Tuesday, November 28, 2017
သာသနာတော်ကို မည်သို့ချစ်ကြလေသနည်း။
       သာသနာတော်၏ အသက်သည် ၀ိနည်းဟု သိကြ၏။ သို့သော် ၀ိနည်းကို လျစ်လျူရှုနေကြသည်မှာ
အံ့သြစရာ ဖြစ်နေ၏။ "သာသနာကို တပည့်တော်တို့လည်း ချစ်ပါတယ်ဘုရား" ဟု အချို့ကဆို၏။ မည်သို့
ချစ်ကြလေသည်မသိ၊ သာသနာတော်ကို အမှန်တကယ် ချစ်သည်ဆိုပါက သာသနာတော်၏ အသက်သည်
ဝိနည်းကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံး ငယ်ငယ်ကြီးကြီး အလေးထားသင့်သည်။ သာသနာတော်သည်
ဝိနည်းတစ်ခုတည်းဖြင့် မပြည့်စုံဟု ပြောကြသည်မှာ မှန်ပါ၏။ သို့သော် ၀ိနည်းရှိနေလျှင် သာသနာတည်ပုံ
ပရိယတ်၊ ပဋိပတ် လုပ်ကြပုံတို့ကို ပါရာဇိကဏ်အဋ္ဌကထာမှာ အတိအလင်းပြဆိုထားပြီး ဖြစ်ပါ၏။
         သုတ္တန်နှင့် အဘိဓမ္မာရှိနေသော်လည်း ၀ိနည်းသာ မရှိခဲ့လျှင် ထိုသုတ္တန်နှင့် အဘိဓမ္မာသည် သာသနာ
တည်အောင် မည်သို့မျှ မတတ်နိုင်၊ စာသင်ရာ၌ပင် ၀ိနည်းလေးစားသူ၏ စာသင်ခြင်းနှင့် ၀ိနည်းမလေးစား
သူ၏ စာသင်ခြင်းသည် မတူညီ၊ ၀ိနည်းလေးစားသူသည် "ငါတို့ စာပေသင်ယူနေခြင်းသည် ကျင့်ရန်အတွက်
ဖြစ်၏၊ ဤစာပေတို့သည် တို့အတွက် ကျင့်စရာများပါတကား" နှလုံးသွင်းလျက် သင်ယူကြ၏။
အာရုံရောက်နေကြ၍ စာကို နားလည်အောင်မသင်ယူ၊ စာမေးပွဲအောင်ရုံအတွက်သာ သင်ယူ၏။ ထိုသို့ဆိုလျှင်
ထိုသူ၏ ပရိယတ္တိသည် သာသနာအတွက် အားမကိုးထိုက်။
ယုံကြည်သောသဒ္ဓါတရား ရှိရန်သာ လိုအပ်၏။ မခိုင်လုံသော အကြောင်းပြချက်တို့ဖြင့် ၀ိနည်းကို လျော့ဈေး
ပေးနေကြသည်မှာ ကြားမကောင်း မြင်မကောင်းချေ။ ဆရာတော် အသီးသီးက ကိုယ့်ပတ်ဝန်းကျင်က ဒကာ
ဒကာမများကို ၀ိနည်းအကြောင်း ဟောကြားသင်ပေးကြလျှင် ဒကာဒကာမများ အပ်စပ်အောင်စီမံပေးနိုင်၏။
         ဖားအောက်တောရဆရာတော်၊ ရွှေတောင်ကုန်းဆရာတော စသော ဆရာတော်ကြီးများသည်
တပည့်ဒကာဒကာမများကို ၀ိနည်းများဟောကြားဆုံးမသည့်အတွက် ဒကာဒကာများ ၀ိနည်းကို နားလည်သိရှိ
ကြပြီး ဆရာတော်ကြီးများမှာ ကျောင်းတိုက်ကို ၀ိနည်းတော်နှင့်အညီ စီမံနိုင်ကြ၏။ မအပ်မစပ် လှူဒါန်းလျှင်
တားမြစ်ကြသည်၊ အပ်အပ်စပ်စပ် လှူဒါန်းတတ်အောင် သင်ပေးကြသည်။ ထို့ကြောင့် ထိုကျောင်းတိုက်များရှိ
သံဃာတော်များ ၀ိနည်းတော်နှင့်အညီ သီတင်းသုံးနေကြသည်။ ထို့ကြောင့် မြန်မာပြည်ရှိ ရဟန်းသံဃာများက
ဒကာဒကာမများကို ၀ိနည်းသင်ပေးလျှင် တစ်နိုင်ငံလုံး အပ်အပ်စပ်စပ် သာသနာပြုနိုင်ကာ သာသနာကို
အမှန်တကယ်ချစ်ရာ ရောက်ပါမည်။
{ မှော်ဘီမြို့၊ မဟာဝိဟာရကျောင်းတိုက်၊ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရ၀ါသီ)၏
   ဗုဒ္ဓသာသနာနှင့် ရဟန်းဝိနည်း(အပိုင်း-၂)မှ ကူးယူရေးသားပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment