Friday, March 16, 2018

အထင်ကြီးမှာကို ကြောက်လွန်းသော နန်းဦးဆရာတော်ဘုရားကြီး။

         ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ တောင်စွန်းဓမ္မဒူတ
ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုန်းက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ဓမ္မဒူတဆရာတော်က၊ မွန်ပြည်နယ်၊
ဘီလင်းမြို့ နယ်၊ တောင်စွန်း ဓမ္မဒူတတောရ ကျောင်းတိုက် တည်ထောင်ပြီး စာချ၊ တရား
ဟော၊ တရားပြနဲ့  ပရိသတ်တွေကို တရားအားထုတ်ဖို့ တိုက်တွန်းတယ်။
      နန်းဦးဆရာတော် ဘုရားကြီးက တောထဲတောင်ထဲ၊ လှည့်လည် သီတင်းသုံးနေတာ
သက်တော်ဝါတော် ကြီးလာတော့ ဓမ္မဒူတ ဆရာတော်က တောင်စွန်းကို ပင့်တယ်။ ဦးဇင်း
တို့  သာသနာဘောင်ရောက်တော့ နန်းဦးဆရာတော်ကြီး ရှိသေးတယ်။ သက်တော် (၈၉)
နှစ်မှာ ပျံလွန်တော်မူတာ၊ သက်တော် (၈၅) နှစ်ထိ စာချတုံး၊ စာချတာက ဘုန်းကြီးတို့ 
ဆရာတော့်ဆီမှာ စာတက်ရတယ်။ အခုလို..ဦးဇင်းတို့လို စာအုပ်ကြည့်ပြီး စာချတာမဟုတ်
ဘူး။ စာသင်သားတိုင်း လက်မလွတ်ရတဲ့ ...သဒ္ဒါကျမ်းကြီးကို ညကျမှ အလွတ်ချတာ၊ အဲလို
ဆရာသမား..၊ တောထဲမှာ တရားအားထုတ်တယ် ဆိုပေမယ့်လို့ .. စာဘယ်လောက် ကျွမ်း
ကျင်သလဲ ဆိုတာကြည့်။ အဲဒါနဲ့ ဆရာတပည့် (အဘိုးဆရာနဲ့  အဖေဆရာ) နှစ်ယောက် ဒီ
လိုဘဲ နေကြတယ်။ ဓမ္မဒူတ ဆရာတော်ကြီးက တရားဟောတယ်၊  တရားထိုင်ဖို့    တိုက်
တွန်းတယ်၊ ပရိသတ်တွေကို တရားအားထုတ်ဖို့  တိုက်တွန်းတယ်။
     နန်းဦးဆရာတော်ကြီးကို သူ့ကျောင်းနဲ့ သူ ထားပေးတယ်။  နန်းဦး ဆရာတော်ကြီးက
အမြဲတမ်း ကြမ်းတိုက်တယ်၊ သူ့ ထွေးခံ သွားဆေးလို့  မရဘူး၊ ဆရာတော်ကြီးရဲ့  သင်္ကန်း
သင်းပိုင်တွေကို ဘယ်သူမှ လျှော်လို့ မရဘူး၊ သူ့ ဟာသူ လျှော်တာ၊ “ကိုယ့်အလုပ်ကိုယ်လုပ်
ပါရစေ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ရင် ကိလေသာတွေ ၀င်လာနိုင်လို့ ပါ။”
      ဒါပေမဲ့.. ဓမ္မဒူတ ဆရာတော်က ကိုယ့်ဆရာသမားကို အားမရဘူး၊ ဆရာသမားက အ
သက် (၈၀) ကျော်နေပြီ၊ အသက် (၉၀) နီးနေပြီ၊ ငါလဲ ဆရာသမား တရားထိုင်တာ တစ်ခါ
မှမမြင်ဘူးသေးဘူး၊ အားထုတ်တာလဲ မတွေ့ ဘူးသေးဘူး၊ ဆရာတော်ကြီးက   ကိုရင်လေး
တွေကို တအားချစ်တာ၊ ဦးဇင်းတို့  ရဟန်းတွေနဲ့ လဲ တအားပျော်တာ၊ ဦးဇင်းကို စစ်ကိုင်းက
မို့  မောင်စစ်ကိုင်းလို့ပဲခေါ်တယ်။ ကိုရင်တွေ တွေ့လို့ရှိရင် တွေ့ တာနဲ့စာမေးတယ်၊ စာစ
ကားပြောတယ်။ ဟာ....ဆရာတော်ကြီးက စာနဲ့ဘဲ ပျော်နေသလား။ တရားမှ အားထုတ်ရဲ့ 
လားလို့ ...  ဓမ္မဒူတ ဆရာတော်စိတ်ထဲ ဖြစ်မိတယ်။ ဖြစ်ဘူးတယ်။
      တစ်နေ့  တောင်စွန်းဓမ္မဒူတကျောင်းမှာ သိမ်သမုတ်တာပေါ့၊ သိမ်သမုတ်တော့ အနယ်
နယ် အရပ်ရပ်က ဧည့်သည်ဆရာတော်ကြီးတွေ ကြွလာကြတယ်၊ ဒီတော့ ဓမ္မဒူတဆရာတော်
ကျောင်းမှာ သူနေစရာ မရှိဘူး၊ ဧည့်သည်ဆရာသမားတွေ တင်ထားလို့ပေါ့။ ည ဘယ်မှာသွား
ကျိန်းသလဲဆိုတော့... နန်းဦးဆရာတော်ကြီး ရှိတဲ့ကျောင်းမှာ သွားကျိန်းတယ်။ နန်းဦးဆရာ
တော်ကြီးက ကုတင်ပေါ်၊ ဓမ္မဒူတဆရာတော်က အောက်မှာ ဖျာကလေးခင်း၊  ခေါင်းအုံးက
လေးပစ်ချပြီးတော့ လဲအိပ်တယ်၊ ဆရာတော်က နှစ်နာရီ နှစ်နာရီခွဲ နိုးနေကျ၊ ဓမ္မဒူတဆရာ
တော် နိုးနေကျအချိန် ဖျက်ကနဲဆို နိုးလို့ ကြည့်လိုက်တော့ နန်းဦးဆရာတော်ကြီးက ကုတင်
ပေါ်မှာ တရားထိုင်နေတယ်။ ဟာ.... အံ့သြသွားတယ်၊ ငါကတော့   ဆရာသမားကို ပြစ်မှား
ထားမိပြီ၊ ဓမ္မဒူတဆရာတော်က ဖျာပေါ်ကနေ နည်းနည်းလေး လှုပ်လိုက်တော့ဆရာတော်
ကြီးက ဘာလုပ်လိုက်တုံးဆိုတော့  အသာလေးပြန်ပြင် အိပ်လိုက်တယ်။
      သူများအထင်ကြီးမှာကို ကြောက်လွန်းလို့  ဆရာ၊ တပည့်ချင်း အတူတူ အိပ်တာတောင်
ပြန်ပြင်လိုက်တယ်။ တရားရှိတာလား?၊ မရှိတာလား?၊ ဒီ ဒကာ၊ ဒကာမတွေမှာ ဟိုလိုကျမှ
ကြည်ညိုစရာ  ထင်ကြတယ်။ ဟန်ဆောင်နေတာ ဆိုရင် ဘယ်တော့မှ တရားမရဘူး။ ဘယ်
တော့မှ အဲဒီလိုမျိုး မကျင့်နဲ့ ။ နိဗ္ဗာန်ရောက်စေချင်လို့  ပြောတာပါ။ တရားရစေချင်လို့  ပြော
တာပါ။ ငြိမ်းအေးစေချင်လို့  ပြောတာပါ။ ဒီ  ဒကာ၊ ဒကာမတွေလဲ ဟန်ဆောင်မှု ကင်းဝေးပြီး
နိဗ္ဗာန်တိုင်ထိအောင် ကောင်းကျိုးချမ်းသာတွေ ခံစား၊ စံစားပြီး ရနိုင်ရောက်နိုင် မျက်မှောက်ပြု
နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။
်{၁၃၆၉-ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက် မှော်ဘီ တရားစခန်း၌ ဓမ္မဒူတ ဒေါက်တာ
 အရှင်ဆေကိန္ဒ ဟောကြားတော်မူသော “ ငြိမ်းအေးလိုသူ တရားတော် ”  မှ ကောက်နုတ်
 ရေးသားပူဇော်ပါသည်။}
 (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

       ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment