူတို့(၅)ဦးဟာ အတိတ်ဘ၀တွေတုန်းက အစဉ်အတိုင်း၊ နဂါး၊ တီကောင်၊
မျောက်၊ နက္ခတ်ကြည့်သူနဲ့ မန္တာန် ရွတ်သူတွေ ဖြစ်ခဲ့ကြတာမို့
ဘ၀သံသရာတစ်လျှောက် ပါလာကြတဲ့ အထုံဝါသနာတွေရဲ့ လွှမ်းမိုးပိတဆို့မှုတွေ
ကြောင့် သူတို့ရဲ့ နှလုံးသားထဲကို တရားမ၀င် ရောက်နိုင်ဖြစ်ခဲ့ကြတာပါ။
ဒါကြောင့်ပဲ ရိုသေစွာ တရားနာယူသူ တစ်ဦးသာ တရားတော်ရဲ့ ကျေးဇူးကို
ခံစားရပါတယ်။
သူတော်ကောင်းတရား ဆိုတာကလည်း
“ကံနား”ရှိရုံနဲ့ မကြားရပါဘူး။ သစ္စာတရားကို မြတ်နိုး တန်ဖိုး ထားတတ်တဲ့
“ဉာဏ်နား”ရှိမှ ကြားရတတ်၊ ကြားရနိုင်တာမျိုးပါ။ တချို့သူတွေမှာ ကံကောင်း
ထောက်မစွာ ဉာဏ်နားပါပေမယ့် ကာမဂုဏ်အာရုံတွေနဲ့ ကိလေသာစိတ်ဆိုတဲ့
နားဖာချေးတွေ ထူပြောပိတ်ဆို့ နေတာမို့ နားလေး နားပင်းနေတာမျိုးလည်း
ဖြစ်တတ်ပါသည်။ တချို့သူတွေကတော့ လူ့ဘ၀ဖြစ်တည်လာကတည်းက
သူတော်ကောင်းနှလုံးသား မပါခဲ့တာမို့ သူတော်ကောင်းတရား နားကြားရလျှင်ပင်
“လူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန် စကား၊ လွန်နားခါး၏”ဆိုတဲ့အတိုင်း အလွန်ပဲ
နားခါးကြပါတယ်။
သုတ္တနိပါတ်ပါဠိတော်၊ ပရာဘ၀သုတ်မှာ
ဗုဒ္ဓမြတ်စွာ မိန့်တော်မူခဲ့တဲ့ စကားဥပဒေတစ်ခု ရှိပါတယ်။ အဲဒါက “ဓမ္မကာမော
ဘ၀ံ ဟောတိ၊ ဓမ္မဒဿီ ပရာဘဝေါ= သူတော်ကောင်းတရားကို လိုလားသူဟာ ကြီးပွား
ချမ်းသာပြီး၊ သူတော်ကောင်းတရားကို မလိုလားသူဟာ ဘ၀အဆက်ဆက်
ပျက်စီးဆုံးရှုံးတတ်တယ်” ဆိုတာပါပဲ။ အဓိပ္ပာယ်ကတော့ သူတော်ကောင်းတရားကို
မြတ်နိုးရင် လူဖြစ်ရကျိုးနပ်ပြီး သူတော်ကောင်း တရားကို မုန်းရင်တော့
လူဖြစ်ရှုံးတယ်”လို့ ဆိုလိုတာပါ။
သာသနာတော်မှာ ”သဒ္ဓမ္မဿဝန”လို့ခေါ်တဲ့
တရားနာခြင်း အနုပညာဟာ အင်မတန် အရေးကြီးပါတယ်။ ဘုရားရှင်နဲ့
ပစ္စေကဗုဒ္ဓါတို့မှတစ်ပါး တခြား ဘယ်သူမှ တရားနာခြင်း အနုပညာနဲ့ကင်းပြီး
မြင့်မြတ်ခြင်း ပန်းတိုင်းကို ရောက်နိုင်ရိုး မရှိကြပါဘူး။ မဂ်(၄)ပါး၊
ဖိုလ်(၄)ပါး၊ နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ တရား(၉)ပါးဟာ တရားနာခြင်း အနုပညာရဲ့
အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။ ဉာဏ်ပညာကြီးမားခြင်း ဧတဒဂ်ရကြတဲ့ အရှင်သာရိ
ပုတ္တရာနဲ့ အရှင်မခေမာတို့သည်ပင် တရားနာခြင်း အနုပညာရဲ့ ဂုဏ်ကျေးဇူး
ပြုမှုကြောင့်သာ ဒီအသီးအပွင့်တွေ ကို ရယူခံစားနိုင်ကြတာပါ။
တရားနာခြင်း အနုပညာဟာ
“ဆက်သွယ်ရေးတာဝန်ခံ၊ မြှင့်တင်ရေး အရာရှိ”ဖြစ်ပါတယ်။ သူက
သူတော်ကောင်းတရားနဲ့ နှလုံးသားကို ထိတွေ့ဆက်သွယ် တွန်းတင်ပေးပါတယ်။ သူဟာ
ဖခင်သတ်မိတဲ့ ကံကြောင့် ပူလောင်ခြောက်ချားနေတဲ့ အဇာတသတ်ဘုရင်ကို
အေးဆေးတည်ငြိမ်သက်သာရာရအောင် ပြုလုပ် ပေးခဲ့သလို တရားသံကို နားစွင့်ရင်း
သေဆုံးသွားတဲ့ ဖားကလေးကိုလည်း နတ်သားအဖြစ် မြှင့်တင်ပေးခဲ့ပါတယ်။
တရားနာခြင်း အနုပညာရဲ့ ပဉ္စလက်စွမ်းအားကြောင့် မသေဘဲ ဘ၀ပြောင်းသွား ရသူတွေ
ရဲ့ အရေအတွက်ကလည်း မရေတွက်နိုင်လောက်အောင်ပဲ များပြားလှပါတယ်။
ဗုဒ္ဓမြတ်စွာကတော့
တရားနာခြင်းအနုပညာဟာ မှန်ကြည့်တာနဲ့ ဥပမာတူကြောင်း သားတော် ရှင်ရာဟုလာကို
မိန့်ကြားတော်မူပါတယ်။ မှန်ကြည့်တဲ့ သူတွေဟာ မိမိတို့ရဲ့ မျက်နှာနဲ့
ကိုယ်ခန္ဓာမှာ မလိုအပ်တဲ့ အပြစ် အနာအဆာတွေရှိရင် ဖြည့်စွက်မွမ်းမံချယ်သ
အလှဆင်ကြဖို့ မှန်ကြည့်တာဖြစ်ပါတယ်။ အဲဒီဥပမာလိုပဲ နေ့စဉ် မိမိတို့ရဲ့
ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေို တရားတည်းဟူသော မှန်ကလေးကို
ထောင်ထောင်ကြည့်ပြီးတော့ ဆင်ခြင်ပြုပြင်ကြရမှာပါ။
မိမိတို့တတွေမှာ ပြုပြင်စရာကိစ္စက
ဒီတဘ၀ထဲနဲ့ မပြီးစီးနိုင်တာမို့ နိဗ္ဗာန်ပန်းဝင်မယ့်အချိန်အထိဆိုရင် သံသရာ
ခရီးတစ်လျှောက် ပြုပြင်စရာ ပမာဏက အလွန်ကြီးပါတယ်။ ပြုပြင်စရာ ပမာဏက
ကြီးမားလေ တော့ မလိုအပ်တာတွေ ဖယ်ရှးပြီး လိုအပ်တာတွေ
ဖြည့်ဆည်းဖို့၊အချိန်မီ အားထုတ်နိုင်ဖို့ဆိုရင် “တရားမှန်” ကို မကြာခဏ
ထောင်ကြည့်နိုင်မှ တော်ရုံကျမှာပါ။ ဒါကြောင့် တရားနာခြင်း အနုပညာဟာ
ပုထုဇဉ်ဘ၀မှာ အလွန်ပဲ အရေးပါလိုအပ်လှပါတယ်။
တရားနာခြင်း အနုပညာဟာ အ၀ိဇ္ဇာ
အမိုက်အမှောင်ကို ပယ်ဖျောက်ပြီး၊ အ၀ိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။
အပါယ်တံခါးကို ပိတ်စေပြီး၊ နတ်ရွာနိဗ္ဗာန်တံခါးကို ပွင့်စေပါတယ်။
တဏှာပိုက်ကွန်ကို ဖောက်ဖျက် ပေးပြီး မာရ်နတ်ရဲ့လက်ကလည်း လွတ်မြောက်စေပါတယ်။
သန့်စင်တဲ့ ကိုယ့်ကျင့်တရား မြေပြင်မှာ ကောင်းမွန် မြင့်မြတ်တဲ့ စိတ်ဓာတ်
ကျောက်တိုင်ကို ခိုင်ခိုင်မတ်မတ် စိုက်ထူ ထားနိုင်တာမို့ ကံကြမ္မာရိုင်း၊
လော ကဓံလေမုန်တိုင်းတို့ရဲ့ တိုက်ခတ်တဲ့ဒဏ်ကို မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်
ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။
စိတ်ဆိုးစိတ်ယုတ်တွေကို ဖယ်ထုတ်ပြီး စိတ်ကောင်းစိတ်မြတ်တွေနဲ့ မိမိတို့ရဲ့ နှလုံးသားကို တံခါးဖွင့် ထားနိုင်ရင် တရားနာခြင်း အနုပညာက-
(၁)မကြားဘူးသေးတဲ့ တရားအသစ်အဆန်းတို့ကို ကြားနာရခြင်း၊
(၂) ကြားသိပြီးသား တရားတို့ကို ထပ်မံခိုင်မြဲ သန့်ရှင်းစေခြင်း၊
(၃) အတွေးအမြင်အယူအဆတို့ကို ဖြောင့်မှန်စေခြင်း၊
(၄) ယုံမှားသံသယကို ပယ်ဖျောက်ပေးခြင်း၊
(၅) စိတ်နှလုံး
အေးချမ်းကြည်လင်ဖြူစင်ရွှင်ပြခြင်းဆိုတဲ့ အကျိုးတရားငါးပါးကို လက်ငင်း
အပ်နှင်း ပေးပါတယ်။ တကယ်တော့ တရားနာခြင်း အနုပညာဆိုတာ ကောင်းကျိုးသုခ
အ၀၀တို့ရဲ့အစ၊ ပထမမူလ ရင်းမြစ် ကျက်သရေမင်္ဂလာအပေါင်းတို့ရဲ့ စုဝေးရာ၊
မြင့်မြတ်မှု အစုစုတို့ရဲ့ အခေါင်အထွတ် ဖြစ်ပါတယ်။
တရားနာခြင်း အနုပညာမှာ အလွန်အရေးကြီးလှတဲ့ အဓိကသော့ချက်ကတော့-
(၁) လူစင်စစ်ဖြစ်ရန်
(၂) လူတော်လူကောင်းဖြစ်ရန်
(၃) အများအကျိုး၊ လောကအကျိုး၊
သာသနာတော်အကျိုးကို သယ်ပိုးရန်ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်
ချက်သုံးမျိုးထားရှိပြီး သူတော်ကောင်းတရားကို စိတ်နား၊ ပညာနှလုံးသားနဲ့
လက်ခံရယူကာ ဘ၀မှာ လက်တွေ့ ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။
တရားနာခြင်းအနုပညာ
တော်ဝင်နွယ် ( ဓမ္မရိပ်မဂ္ဂဇင်း )
No comments:
Post a Comment