Friday, May 18, 2018

စ င်္ကြံ အ ကျိုး ( ၅ ) မျိုး

စင်္ကြံဆိုသည်မှာ - စင်္ကမ = အညောင်း အညာ ပြေအောင် သွားလာခြင်း ၊ လူးလာတုံ့ခေါက် လမ်းလျှောက်ခြင်း လို့ အဓိပ္ပာယ်ရပါတယ် ။
ဣရိယာပုထ် ( ဣရိယာ-ပထ) ဆိုတဲ့ ကိုယ်အမူအရာ ဖြစ်ကြောင်း လေးပါး ရှိပါတယ် ။ ယင်းတို့မှာ -
၁။ ဂမန = သွားခြင်း ။ ၂။ ဌာန = ရပ်ခြင်း ။ ၃။ အာသန = ထိုင်ခြင်း ။ ၄။ သယန = လျောင်းခြင်း ဟူ၍ဖြစ်တယ် ။
တရားအားထုတ် ဆင်ခြင်ရှုမှတ် ပွားများတဲ့အခါ ယင်း ဣရိယာပုထ် လေးမျိုးလုံးနှင့် ပြောင်းလဲ အားထုတ်ရပါတယ် ။ တရားနှင့် ဝေးကွာသည့်
တစ်ချို့သောသူတွေက ထိုင်ပြီးရှုမှတ်မှ တရားအားထုတ်တယ်လို့ ထင်မှတ်သိထားကြပါတယ် ။ ထိုင်ခြင်းတစ်မျိုးတည်းနဲ့ပဲ အားထုတ်မယ်ဆိုရင် 

ရပ် ၊ သွား ၊ လျောင်း နေတဲ့အချိန်တွေမှာ ရှုမှတ်မှု ကင်းလွတ်နေလို့ သမာဓိ မဆက်တော့ဘဲ တရားတွေ့ဖို့ ခက်ခဲတတ်ပါတယ် ။
အဲဒီ ဣရိယာပုထ် လေးမျိုးမှ သွားခြင်းဆိုတဲ့ ကိုယ်အမူအရာနဲ့ တရားရှုမှတ် ပွားများရင် စင်္ကြံလျှောက်တယ်လို့ခေါ်ရတယ် ။
စင်္ကြံလျှောက်ခြင်းကြောင့် အကျိုး ငါးမျိုး ရရှိကြောင်း ဗုဒ္ဓဟောကြားထားတဲ့ စင်္ကမ သုတ္တန် တရားတော်မှာ ပါရှိပါတယ် ။
၁ ။ ပထမ အကျိုးကတော့ - ခရီးရှည် သွားနိုင်ခြင်း ဖြစ်တယ် ။
ခရီးသွားတဲ့အခါ ခိုင်ခိုင်မာမာ မမောမပန်းဘဲနဲ့ သွားနိုင်တဲ့ အကျိုးကို ဆိုလိုတယ် ။ ယာဉ် ရထား များနဲ့ သွားလာရ မဖြစ်လို့ ကိုယ့်ခြေထောက်ကို
အားကိုးကြရတဲ့အခါ တရားအားထုတ်စဉ်က စင်္ကြံအလေ့အကျင့် ရထားသူမှာ တစ်နေရာမှ တစ်နေရာသွားရင် သူတို့မှာ ဘာတာဝန်မှ မလေးတော့ဘူး၊
ပေါ့ပေါ့ပါးပါး သက်သက်သာသာနဲ့ ခရီးကို ပြီးဆုံးနိုင်တယ် ။
၂ ။ ဒုတိယ အကျိုးကတော့ - လုံ့လ ဝီရိယတွေ ခိုင်ခိုင်ခံ့ခံ့ ပြည့်ဝလာခြင်းဖြစ်တယ် ။
ထိုင်နေ ၊ ရပ်နေ ၊ လျောင်းနေတဲ့အခါ သိတ်အားစိုက်ထုတ်စရာ မလိုဘူး ၊ သွားလာလှုပ်ရှားရပြီဆိုရင် သာမန် ငြိမ်သက်နေခြင်းထက် ပိုပြီး ကြောင့်ကြ
စိုက်ထုတ် လုံ့လပြုပေးရတယ် ၊ ဒါကြောင့် ကိုယ်ဝီရိယအားဖြင့် ပိုပြီး စိုက်ထုတ်ရသလို ၊ လှုပ်ရှားနေတဲ့ ကိုယ်အမူအရာကို လိုက်ပြီး ရှုမှတ်ရလို့
စိတ်ဝီရိယကိုလဲ ပိုပြီး စိုက်ထုတ်ရတဲ့အတွက် ဝီရိယ နှစ်ထပ် ပါလာတတ်တယ် ။ ဒါကြောင့် လုံ့လ ဝီရိယ တွေ ပိုပြီး ပြည့်ဝလာတယ် ။ ပျင်းရိ ဖင့်နွှဲတဲ့
စိတ် , ညစ်ညူးငိုက်မြည်းတဲ့စိတ်တွေ ပြယ်လွင့် သွားရပါတယ် ။
၃ ။ တတိယ အကျိုးကတော့ - ရောဂါကင်းပြီး ကျန်းမာရေးတွေ ကောင်းလာတတ်ခြင်း ဖြစ်တယ် ။
ထိုင်ချည်းပဲ နေမယ်ဆိုရင် ဣရိယာပုထ် မမျှတတော့ သွေး အသွားအလာ လည်ပတ်မှု မကောင်းတဲ့အတွက် ကျန်းမာရေးထိခိုက်ပြီး ရောဂါရတတ်တယ် ။
စင်္ကြံလျှောက်တယ်ဆိုတော့ သွေး လည်ပတ်မှုကောင်းပြီး အကြောအခြင်တွေ တောင့်တင်းမနေဘဲ ကျန်းမာရေးနဲ့ ညီညွတ်စေတယ် ။ ရောဂါတွေကိုလဲ
ကာကွယ်ပေးနိုင်တယ် ။
၎ ။ စတုတ္တ အကျိုးကတော့ - စားထားတဲ့ အစားအစာတွေ မျှမျှတတ ကြေညက်စေခြင်း ဖြစ်တယ် ။
ကိုယ်အမူအရာတွေ လှုပ်ရှားသွားလာရတဲ့အခါ ပါစက တေဇောလို့ ခေါ်တဲ့ အစာချက်လုပ်သော အပူဓာတ်ကို တိုးပွားစေပါတယ် ။ ဒါကြောင့် အစာကို
လျှင်လျှင်မြန်မြန် လွယ်ကူစွာ ကြေညက်စေပါတော့တယ် ။ အစာကြေညက်ရင် အာဟာရတွေ တစ်ကိုယ်လုံးကို ပျံ့ နှံ့ပြီးတော့ အင်အားတွေ ဖြည့်တင်း
သွားနိုင်ပါတယ် ။ အထူးသဖြင့် အိပ်ရာထခါစ နဲ့ စားသောက်ပြီးခါစတွေဆိုရင် စင်္ကြံလျှောက်ဖို့ သိပ်လိုအပ်ပါတယ် ။ အိပ်နေတဲ့ အချိန်က မကြေညက်သေးတဲ့
အစာကို ကြေညက်စေပြီး၊ အိပ်ရာထစ မကြည်မလင်နဲ့ ငိုက်မြည်းမှုတွေကိုလည်း ဖယ်ရှားနိုင်တဲ့အတွက် ချမ်းချမ်းသာသာနဲ့ တရားရှုမှတ်နိုင်ပါတယ် ။
၅ ။ ပဉ္စမ အကျိုးကတော့ - စင်္ကြံလျှောက်ခြင်းဖြင့် ရရှိတဲ့ သမာဓိဟာ ကြာရှည် တည်မြဲခြင်း ဖြစ်တယ် ။
ငြိမ်သက်စွာ တည်ထားတဲ့ ပစ်မှတ် ကို ပစ်ရတာထက်၊ လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ပစ်ရတာက ပိုမိုခက်ခဲလို့၊ ထိမှန်စေချင်ရင် လုံ့လအား၊ စူးစိုက်အား၊ လျင်မြန်အားတွေ
အကုန်သုံးရလို့ မလွယ်လှပါဘူး ။ ဒါပေမယ့် အဲဒီ အလေ့အကျင့် ရသွားရင်တော့ ဘယ်ပစ်မှတ်မဆို လွယ်လွယ်ကူကူနဲ့ ထိမှန်အောင် ပစ်နိုင်သွားပါတယ် ။
ထို့အတူပဲ ထိုင်ပြီး ၊ ရပ်ပြီး ၊ လျောင်းပြီး ရှုမှတ်ရတာထက် ၊ စင်္ကြံလျှောက်ပြီး ရှုမှတ်ရတာက လှုပ်ရှားနေတဲ့ အရှုခံ အာရုံကို လွတ်မသွားအောင် သတိ၊ ဝီရိယဆိုတာတွေ
ပိုစိုက်ထုတ်ရတယ် ။ ဒါကြောင့် စင်္ကြံလျှောက်လို့ သမာဓိ ရလာပြီဆိုရင် အဲဒီသမာဓိက ကြာရှည်တည်တံ့နိုင်အောင် ခိုင်မြဲပါတော့တယ် ။ သမာဓိ တာရှည်တည်တံ့နေလို့
တရားတွေ့မှုလဲ မြန်ဆန်နိုင်ပါတယ် ။
မော်တော်ကားတွေမှာ ကြာရှည်ရပ်ထားရင် ဘက်ထရီအားကုန်သွားပြီး နှိုးရခက်တတ်တယ် ၊ သွးလာနေတဲ့ကားမှာတော့ ဘက်ထရီအားပြည့်နေလို့ ဘယ်အချိန်နှိုးနှိုး
စက်နှိုးရလွယ်ကူစေတယ် ။ ဒီလိုပါပဲ ထိုင်ချည်းပဲ အားထုတ်နေရင် ဝီရိယအားတွေ ဆုတ်သွားလို့ ၊ သတိအားတွေ သမာဓိအားတွေ ဆုတ်ယုတ်သွားတတ်တယ် ။
စင်္ကြံလျှောက်လို့ ရထားတဲ့ သမာဓိကတော့ အားပြည့် အားကောင်းနေလို့ ဘယ်အချိန်ဖြစ်ဖြစ် တရားရှုမှတ်လိုက်တာနဲ့ ရှုဥာဏ် နဲ့ အရှုခံအာရုံတို့ ချိန်သားကိုက်ပြီး
ဝိပဿနာဥာဏ်တွေ ရင့်ကျက်တိုးတက် သွားတတ်ပါတယ် ။
ဒါကြောင့် ဝိပဿနာ ဘာဝနာကို ရှုမှတ်အားထုတ်တဲ့ ယောဂီများအနေဖြင့်သော်လည်းကောင်း၊ သာမန် ကျန်းမာရေး ကောင်းစေလိုသူ ပုဂ္ဂိုလ်တို့အတွက်သော်လည်းကောင်း၊
စင်္ကြံလျှောက်ခြင်း ( ကျဉ်းမြောင်းသည့်နေရာဆိုလျှင် ခေါက်တုံ့ခေါက်ပြန် လျှောက်ခြင်း ) ကို အမြဲတစေ လေ့ကျင့်ပွားများကြရန် တိုက်တွန်းလိုက်ပါတယ် ။
သမာဓိများ ရင့်ကျက်ပြီး လောကီ လောကုတ် နှစ်ဖြာ အကျိုးများ ရရှိနိုင်ကြပါစေ ။

No comments:

Post a Comment