
‘ပြန်ချီ’ဆိုတဲ့စကားကို
သုံးလက်စနဲ့မို့သာ ပြန်ချီလို့ ပြောလိုက်ရပေမယ့် “နေက္ခမ ၀ိတက်၊
အဗျာပါဒ၀ိတက်၊ အ၀ိဟိံသ၀ိတက်၊ သမ္မာဒိဋ္ဌိ”ဆိုတဲ့ ဒီတရား လေးမျိုးတို့ဟာ
သုဂတိဘုံဘ၀သို့ ပြန်လာဖို့ ထိုက်တန်ရုံမျှမက အာသဝေါကုန်ခန်းတဲ့
ရဟန္တာဖြစ်ဖို့အထိ ထိုက်တန်တဲ့ တရားများလို့ ဘုရားရှင်က ဟောညွန်ခဲ့တာပါ။
အဲဒီတရားလေးမျိုးထဲက
‘နေက္ခမ၀ိတက်’လို့ခေါ်တဲ့ ‘စွန့်လွှတ်အနစ်နာခံတဲ့စိတ်ထား’ ဦးဆောင်ပြီး
ကံသုံးပါး လှုပ်ရှား ကပြခြင်းဆိုတဲ့ ပထမပြန်ချီပြီး တော့ အခု ဒုတိယပြန်ချီ
ဖြစ်တဲ့ ‘အဗျာပါဒ၀ိတက်’ ကို ဆက်ပြောမှာပါ။
‘အဗျာပါဒ၀ိတက်’ဆိုတာ
‘ဗျာပါဒ၀ိတက်’နဲ့ ဆန့်ကျင်ဘက် အတွေးအကြံ ဖြစ်ပါ တယ်။ ပုထုဇဉ်များအနေနဲ့
အနမတဂ္ဂ သံသရာကစပြီး ခုချိန်ထိ ဗျာပါဒ၀ိတက်တွေဦးဆောင် ကပြခဲ့ကြတာ
သမ္ဘာရင့်လှပြီ ဖြစ်လို့ ဗျာပါဒ၀ိတက်ကို အရင်ပြောမှ ပိုပြီး သဘော
ပေါက်လိမ့်မယ်။ ကိုယ်ကျွမ်းကျင်တဲ့ ကိစ္စပေကိုး။
`
‘ဗျာပါဒ’ ဆိုတာ ပျက်စီးစေလိုတာ၊ ဖျက်ဆီးလိုတာပါပဲ။ သူတစ်ပါး ပျက်စီးရာ
ပျက်စီး ကြောင်း စိတ်ကလည်း တွေးကြံတယ်။ နှုတ်ကလည်း ပြောဆိုတယ်။ ကာယကံမြောက်
လည်း ပြုမူကြပါတယ်။ ကိုယ်နဲ့ မတည့်သူ၊ ဆန့်ကျင်ဘက်ဖြစ်သူကို
ကိုယ်တိုင်ကလည်း အစွမ်းကုန် ပျက်စီးရာ ပျက်စီးကြောင်း ကံသုံးပါးလုံးနဲ့
ကြိုးစားခဲ့ကြသလို၊ သူတို့ ကံအ လျှောက်ဖြစ်စေ၊ သူတစ်ပါး
ပယောဂကြောင့်ဖြစ်စေ၊ပျက်စီးဆုံးရှုံး နစ်နာကြတာ ကိုပင် အရသာခံပြီး
ဝမ်းမြောက် တတ်ကြသူတွေ အကုသိုလ်ဝေစုကို မဆီမဆိုင် ဆတ်ဆော့ပြီး ၀င်ယူကြ
သူတွေလည်း အများကြီးပါပဲ။
တော်တော်လေးတော့
ကြာပါပြီ။ နိုင်ငံခြား အားကစား သတင်းတစ်ခုထဲမှာ ဖတ်လိုက်ရတာ၊
ဘရာဇီးနိုင်ငံမှာ နာမည်ကြီး ဘောလုံးအတင်းကြီး တစ်သင်းကို အားပေး ကြတဲ့
ပရိသတ်တွေ မြို့တော်ရဲ့ ညအချိန်မှာ ကားဟွန်းတွေ ဆူညံအောင်တီးပြီး ဆိုကြ၊
ကကြ၊ အော်ကြ ဟစ်ကြ ပျော်နေကြတာ တစ်မြို့လုံးကို ပွက်လောရိုက် နေတာပဲတဲ့။
ဒီလူတွေ ဒီလောက် အော်ဟစ်မြူးတူးနေကြတာ သူတို့ အားပေးတဲ့ အသင်း
အောင်ပွဲတစ်ခုခု ရလို့များလားဆိုတော့ အဲဒီလို မဟုတ်ဘူး။ ဖြစ်ပုံကို
တွေးကြည့်ရင် ရယ်အားထက် ရွံအား သန် စရာပါပဲ။
ဖြစ်ပုံကတော့
ဘရာဇီးနိုင်ငံမှာ အဲဒီလူတွေ အားပေးတဲ့ အသင်းနဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့
တခြားနာမည်ကြိးအသင်းတစ်သင်းက ပြည်တွင်းပြိုင်ပွဲမှာ သူတို့အသင်းထက်လွန်
ပြီး ချန်ပီယံဖြစ်သွားတယ်။ အဲဒီချိန်ပီယံ အသင်းက တခြားနိုင်ငံက
ချန်ပီယံတွေနဲ့ ဗိုလ်တကာ့ဗိုလ် ပြိုင်ပွဲဝင်ရာမှာ နောက်ဆုံး ဖလားလုပွဲ
ရောက်တော့ တခြားနိုင်ငံအသင်း အနိုင်ရ ဗိုလ်စွဲသွားလို့ ပျော်ကြတာတဲ့။
သေသေချာချာ
စဉ်းစားကြည့်နော်။ ကိုယ့်နိုင်ငံက အသင်းနဲ့ သူများနိုင်ငံ အသင်းက
ဗိုလ်လုကြတာ။ သူများနိုင်ငံအသင်းက အနိုင်ရဗိုလ်စွဲပြီး ကိုယ့်နိုင်ငံအသင်းက
အရှုံးကြီး ရှုံးလာလို့ သူတို့ပျော်ကြတာ၊ လွှတ်ခနဲ ကြည့်လိုက်ရင် သတင်းရေးတာ
မှားများ မှားနေ သလားလို့တောင် ထင်စရာပေါ့။ ဒါပေမယ့် အဲဒီအတိုင်း အမှန်ပဲ။
ကိုယ့်နိုင်ငံကအသင်း ရှုံးလာလို့ကို ပျော်ကြတာတဲ့။ ဘာဖြစ်လို့
ပျော်ကြတုန်းဆိုတော့ ကိုယ့်နိုင်ငံအသင်းက ပြည်တွင်းမှာ ကိုယ့်ရဲ့
အဓိကပြိုင်ဘက် ရန်သူဖြစ်လို့ဆိုကိုး။ သူတို့စိတ်ထဲမှာ ကိုယ့်ပြည် တွင်းက
အဓိကပြိုင်ဘက်အသင်း အနိုင်ရအောင်ပွဲခံမှာ မကြားလို မမြင်လိုဘူးလေ။
ဣဿာမစ္ဆရိယပေါ့။ အခု သူတို့တောင့်တတဲ့အတိုင်း သူတို့ပြိုင်ဘက်အသင်း
ရှုံးလာလို့ အပျော်ကြီး ပျော်ကြတာ။ တစ်မြို့လုံး ဆူညံ
ပွက်လောရိုက်နေတာပဲတဲ့။ ဘယ်လောက်ထိ ရိုက်ပေါက်တိုးတဲ့ အလုပ်လဲလို့။ ဗျာပါဒ
ဝိတက်ဆိုတာ အဲသလောက် အဆင့်နိမ့်တာ။
ဒီဗျာပါဒ၀ိတက်
စိတ်ထားတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အမြဲလိုလို တွေ့နေကြမှာပါ။
ကိုယ်တောင် ဘယ်လောက်အထိ ဖြစ်ခဲ့ပြီလဲဆိုတာ မရေတွက်နိုင် လောက်တော့ဘူး။
လူတစ်ယောက် ဒုက္ခတစ်ခုခုနဲ့ ကြုံရပြီဆိုရင်လေ “မှတ်ကရောကွ၊ ဒီကောင် ဒီလောက်
ထောင်ထောင်နဲ့ လုပ်ချင်လှတာ ထိတာတောင် နည်းသေးတယ်” ဆိုတဲ့ စိတ်ထားမျိုးတွေ၊
“ကြည့်နေပါ၊ ဒီလောက်တောင် မြေကြီးနဲ့ ခြေထောက်နဲ့ လွတ် နေရင် မကြာခင်
မှောက်လျက်လဲပြီး မြေကြီးထဲ ရောက်သွားမယ့် ကောင်ပါ”ဆိုပြီး စိတ်ထဲက
ကျိန်ဆဲနေတာတွေ၊ ဖြစ်သွားပြီ ဆိုတော့လည်း “၀မ်းသာ လိုက်လေကွာ၊ ဒီကောင်မျိုး
ဒီလိုထိပေးမှ” ဆိုပြီး ၀မ်းသာကြတာတွေ၊ စဉ်းစားကြည့်ရင် ဘယ်လောက်
ဆိုးဝါးတဲ့ စိတ်ဓာတ်လဲ။ အဲဒါကို “ဗျာပါဒ၀ိတက်= သူတစ်ပါးအပေါ်
ပျက်စီးစေလိုတဲ့ စိတ်ထား” လို့ခေါ်တာ။
ဒီလို
ဗျာပါဒ၀ိတက် အကြံအစည်တွေ ဦးဆောင်ပြီး ကံသုံးပါးမြောက်အောင် ကပြခဲ့ ကြတာဟာ
အနမတဂ္ဂ သံသရာကတည်းက ဆိုတော့ ဘယ်လောက် ကြာခဲ့ပြီဆိုတာ ဘယ်သူမှ
မပြောနိုင်ကြပါဘူး။ ဒါပေမယ့် ဘယ်လို ဇာတ်သိမ်းကြတယ် ဆိုတာကတော့ ဘုရားရှင်
ကိုယ်တိုင်က ဟောပြထားခဲ့လို့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးနားဝ ရှိနေ
ကြပါပြီ။ “ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခ န္တဿ သမုဒယော ဟောတိ” ဆိုတဲ့ ပဋိစ္စ
သမုမ္ပါဒ်နိဂုံးမှာ ဟောတော်မူထားတဲ့ အတိုင်းပါပဲ။ ၀မ်းနည်း၊ ငိုကြွေး၊
ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ၊ ပူပန်မှုတွေနဲ့ လုံးချာလိုက်ပြီး၊ ချမ်းသာစစ်
ချမ်းသာမှန်ဆိုတာ အနားတောင် သီခွင့်မရခဲ့တဲ့ ဆင်းရဲအစုကြီးနဲ့သာ တစ်ဘဝ
ဇာတ်သိမ်းခဲ့ရပြီး ဒီဇာတ်လမ်းကြီးကိုပဲ ထပ်တလဲလဲ ကပြနေကြရတာပါ။
“အဲဒါကို
အလေးအနက် သဘောပေါက်ကြတဲ့ ဘုရားရှင် တပည့်သားများ အနေနဲ့ မကောင်းတဲ့
ဇာတ်သိမ်းကနေ ကောင်းတဲ့ ဇာတ်သိမ်းခြင်းနဲ့ သိမ်းလိုကြတယ်ဆိုရင် အဲဒီ
ဗျာပါဒ၀ိတက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ‘အဗျာပါဒ ၀ိတက်’ ဆိုတဲ့
ခွင့်လွှတ်သည်းခံတဲ့ စိတ်ကောင်းကလေး မွေးလိုက်ပါ’ တဲ့။
“သူတစ်ပါးအပေါ်
ပျက်စီးစေလိုတဲ့ စိတ်ထား၊ ဖျက်ဆီးလိုတဲ့စိတ်ထား၊ ရန်ငြိုးအာဃာ တ
အငြိုးအတေးဆိုတဲ့ စိတ်တွေ မထားတော့ဘဲ သံသရာခရီးသွား ဒုက္ခနယ်သားအချင်း
ချင်းအပေါ် ဆင်းရဲဒုက္ခ ကင်းဝေစေလိုတဲ့ စိတ်ထား၊ အခက်အခဲ အနှောင့်အယှက်တွေ
ကင်းဝေစေလိုတဲ့ စိတ်ထား၊ ဘေး၊ ရောဂါ၊ ရန်၊ အန္တရာယ်တွေ ကင်းစေလိုတဲ့ စိတ်ထား
ကို မွေးလိုက်ပါ” တဲ့။
“ကိုယ့်အတွက်
ဘာအကျိုးမှ မရဘဲ သူတစ်ပါးကြုံရတဲ့ ဒုက္ခကို ကြည့်ပြီး အကုသိုလ်
ယူနေမယ့်အစား ကိုယ့်အိတ်ထဲက တစ်ပြားမှ မစိုက်ရဘဲနဲ့ ‘သူတစ်ပါး ကြုံရတဲ့
ဒုက္ခတွေ လွတ်မြောက်ပါစေ’ ဆိုတဲ့ မေတ္တာစိတ်ကလေးနဲ့ ကုသိုလ်ယူ
လိုက်စမ်းပါ”လို့ တိုက်တွန်း လိုက်တာပါပဲ။
ဒီလို
စိတ်ဓာတ်ကလေး မိမိရဲ့ နှလုံးအိမ်ထဲမှာ ထာဝရ ကိန်းနေမယ်ဆိုရင် ‘မနောကံ’
ဆိုတဲ့ ဒါရိုက်တာကောင်း ဦးဆောင်ညွှန်ကြားမှု ရှိလာပြီဖြစ်လို့ ၀စီကံ
သရုပ်ဆောင်တွေ၊ ကာယကံ သရုပ်ဆောင်တွေလည်း အကုန်လုံး ကောင်းလာကြမှာပါ။
အားလုံး ကောင်းဖို့ အတွက် အားလုံး ကောင်းသွားကြမှာပါ။ အားလုံး ကောင်းဖို့
အတွက် အားလုံး ကောင်းဖို့ လိုပါတယ်။ “ကံသုံးမျိုး ကောင်းရင် ကောင်းကျိုး
အားလုံးနဲ့ ပြည့်စုံမယ်” လို့ ဆိုလိုတာပါ။
မိမိတို့
ဇာတိရွာနဲ့ မနီးမဝေး ရွာကြီးတစ်ရွာမှာ ရှေးခေတ် သူကြီးဟောင်း အစဉ် အဆက်
အမျိုးတွေနဲ့ အခုနောက်ပိုင်းမှာ တိုးတက် ကြီးပွား လာကြတဲ့ အမျိုးတို့ အစဉ်
အလာအရ ရန်ငြိုး အာဃာတ ကြီးမားကြတာ အချင်းချင်း သားပေး သမီးယူ
ကိစ္စမျိုးတောင် အဖြစ်မခံဘူး။ လူငယ်ချင်း ရည်ငံကြတယ် ဆိုဦးတော့ လူကြီးများက
“မနေနိုင်လို့ သေခါနီးမှ သေရော့ မပေးစားဘူး” ဆိုတဲ့ အပေါက်မျိုး
အမြဲထားတယ်။ ဒီမျိုးဆက် နှစ်ခုကြောင့် တစ်ရွာထဲမှာ တောင်ပိုင်းနဲ့
မြောက်ပိုင်းဆိုပြီး ကွဲကြသလို ကိုးကွယ် ဆည်းကပ်ရာ ဘုန်း
တော်ကြီးကျောင်းတွေလည်း တောင်ကျောင်း၊ မြောက်ကျောင်း ဆိုပြီး
နှစ်ကျောင်းကွဲပြား လာပါတယ်။
“ရွာအမှု
ဘုန်းကြီးပတ်” လို့ပဲ ပြောရမလား မသိဘူး၊ ဘုန်းတော်ကြီးကျောင်း အချင်း
ချင်းကလည်း ဘာသာရေး၊ သာသနာရေး ၊ ပညာရေးကလွဲလို့ ကျန်တဲ့ကိစ္စတွေ အားလုံး
လိုလိုမှာ အချင်းချင်း အပြိုင်အဆိုင်ပဲ။ အဆိုးဆုံးကတော့
သီတင်းကျွတ်(၀ါကျွတ် မီးထွန်း ပွဲပါပဲ။ တစ်ဖက်နဲ့ တစ်ဖက် ဗျောက်အိုးတွေ
အပြိုင်အဆိုင် ဖောက်ကြ၊ လူငယ်တွေ လုပ်ကြတဲ့ အရပ်ပြဇာတ်တွေမှာ တစ်ဖက်နဲ့
တစ်ဖက် စောင်းကြ၊ မြောင်းကြ၊ ရန်စကြပေါ့။
တစ်နှစ်မှာ
ဘယ်လောက်အထိ ဆိုးသလဲဆို ဥပုသ်ရက်မှာ ကျောင်းဝိုင်းထဲ ဆွမ်းတော်ကြီး
လောင်းလှူဖို့ သွားကြတဲ့ မိန်းကလေး အတန်းထဲ တစ်ဖက် ကာလသား တွေက ဗျောက်အိုး
အတွဲလိုက် ပစ်ထည့်လိုက်တော့ မိန်းကလေးတွေ လန့်ဖျပ်ပြီး တိုးဝှေ့ ပြေးလာရင်း
ဆွမ်းအုပ်တွေ မှောက်လိုမှောက်၊ လုံချည်တွေ ဖိုးရိုးဖားရား ကိုးရိုးကားရား
အဖြစ်နဲ့ နောက်ဆုံး ဟိုဘက်ပိုင်း၊ ဒီဘက်ပိုင်း တုတ်တပြက် ဓားတပြက်ဖြစ်ပြီး
ရုံးပြင် ကနား ရောက်ပါရော။ အပြန်အလှန် စွဲကြတိုင်ကြဆိုတော့ ယေင်္ကျားတွေ
အားလုံး လောက်နီးပါးက တရားခံ၊ မိန်းမတွေ အားလုံးနီးပါးက သက်သေပေါ့။
ဒီမြို့နယ်မှာ
ဒီရွာက မှုခင်း အများဆုံးလို့ ဖြစ်နေတာရယ်၊ ဒီရွာရဲ့ ရန်ငြိုး အာဃာတ
တွေရယ်လို့ သိထားတဲ့အတွက် ရုံးကလည်း ပညာသား ပြလိုက်တယ်။ မိုးဦးကျလို့ ကြဲ
ကောင်း လှဲကောင်းချိန်ရောက်ရင် ရုံးချိန်းဆင့်ရင်းနဲ့ တစ်နှစ်လုံး တောင်သူ
လုပ်ငန်း ဘာမှ မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ တစ်ဖက်နဲ့ တစ်ဖက် ရန်ငြိုးတွေက
လျော့မသွားပါဘူး။
လူကြီးတွေက
မာန်မာနတွေ၊ ဒေါသတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် မခေါ်နိုင် မပြောနိုင် တင်းမာ
နေကြပေမယ့် လူငယ်တွေကတော့ ရွာနဲ့ သုံးမိုင်ကျော် လောက်ဝေးတဲ့ အလယ်
တန်းကျောင်းမှာ အတူ ကျောင်းတက် နေရတာဖြစ်လို့ အချင်းချင်း ကျောင်းနေဖက် သူ
ငယ်ချင်းများ အဖြစ် ခင်မင်ရင်းနှီးကြပါတယ်။
တစ်နှစ်
မိုးဦးကျမှာ တောင်ပိုင်း သူကြီးရဲ့သား တောထဲမှာ ယာထွန်းရင်း ပိုးထိ( မြွေ
ပွေးကိုက်)ပါလေရော၊ အနီးအပါး ယာကွက်မှလည်း မြောက်ပိုင်း သူကြီးတို့
သားအဖနှစ် ယောက်က ထွန်စက်နဲ့ ယာထွန်နေကြတယ်။ ပိုးထိတဲ့ ကလေးကအော်ပြီး
အကူအညီ တောင်းတော့ သူငယ်ချင်းဖြစ်တဲ့ မြောက်ပိုင်း သူကြီးသားက မနေနိုင်ဘူး၊
ထွန်စက်ကို ဒီ အတိုင်း ရပ်ထားခဲ့ပြီး ပြေးသွားပါတယ်။ အနားရောက်လို့
အကျိုးအကြောင်းစုံ သိတဲ့အခါ အဖေကို လှမ်းအော်ခေါ်ရင် သူ ဗဟုသုတရှိထား သလောက်
ရှေးဦးသူနာပြုနည်းနဲ့ ဒဏ် ရာအထက်နားမှာ သူဝတ်ထားတဲ့ စွပ်ကျယ်အင်္ကျီကို
ချွတ်ပြီး စည်းပေးလိုက်တယ်။ အဖေ ရောက်လာတော့ နှစ်ယောက်သား ပွေ့သယ်ပြီး
သုံးမိုင်ကျော်လောက်ဝေးတဲ့ တိုက်နယ် ဆေးရုံရှိရာကို ထွန်စက်နဲ့ သယ်ပြီး
ပို့လိုက်ကြပါတယ်။
ဆေးရုံ
အချိန်မီ ရောက်သွားတဲ့အတွက် ကလေးဘာမှ ကတိမ်းကပါး မဖြစ်ဘဲ သက်သာခွင့်
ရသွားပါတယ်။ အခြေအနေ စိတ်ချရပြီဆိုတာ သိတော့မှ ကလေးကို ဆေးရုံမှာပဲ
ထားခဲ့ကာ မြောက်ပိုင်းလူကြီးတို့ သားအဖက ရွာပြန်ပြီး တောင်ပိုင်းက
ကလေးမိဘတွေကို သတင်းပေးကြတော့ ဆေးရုံလိုက်သွားကြတယ်။ ဟိုရောက်လို့
အကြောင်းစုံလည်းသိရ၊ ကလေးကလည်း စိတ်ချရပြီဆိုတော့ ရွာကို ပြန်လာပြီး
တောင်ပိုင်လူကြီးက မြောက်ပိုင်း လူကြီးအိမ်ကို နောက်ပါ ကိုယ်ရံတော် မပါဘဲ
တစ်ယောက်တည်း သွားတယ်။
ဟိုရောက်တော့
“ ကဲ….ရှည်ရှည် ဝေးဝေးတွေ ပြောမနေတော့ဘူး သူငယ်ချင်းတို့၊ တို့ လူကြီးတွေ
ရန်ငြိုး အာဃာတကြီးခဲ့ကြလို့ ရွာလည်း နာမည်ပျက်၊ လူတွေလည်း စီးပွားပျက်နဲ့
ကြုံ့ခဲ့ရတာ နှစ်ပရိစ္ဆေဒတွေ များလှပြီ၊ ခုလည်း သူတို့ ကလေးချင်းက
ကျောင်းနေဖက် သူငယ်ချင်းသံယောဇဉ်နဲ့ အချိန်မီ ကယ်ခဲ့ပေလို့သာ မဟုတ်ရင်
ငါ့သား ရေစုံ နစ်ရမှာ၊ ကလေးတွေချင်း ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြသလို
မင်းတို့ငါတို့လည်း ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေပဲ။ ကလေးတွေက
အသိအလိမ္မာ ရှိကြလျက်နဲ့ တို့တစ်တွေက မမိုက်သင့်ကြတော့ဘူး။ ငါလည်း မင်းအပေါ်
ဘာရန်ရန်ငြိုးမှ မထားတော့ဘူး၊ အားလုံး ခွင့်လွှတ်တယ်။ မင်းလည်း ငါ့အပေါ်
ခွင့်လွှတ်ပါ”ဆိုပြီး တောင်းပန်လိုက်တော့ ဘာပြောကောင်းမလဲ သူတို့လည်း မောဟ
မာန်မာနတွေ ဖုံးထားကြလို့သာ တင်းနေကြတာ။ တစ်ရွာတည်းနေ၊ တစ်ရေထဲ သောက်၊
တစ်ကျောင်းတည်း ထွက်တွေပဲဟာ ဘယ်အောင့်ထားနိုင်ကြမလဲ။ တစ်ခါတည်း
ကြီးတောင့်ကြီးမားရှိမှ တစ်ယောက်နဲ့ တစ်ယောက်ဖက်ငိုရင် အလွမ်းတောင် သယ်နေ
လိုက်ကြပါသေးသတဲ့။
ခုတော့ အဲဒီရွာကြီးက တိုက်တွေ၊ ကားတွေ၊ တီဗွီစလောင်းတွေနဲ့ ညီညွတ်စည်ကား နေကြပါပြီ၊ ဒါဟာ လောကရေး သက်သက်ပဲ ရှိပါသေးတယ်။
မြတ်စွာဘုရားရှင်ကတော့
ဗျာပါဒ၀ိတက်တွေကို အဗျာပါဒ၀ိတက်နဲ့ အစားထိုးနိုင်ခဲ့ ရင် လောကရေးမှာသာ
မကပါဘူး ဒီထက်အရေးကြီးတဲ့ ဓမ္မရေးရာမှာလည်း..
အပဏ္ဏက
ပဋိပဒံ ပဋိပန္နောဟောတိ- မချွတ်မယွင်းတဲ့ အကျင့်ကို ကျင့်သူဖြစ်တယ်။ ယောနိစဿ
အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ- အာသဝေါကုန်ခန်း(ရဟန္တာ)ဖြစ်ရန် အကြောင်း တရားနဲ့
ပြည့်စုံသူလည်းဖြစ်တယ်”လို့ ဟောတော်မူပါတယ်။
အတွေးမှန်၊ အပြောမှန်၊ အပြုမှန်များနဲ့ ဘ၀ပြန်ချီကို စည်းချက်ညီညီ ကနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
No comments:
Post a Comment