Wednesday, February 7, 2018

သာသနာသုံးရပ်နှင့် ဗုဒ္ဓဘာသာ

ပရိယတ္တိ သာသနာ= ဘုရားရှင်၏ အဆုံးအမကို လေ့လာသင်ယူခြင်းနှင့် သင်ကြားပေးခြင်း။
ပဋိပတ္တိ သာသနာ= သင်ယူ တတ်မြောက်ထားသည်ကို ကျင့်ကြံအားထုတ်ခြင်း
ပဋိဝေဒ သာသနာ= ကျင့်ကြံအားထုတ်ခြင်းဖြင့် ထိုကျင့်ကြံ အားထုတ်သူအတွက် သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ခြင်း စသည်တို့ဖြစ်သည်။

ဒါလေးပြောပြီး၊ သာမာန်လူသိအောင် ပြောပြရရင် ပရိယတ္တိသာသနာ= နွားနိ့လို့သတ်မှတ်မယ်ဆိုင်
ပဋိပတ္တိ သာသနာ= ကတော့ ဒိန်ခဲဖြစ်ပါလိမ့်မယ်
ပဋိဝေဒ သာသနာ= ကိုတော့ ထောပတ်လို့ပြောချင်ပါတယ်၊ ခုခေတ်တချို့ပြောနေတာတွေက ပရိယတ္တအရမ်းဆန်နေပါတယ်၊
ပရိယတ္တကို ပါယ်တယ်ပြောတာမဟုတ်ဘူးနော်၊ သာသနာအသက်က ပရိယတ္တလို့ ပြောရင်တောင်ရပါတယ်၊
သို့သော် ပရိယတ္တနဲ့ဘဲ မပြီးဘူးဆိုတာကို ဥပမာလေးတခုနဲ့တင်ပြချင်ပါတယ် ဘုရားရှင်လက်ထက် တိပိဋကတ်သုံးပုံ
ဆောင်စာချ ကိုယ်တော်ကြီးဟာ ပဋိပတ္တိ အကျင့်မလုပ်ခဲ့တဲ့အတွက်၊ ရွှေရောင်ငါးကြီးဖြစ်ခဲ့ပါတယ်၊
နောက်တခုက
သာဝတ္ထိပြည်သား အဆွေခင်ပွန်း ရဟန်းနှစ်ပါးသည် ဆရာဥပဇ္ဈာယ်ထံတွင် ငါးဝါမျှနေကြပြီး တပါးသောရဟန်းက ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်၍ ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်သွား၏။ တပါးသောရဟန်းကား ပိဋကတ်သင်ကြားတတ်မြောက်ပြီး စာချဓမ္မကထိက ဂဏာစရိယ ရဟန်းပရိသတ်နှင့်တကွ စည်ကားစွာနေထိုင်၏။ စာပေကျမ်းဂန်တတ် ရဟန်းတော်သည် ဇေတ၀န်ကျောင်းတော်သို့ ဘုရားရှင်ထံ ဖူးမြော်ရန်လာရင်း ၀ိပဿနာ ရဟန်းကို စာပေကျမ်းဂန်နှင့် ဓမ္မာစရိယရဟန်းကို ပထမဈာန်အစ အရဟတ္တဖိုလ်တိုင်အောင် အဆင့်ဆင့် မေးမြန်းတော်မူသည်။ တခုမျှ မဖြေဆိုနိုင်ပေ။ ၀ိပဿနာရဟန်းကို မေးမြန်းတော်မူရာ မိမိ အဖန်တလဲလဲ ကျက်စားပြီးသော တရားများဖြစ်၍ လွယ်ကူစွာ ဖြေဆိုနိုင်၏။ ဘုရားရှင်သည် ကောင်းချီးပေးတော်မူ၍
ချစ်သားတို့၊ ဂန္ထဓုရကို ဆောင်သောရဟန်းသည် သူတပါး၏နွားကို အခစားကျောင်းသူနှင့်တူ၏။
ဝိပဿနာဓုရကို ဆောင်သောရဟန်းသည်ကား နွားနို့ထောပတ် ရသာမြတ်ကို မပြတ်သုံးဆောင်ရသော နွားရှင်နှင့် တူ၏-ဟူ၍ အောက်ပါဂါထာကို ဟောတော်မူ၏။
ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော ၊ န တက္ကရော ဟောတိ နရော ပမတ္တော ။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ ၊ န ဘာဂ၀ါ သာမညဿ ဟောတိ ။
အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော ၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော ။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ ။
( မြန်မာပြန် )
အကျိုးများလှသော ဘာသာရေးကျမ်းစာတို့ကို များစွာ ဟောပြောပြသနေပါသော်လည်း မေ့လျော့
ပေါ့ဆ သတိမရဘဲ ကမ္မဋ္ဌာန်းဘာဝနာ မပွားများသောသူသည် မဂ်ဖိုလ်အရသာထူးကို မခံစားရပေ။
ဥပမာကား-သူတပါးနွားကို အငှါးကျောင်းရသော နွားကျောင်းသားသည် နွားများကို
ရေတွက်အပ်နှင်းပြီး နွားနို့ အရသာကို မခံစားရသကဲ့သို့တည်း။
အကျိုးစီးပွားနှင့်စပ်သော စကားကို အနည်းငယ်မျှ ပြောဟောစေကာမူ တရားတော်နှင်
့အညီ ကောင်းစွာ ကျင့်ကြံနေထိုင်သောသူသည် တပ်မက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲခြင်းတို့ကို စွန့်ပယ်၍
ကိလေသာတို့မှ လွတ်သော စိတ်ရှိလျက် ဤဘ၀ကို၎င်း၊ နောက်ဘ၀ကို၎င်း၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်း မရှိ
တော့သဖြင့် မဂ်ဖိုလ်အရသာထူးကို ခံစားရလေ၏။
( ယမက၀ဂ် ဒွေသဟာယကဘိက္ခု ၀တ္ထု )
ဒါကြောင့် ပ သုံးလုံးဆောင် အောင်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(မူကြိုဆရာ)
၇.၂.၂၀၁၈ ၁၀း၀၀ နာရီ

No comments:

Post a Comment