ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရားအလောင်းတော်
ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ဟာ အင်မတန်
ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ဃဋိကာရ ဆိုတာက ကဿပမြတ်စွာဘုရားရဲ့ ဥပသကာ
ကြီးတစ်ယောက် ဖြစ်ပါတယ်။
ဃဋိကာရ က ဇောတိပါလကို ခေါ်တယ်။ “ သူငယ်ချင်း ဇောတိပါလ၊ ဘုရားကျောင်း
တော်သွားရအောင်၊ ဘုရားကျောင်းက နီးနီးလေးပဲ၊ ဘုရားကျောင်းသွားပြီး တရားနာရအောင်”
ခေါ်တော့ ဇောတိပါလ က ဘာပြောတုန်းဆိုရင် “ ဟာ.. သူငယ်ချင်း၊ ဘုရားဆီသွားလို့ ဘာရ
မှာတုန်း ” တဲ့။ ဘုရားဆီ သွားဖို့ခေါ်တယ်၊ မလိုက်ဘူး။ သူကိုယ်တိုင် ဘုရားဖြစ်မည့်ပုဂ္ဂိုလ် ဖြစ်
လျက်သားနဲ့ ဘာလို့ ဝေးနေတာတုန်း။ လောလောဆယ် သူရဲ့ပတ်ဝန်းကျင်က ဘုရား၊ တရား
မကြည်ညိုတဲ့ အမျိုးမှာ ဖြစ်နေပါတယ်။ ဒါလည်း သတိထားရပါမယ်။
ကိုယ် ကိုယ်တိုင်က မိရိုးဖလာ၊ မိကောင်းဖခင် သားသမီးဖြစ်လို့ သဒ္ဓါတရား အထိုက်အ
သင့် ရှိနေတာကို အထင်မကြီးပါနဲ့။ ဒီဘ၀မှာ အခိုင်အမာ မတည်ဆောက်ဘူးဆိုရင် နောက်ဘဝ
မှာ လွယ်လွယ်ကူကူနဲ့ ဒီစိတ်ဓာတ်လေး ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒါကြောင့်.. သာသနာ
တော်နဲ့ ကြုံတွေ့တဲ့ အချိန်လေးမှာ မှန်ကန်တဲ့ စိတ်ဓာတ်ကလေးတွေကို ခိုင်ခိုင်မာမာ တည်
ဆောက်ထားဖို့ လိုအပ်ပါတယ်။
တချို့ကပြောကြသေးတယ်။ ဒို့က “ ပါရမီ နုနေသေးလို့၊ နောက် ပါရမီရင့်လာရင် ဖြစ်
လိမ့်မယ်” လို့ ။ မဖြစ်နိုင်ပါ။ အခုကပင် မလေ့ကျင့်လို့ရှိရင် ဘယ်တော့မှ ရင့်လာမှာ မဟုတ်ဘူး။
မနက်ဖန်ဆိုရင် သိပ်နောက်ကျသွားပြီ။“ Tomorrow will be too late ” ဆိုတာ ပြောကြတယ်
မို့လား။ ဗုဒ္ဓတရားတော်အရ “ ကွေးသောလက်ကို မဆန့်ခင် ” နဲ့ တူတူပါပဲ။ အဲဒီလိုပဲ ပါရမီရင့်
လာအောင် စောင့်နေတဲ့ နောက်ဘ၀ဆိုရင် သိပ်နောက်ကျသွားပါပြီ။ ပြန်ပြင်လို့မရတဲ့အမှားပါ။
အဲဒီတော့ သူငယ်ချင်းလုပ်တဲ့ အိုးထိန်းသည်က တော်တယ်။ “ ဒါဖြင့်.. သူငယ်ချင်း၊
ကျောင်းမသွားဘူးဆိုရင် တို့ မြစ်ကိုသွားပြီး ရေချိုးရအောင်” ဆိုတော့ အလွယ်တကူ လိုက်သွား
တယ်။ အဲဒီကျတော့ လွယ်လွယ်ကူကူ ရေသွားချိုးကြတယ်။ ရေချိုးပြီးတဲ့အခါ မြစ်ဆိပ်ကနေ
တက်လာကြတယ်။ အိုးထိန်းသည်က ပြောပြန်တယ်။ “သူငယ်ချင်း ဇောတိပါလ၊ ဘုရားကျောင်း
က ဒီနား နီးနီးလေး၊ ဒို့ သွားရအောင် လိုက်ခဲ့ပါ ” ။ အာ.. ဘာလို့ လိုက်ရမှာလဲ၊ မလိုက်ဘူး”။
ဆိုတော့ အိုးထိန်းသည်က နောက်ထပ် ထပ်ပြောတယ်၊ “မဟုတ်ဘူးသူငယ်ချင်း၊ ဘုရားကျောင်း
သွားရအောင်ပါ၊ လိုက်ခဲ့ပါ ” ဆိုတော့ မလိုက်ဘူး။ ဒီတော့ အိုးထိန်းသည်က မင်းမလိုက်လို့ မရ
ဘူး ဆိုပြီး ပုဆိုးစကို ဆွဲကိုင်တယ်။ အဲဒါလည်း ဇောတိပါလက လက်ကိုတွန်းပြီးတော့ ဆွဲရုန်း
တယ်။ မလိုက်ဘူးတဲ့။ နောက်တစ်ခါ ထပ်ခေါ်တယ်။ ထပ်ခေါ်တဲ့အခါ အိုးထိန်းသည်က ခွန်အား
ဗလ အင်မတန်ကောင်းတော့ ဇောတိပါလရဲ့ ဆံထုံးကိုဆွဲပြီး “ သူငယ်ချင်း မင်း လိုက်ကိုလိုက်
ရမယ်” ။ မလိုက်လို့ မရဘူး။
အဲဒီလို ဆွဲခေါ်တဲ့အခါ ဘုရားအလောင်းဆိုတော့ စိတ်ဓာတ် အင်မတန် ကောင်းပါတယ်။
စိတ်ယုတ်မာ မရှိဘူး။ အထင်အမြင်လေးတော့ မှားချင် မှားနေလိမ့်မယ်။ ဆံပင်ဆွဲခေါ်တဲ့အခါကျ
တော့ တခြားလူဆိုရင် ရန်ဖြစ်ကြမှာ။ ဘုရားလောင်းက စဉ်းစားတယ်။ “ သြော် ငါ့ဆံပင်ကို ဆွဲ
ခေါ်တယ်ဆိုတော့ တကယ့်ကို အကျိုးရှိလို့ ဖြစ်လိမ့်မယ်”“ ငါ့ဆံပင်ကို မဆွဲနဲ့တော့ ငါလိုက်မယ်”
ဘုရားဆီလည်းရောက်ရော ကဿပမြတ်စွာဘုရားက တရားဟောတယ်။ တရားနာရ
တော့ ဉာဏ်အင်မတန်ထက်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ တစ်ခါတည်း သဘောပေါက်သွားတယ်။ ဒီတော့
ဘုရားလောင်းက “ သူငယ်ချင်း၊ ငါကတော့ အိမ်မပြန်တော့ဘူး၊ သင်္ကန်းဝတ်တော့မယ်” ချက်
ချင်းပဲ ဆုံးဖြတ်ပြီး ဘုရားဆီမှာရဟန်းအဖြစ် ခွင့်တောင်းလိုက်တယ်။ အဲဒီဘ၀မှာ ဘုရားလောင်း
ဟာ ရဟန်းဖြစ်သွားပါတယ်။ ဘုရားအလောင်းများဟာ ကုသိုလ်ကောင်းမှု လုပ်ပြီဆိုရင် ဘယ်
တော့မှ တွန့်ဆုတ်မှု မရှိဘူး။
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment